ARSA သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရသော ဟိန္ဒူဘာသာဝင်များအတွက် ဝမ်းနည်းခြင်း အခမ်းအနား ပြုလုပ်

မွတ်ဆလင်လက်နက်ကိုင်အဖွဲ့ (ARSA )၏ သတ်ဖြတ်မှုကြောင့် မောင်တောမြို့နယ်မြောက်ပိုင်း ခမောင်းဆိပ်နှင့် ရဲဘော်ကျကျေးရွာမှ သေဆုံးခဲ့ရသူ ဟိန္ဒူဘာသာဝင်များအတွက် ၈ နှစ်ပြည့် ဝမ်းနည်းဖွယ်အခမ်းအနား တရပ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

By Admin 26 Aug 2025

မောင်တောမြို့နယ်မြောက်ပိုင်းမှ သေဆုံးခဲ့ရသူ ဟိန္ဒူဘာသာဝင်များ၏ ၈ နှစ်ပြည့် ဝမ်းနည်းဖွယ် အခမ်းအနားကို ဩဂုတ် ၂၅ ရက်နေ့က ပြုလုပ်နေစဉ်။ ဓာတ်ပုံ - APM
မောင်တောမြို့နယ်မြောက်ပိုင်းမှ သေဆုံးခဲ့ရသူ ဟိန္ဒူဘာသာဝင်များ၏ ၈ နှစ်ပြည့် ဝမ်းနည်းဖွယ် အခမ်းအနားကို ဩဂုတ် ၂၅ ရက်နေ့က ပြုလုပ်နေစဉ်။ ဓာတ်ပုံ - APM

DMG ၊ ဩဂုတ် ၂၆

မွတ်ဆလင်လက်နက်ကိုင်အဖွဲ့ (ARSA )၏ သတ်ဖြတ်မှုကြောင့် မောင်တောမြို့နယ်မြောက်ပိုင်း ခမောင်းဆိပ်နှင့် ရဲဘော်ကျကျေးရွာမှ သေဆုံးခဲ့ရသူ ဟိန္ဒူဘာသာဝင်များအတွက် ၈ နှစ်ပြည့် ဝမ်းနည်းဖွယ်အခမ်းအနား တရပ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယမန်နေ့ ( (ဩဂုတ် ၂၅) ရက်တွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး မိသားစုဝင်များ၊ ဟိန္ဒူဘာသာရေး အကြီးအကဲများနှင့် ဗုဒ္ဓဘာသာ ဆရာတော်များအပါအဝင် ULA/AA ၏ ဒေသဆိုင်ရာအာဏာပိုင်တို့ စုစုပေါင်း လူဦးရေ ၃၀၀ ခန့် တက်ရောက်ခဲ့ပြီး ဟိန္ဒူဘာသာရေးထုံးဒါန်းနှင့်အညီ ဆုတောင်းမှုများ ပြုလုပ်ခဲ့ကြသည်။

" သေဆုံးသူရဲ့ နာမည်တွေကို ရေးထားတဲ့ အမှတ်တရ ကျောက်တိုင်းနားမှာ ပြုလုပ်ခဲ့တာပါ။ အဓိကတော့ အဲဒီအချိန်တုန်းက ဖြစ်ပျက်ခဲ့တာတွေကို အမှတ်ရနေဖို့နဲ့ သေဆုံးသူတွေအတွက် ဆုတောင်းတာတွေ လုပ်ခဲ့ကြတာလို့ သိရပါတယ် " ဟု မောင်တောဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

၂၀၁၇ ခုနှစ်က ဖြစ်ပွားခဲ့သော ရခိုင်ပဋိပက္ခအတွင်း မောင်တောဒေသရှိ ဟိန္ဒူဘာသာဝင်များမှာ ARSA အဖွဲ့၏ သတ်ဖြတ်မှုကို ခံခဲ့ရပြီး အမျိုးသား၊ အမျိုးသမီး၊ ကလေးငယ်များ အပါအဝင် ဟိန္ဒူ ၁၁၃ ဦး သေဆုံးခဲ့ရသည်။

မောင်တောဒေသ ပဋိပက္ခဖြစ်စဉ်တွင် ဘူးသီးတောင်၊ မောင်တောမှ မွတ်ဆလင်လူမျိုးများအပေါ် မြန်မာစစ်တပ်က အကြမ်းဖက်ကျူးလွန်မှုများအပြင် ယင်းဒေသရှိ ဟိန္ဒူဘာသာဝင်များမှာလည်း ARSA အဖွဲ့၏ အကြမ်းဖက်မှုများကို ခံစားခဲ့ကြရခြင်းဖြစ်သည်။

အကြမ်းဖက်မှုအပြီး ရက်အနည်းငယ်အကြာတွင် ဟိန္ဒူများ၏ ရုပ်အလောင်းများကို အစုလိုက်အပြုံလိုက် မြှုပ်နှံထားသည့် သင်္ချိုင်းလေးခုထဲမှ ရှာဖွေတွေ့ရှိခဲ့ပြီး အချို့မိသားစုဝင်များမှာလည်း ရုပ်အလောင်းကို မတွေ့ဘဲ ယနေ့ တိုင်ရှိနေသည်။

သို့သော်လည်း ဟိန္ဒူဘာသာဝင်များ သတ်ဖြတ်ခံခဲ့ရမှုနှင့် ပတ်သက်၍ နိုင်ငံတကာနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများက မွတ်ဆလင်များ အကြမ်းဖက်ခံရမှုများလောက် အလေးပေးမှုမရှိကြောင်း ဟိန္ဒူများက ပြောသည်။

" လူ့အခွင့်အရေး လှုပ်ရှားသူတွေကို ပြောချင်တာက မျက်နှာကြီးရာ ဟင်းခွက်ပါတာမျိုး မလုပ်ပါနဲ့။ လူ့အခွင့် အရေးလှုပ်ရှားသူတွေအနေနဲ့ လူမျိုးဘာသာ မခွဲခြားဘဲ အကြမ်းဖက်မှုရဲ့ သားကောင်ဖြစ်ခဲ့ရသူတွေ အားလုံးကို ရိုးရိုးသားသား အသိအမှတ်ပြုပေးကြပါလို့ ပြောချင်တယ် " ဟု ရန်ကုန်ရောက် ဟိန္ဒူလူငယ် အမျိုးသမီးတစ်ဦးက ပြောသည်။

ထို့အပြင် ရခိုင်ပဋိပက္ခနှင့် ပတ်သက်လာလျှင် မွတ်ဆလင်များအပေါ် အာရုံစိုက်မှုကို တွေ့မြင်နေရသဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းများ၏ စံနှုန်းများအပေါ် မေးခွန်းထုတ်စရာ ဖြစ်နေကြောင်း ၎င်းအမျိုးသမီးက ဆက်ပြောသည်။

ပဋိပက္ခအတွင်း မတူညီသော လူမျိုးစုများအားလုံး ထိခိုက်ခဲ့သော်လည်း တစ်ဖက်ကိုသာ နိုင်ငံတကာက အထူးအလေးပေးနေခြင်းသည် တရားမျှတမှုအပေါ် မေးခွန်းထုတ်စရာ ဖြစ်စေပြီး ပဋိပက္ခ၏ အမှန်တရားကို အပြည့်အဝ မြင်နိုင်ရန် ခက်ခဲစေကြောင်း ရခိုင်ဒေသခံများက ပြောဆိုထားသည်။

" ရခိုင်ပြည်မှာက ဟိန္ဒူတွေ မြို့နယ်တိုင်းမှာ ရှိကြတယ်။ သူတို့ဟာ ရခိုင်တွေနဲ့အတူ အေးချမ်းစွာ နေထိုင်စားသောက်ကြတယ်။ ဘာပြဿနာမှ မရှိခဲ့ဘူး။ ဒါကို ARSA က အကြောင်းမရှိ သတ်ဖြတ်လိုက်တာ။ သူတို့အတွက် တရားမျှတမှုရရှိရေး ဖော်ထုတ်ပေးဖို့ အပိုင်းမှာ အားနည်းနေကြတယ် " ဟု ရခိုင်နိုင်ငံရေး လေ့လာနေသူ ရသေ့တောင်ဒေသခံတစ်ဦးက ဆိုသည်။

ထိုဟိန္ဒူလူမျိုးများကို အစုလိုက်အပြုံလိုက် လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ခဲ့သူမှာ ARSA တပ်ဖွဲ့ဝင်များ ဖြစ်သဖြင့် ခေါင်းဆောင်များနှင့် ကျူးလွန်သူများကိုလည်း နိုင်ငံတကာ တရားခုံရုံးများတွင် တရားစွဲဆိုသင့်ကြောင့် ထောက်ပြနေကြသည်။

ပြီးခဲ့သည့် ၂၀၁၇ ဩဂုတ် ၂၅ ရက်က ARSA အကြမ်းဖက် မွတ်ဆလင်များသည် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်က နယ်ခြားစောင့်တပ်စခန်း ၃၀ ကျော်ကို အငိုက်လိုက် ဝင်တိုက်ခဲ့ပြီးနောက် မြန်မာစစ်တပ်က နယ်မြေရှင်းလင်းရေး တန်ပြန်စစ်ဆင်ရေးလုပ်ခဲ့သည်။

ယင်းဖြစ်စဉ်အတွင် ARSA မွတ်ဆလင်လက်နက်ကိုင်များသည် မောင်တောဒေသရှိ ဟိန္ဒူဘာသာဝင်များ နေထိုင်ရာ ကျေးရွာများ၊ မြို၊ ဒိုင်းနက်စသည့် မျိုးနွယ်စုတွင် ဒေသခံများကို အစုအလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားခဲ့ကြသည်။