စစ်ဘေးရှောင်ဦးရေထပ်တိုးလာသဖြင့် အမ်းမြို့ပေါ်စစ်ဘေးရှောင်စခန်းတွင် စားနပ်ရိက္ခာအရေးပေါ်လိုအပ်

ရခိုင်ပြည်နယ်၊ အမ်းမြို့ပေါ်ရှိ အစိုးရကဆောက်ပေးထားသော စစ်ဘေးရှောင်စခန်းနှစ်ခုတွင် စစ်ဘေးရှောင်များ ထပ်တိုးရောက်ရှိလာသဖြင့် စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေကြောင်း စခန်းတာဝန်ရှိသူများထံမှ သိရသည်။

By ဝင်းညွန့် 02 Jul 2020

ဒါးလက်အုပ်စုမှ အမ်းမြို့ပေါ်သို့ စစ်ဘေးရှောင်လာကြသည့် ကျေးရွာသားများကို ယနေ့ နံနက်ပိုင်းက တွေ့ရစဉ်။ (ဓာတ်ပုံ - ကိုစိုးသိန်း-အမ်း)

ဝင်းညွန့် | DMG
ဇူလိုင် ၂ ၊ စစ်တွေ

ရခိုင်ပြည်နယ်၊ အမ်းမြို့ပေါ်ရှိ အစိုးရကဆောက်ပေးထားသော စစ်ဘေးရှောင်စခန်းနှစ်ခုတွင် စစ်ဘေးရှောင်များ ထပ်တိုးရောက်ရှိလာသဖြင့် စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေကြောင်း စခန်းတာဝန်ရှိသူများထံမှ သိရသည်။

အဆိုပါမြို့နယ် ဒါးလက်ချောင်းအုပ်စုအတွင်းရှိ ကျေးရွာများမှ ဒေသခံတို့မှာ မြို့ပေါ်ရှိ အမှတ်(၁)စစ်ဘေးရှောင် စခန်းနှင့် အမှတ်(၂)စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံလာကြ၍ ယခင်ထက် လူဦးရေများလာကာ စားနပ်ရိက္ခာ လိုအပ်လျက်ရှိနေကြောင်း စစ်ဘေးရှောင်များကို ကူညီပေးနေသူ ကိုစိုးသိန်းက DMG သို့ ပြောသည်။

“အဲဒီ ဒါးလက်ချောင်းအုပ်စုမှာ နယ်မြေရှင်းလင်းရေးလုပ်မယ်လို့ ပြောသံကြားတော့ ကျေးရွာသားတွေ အကုန်လုံး ထွက်ပြေးလာကြတယ်။ သူတို့ကိုထားမယ့်နေရာလည်း မဆံ့တော့သလို စားနပ်ရိက္ခာတွေလည်း ပြတ်နေပြီ”ဟု ၎င်းကဆိုသည်။

ဒါးလက်ချောင်းအုပ်စုအတွင်းမှ ကျေးရွာသားများမှာ စားနပ်ရိက္ခာပြတ်လပ်မှု၊ တိုက်ပွဲဖြစ်ပွားမှု၊ လက်နက်ကြီး ကျရောက်မှုများကြောင့် ဇွန်လအတွင်းက တစ်ဖြည်းဖြည်း အမ်းမြို့ပေါ်သို့ လာရောက်ခိုလှုံလာကြခြင်းဖြစ်သည်။

၎င်းတို့မှာ နေရပ်သို့ပြန်လိုကြသော်လည်း တိုက်ပွဲဆက်ဖြစ်မည်ကိုစိုးရိမ်၍ နေရပ်မပြန်ရဲကြကြောင်း ဒါးလက်ချောင်းအုပ်စု၊ ဂျိတ်ချောင်းကျေးရွာမှ ကိုသန်းထိုက်စိုးက ပြောသည်။

“ကျွန်တော်တို့ ကိုယ့်ရွာကိုပြန်သွားချင်တယ်။ ဒါပေမဲ့ လက်နက်သံတွေ၊ လက်နက်ကြီးအသံတွေ နေ့တိုင်းကြား နေရတယ်။ တိုက်ပွဲလည်း နေတိုင်းဖြစ်နေတော့ မသွားရဲဘူး” ဟု ၎င်းကဆိုသည်။

အမ်းမြို့ပေါ်၌ အစိုးရကဆောက်လုပ်ပေးထားသော စစ်ဘေးရှောင်စခန်း(၂)နှစ်မှာ စစ်ဘေးရှောင်ဦးရေ ၁၅၀၀ ခန့် ရှိလာနေပြီး စားဝတ်နေရေးနှင့် နေရာထိုင်ခင်းအခက်အခဲများ ရှိနေကြသည်။

အလားတူ ရသေ့တောင်မြို့နယ်အတွင်းမှ ဒေသခံများမှာလည်း တိုက်ပွဲဖြစ်ပွားမှုများနှင့် နယ်မြေရှင်းလင်းရေး လုပ်မည်ဆိုသည့် သတင်းစကားကြောင့် ကြောက်လန့်ပြီး ရသေ့တောင်မြို့ပေါ်၊ စစ်တွေမြို့ပေါ်နှင့် အခြား မြို့နယ်များသို့ လူဦးရေနှစ်သောင်းနီးပါး ယခုရက်သတ္တပတ်အတွင်း ထွက်ပြေးလျက်ရှိနေသည်။

ရခိုင်ပြည်နယ်တွင် (၂)နှစ်နီးပါးကြာမြင့်လာနေသည့် တိုက်ပွဲကြောင့် စစ်ဘေးရှောင်ဦးရေ ၂ သိန်းနီးပါးခန့် ရှိလာနေကြောင်း အရပ်ဖက်အဖွဲ့အစည်းများမှခန့်မှန်းထားကြပြီး စစ်ဘေးရှောင်စခန်းများတွင် နေရာ ထိုင်ခင်းနှင့် အစားအသောက်အပြင် ကျန်းမာရေး၊ ပညာရေးကဏ္ဍများတွင်လည်း လိုအပ်ချက်များရှိနေသည်။

ဗီဒီယိုများ