စစ်ပွဲဇာတ်ကြောင်းကို အသစ်ပြန်ရေးနေသည့် ညီနောင်မဟာမိတ်

By Admin 14 Nov 2023

ဓာတ်ပုံ - မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့ဝင်များ။
ဓာတ်ပုံ - မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့ဝင်များ။

■ စောသန္တာအေး ဘာသာပြန်သည်။

ရှမ်းပြည်မြောက်ပိုင်းတွင် ၁၀၂၇ စစ်ဆင်ရေးအမည်ဖြင့် စတင်ခဲ့သည့် အံ့သြမှင်သက်ဖွယ်ရာ လျှပ်တပြက်ထိုးစစ်သည် သီတင်းနှစ်ပတ်ကျော် ကြာလာပြီဖြစ်သည်။ ဤထိုးစစ်ကြီးသည် မြန်မာ့ပြည်တွင်းစစ်သမိုင်းတွင် ဆယ်စုနှစ်ပေါင်းများစွာအတွင်း ရဲဝံ့စွန့်စားမှု အကြီးမားဆုံး လက်နက်ကိုင်တိုက်ပွဲလည်း ဖြစ်နိုင်ပေသည်။

အောက်တိုဘာလ ၂၇ ရက်နေ့ အစောပိုင်းတွင် တိုင်းရင်းသားလက်နက်ကိုင် ပူးပေါင်းတပ်ဖွဲ့များနှင့်အတူ မဟာမိတ်တပ်အချို့သည် တရုတ်နယ်စပ် တစ်လျှောက်ရှိ မြန်မာစစ်တပ်စခန်းများကို ဝင်တိုက်ခဲ့ကြသည်။ ၎င်းနှင့်တစ်ချိန်တည်း၌ မန္တလေး၊ လားရှိုးနှင့် မူဆယ်တို့ကို ဆက်သွယ်ထားသည့် ပင်မ အဝေးပြေးလမ်းမကြီး တစ်လျှောက်ရှိ မြန်မာစစ်တပ်စခန်းများကိုပါ ဝင်တိုက်ခဲ့ကြသည်။

အရေးပါသည့် နယ်စပ်မြို့များဖြစ်သော ချင်းရွှေဟော်နှင့် မုန်းကိုးမြို့များကို စစ်တပ်နှင့် ရဲစခန်း ၈၀ ကျော်နှင့်အတူ သိမ်းယူခဲ့သည်။ ထိုအချိန်မှစ၍ လက်နက်ခဲယမ်း အမြောက်အများနှင့်အတူ စစ်တပ်စခန်း ၁၂၀ ကျော်ကို လက်နက်ကိုင်တပ်ဖွဲ့များက ချေမှုန်းခဲ့သည်။ ၎င်းတို့ သိမ်းပိုက်ရရှိသော လက်နက်များတွင် ရဟတ်ယာဉ်များနှင့် တိုက်လေယာဉ်များကို တန်ပြန်ပစ်ခတ်နိုင်သည့် 14.5 စက်သေနတ်အကြီးစားများလည်း ပါဝင်သည်။

ယခုစစ်ဆင်ရေးတွင် ကိုးကန့်၊ အေအေနှင့် တအာန်းသုံးဖွဲ့ ပေါင်းထားသည့် ညီနောင်မဟာမိတ် သုံးဖွဲ့နှင့်အတူ ဗမာပြည်လွတ်မြောက်ရေးတပ်တော် (BPLA)၊ ပြည်သူ့လွတ်မြောက်ရေးတပ် (PLA) နှင့် မန္တလေး ပြည်သူ့ကာကွယ်ရေးတပ် (MNDF) တို့ပါ ပူးပေါင်းပါဝင်သည်။

ရွေ့လျားလှုပ်ရှားသည့် အစိတ်အပိုင်းများ၊ စီစဉ်သူများနှင့် စီမံခန့်ခွဲရေးပိုင်း စိန်ခေါ်မှုများလည်း အများအပြား ပါဝင်သည့် ယခုစစ်ဆင်ရေးသည် စစ်ကောင်စီနှင့် လက်နက်ကိုင်တပ်များအကြား အဆင့်တူ တိုက်ပွဲပုံစံ ဖြစ်သွားသကဲ့သို့ စိတ်ဓာတ်စစ်ဆင်ရေးပိုင်းအရလည်း စစ်ကောင်စီအပေါ် အောင်ပွဲရလိုက်ခြင်း ဖြစ်သည်။

စစ်ဆင်ရေး ဆင်နွှဲရသည့် အကြောင်းရင်းများကို ညီနောင်မဟာမိတ် သုံးဖွဲ့က အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာဖြင့် ထုတ်ပြန်ခဲ့သည်။

“ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်များကို ကာကွယ်နိုင်ရေး၊ မိမိကိုယ်မိမိ ခုခံကာကွယ်နိုင်ရေး၊ မိမိတို့ဒေသကို မိမိတို့ ယခုထက် ပိုမိုထိန်းချုပ်နိုင်ရေး၊ မိမိတို့ အဖွဲ့အစည်းများအပေါ် စစ်ကောင်စီမှ လေကြောင်း လက်နက်ကြီးများဖြင့် နေ့၊ည အချိန်မရွေး ပစ်ခတ်တိုက်ခိုက်နေမှုများအပေါ် ဟန့်တားမှု ရရှိနိုင်ရေး၊ မြန်မာပြည်သူတစ်ရပ်လုံး၏ လိုလားချက်ဖြစ်သော စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေး၊ …မြန်မာနိုင်ငံအတွင်း ကျယ်ပြန့်လာသည့် အွန်လိုင်းလောင်းကစား လိမ်လည်မှု ပပျောက်ရေး” တို့အတွက် ဆင်နွှဲရခြင်းဟု ကြေညာချက်တွင် ဖော်ပြထားသည်။

ယခုကဲ့သို့ ဘက်ပေါင်းစုံစစ်ဆင်ရေးအား အတိအကျပုံဖော်ရန်မှာ စောလွန်းသေးသည်။ မြန်မာစစ်တပ်သည် တိုက်ပွဲဖြစ်ပွားရာ ဒေသများသို့ အကူအညီများ ပေးပို့နေဆဲ ဖြစ်သလို TNLA နှင့် MPDF တို့ကလည်း မန္တလေးတိုင်းအနီးရှိ ကျောက်မဲမြို့ ပတ်ဝန်းကျင် လမ်းမကြီးတလျှောက်တွင် စစ်ကူများကို ချုံခိုတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည်။ မဟာမိတ်တပ်များအား မြန်မာစစ်တပ်က လေကြောင်း၊ လက်နက်ကြီးနှင့် အတွဲလိုက်ပစ်ဒုံး (MLRS) များ အကြီးအကျယ်သုံးကာ တိုက်ခိုက်နေသော်လည်း တကယ်တမ်းတွင် ခြေလျင်တပ်များဖြင့်သာ မြေပြင်ကို ပြန်လည်စိုးမိုးနိုင်မည် ဖြစ်သည်။

ဆုံးရှုံးသွားသည့် တပ်စခန်း ၁၀၀ ကျော်ကို မြန်မာစစ်တပ်က ပြန်သိမ်းနိုင်မည်လား၊ ၁၀၂၇ စစ်ဆင်ရေးမစမီက ရှိခဲ့သည်ဟု ယူဆရသည့် အဆိုပါစခန်းများကကော စစ်တပ်အတွက် အရေးပါဦးမည်လား ဆိုသည့် မေးခွန်းများလည်း ရှိနေသည်။ ကရင်နီနှင့် ကရင်ပြည်နယ်များရှိ တော်လှန်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုများ၊ NUG လက်အောက်ခံ PDF များက ကောလင်းမြို့ကို သိမ်းပိုက်မှုအပါအဝင် စစ်ကိုင်းတိုင်းရှိ တိုက်ခိုက်မှုများကလည်း စစ်ကောင်စီ၏ တိုက်ပွဲသတင်းဆိုးများကို အားဖြည့်လျက်ရှိသည်။

၁၀၂၇ အတွက် တစ်ဖက်သတ် ရှင်းလင်းချက်များကိုသာ နားထောင်နေမည်ဆိုပါက အဓိပ္ပာယ် တလွဲထွက်နိုင်သည်။ ဤစစ်ဆင်ရေးသည် နိုင်ငံခြားသားလူမိုက်များ စိုးမိုးနေသည့် ရာဇဝတ်ဂိုဏ်းများကို ရှင်းလင်းကာ တရုတ်ကို မျက်နှာချိုသွေးရုံသက်သက် မဟုတ်ပေ။ နယ်စပ်ရှိ လောင်းကစားရုံများကို ထိန်းချုပ်နိုင်ရေး ကြိုးပမ်းမှုသက်သက် မဟုတ်ပေ။

၁၄ နှစ်ကြာရှည်ခဲ့ပြီဖြစ်သည့် ပဋိပက္ခ၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် မဟာရန်သူကို တိုက်ခိုက်ရုံမျှလည်း မဟုတ်သလို တစ်နိုင်ငံလုံးနှင့် တိုက်ပွဲရင်ဆိုင်နေရသည့် စစ်ကောင်စီ၏ အားနည်းချက်ကို အခွင့်ကောင်းယူကာ တိုက်ပွဲဖော်ခြင်းမျှလည်း မဟုတ်ပေ။

ဤစစ်ဆင်ရေးသည် NUG အစိုးရကို ထောက်ခံအားပေးပြီး NUG က ကိုယ်စားပြုသည်ဆိုသော အာဏာရှင်ဆန့်ကျင်သည့် ‘နွေဦးတော်လှန်ရေး’ ကို ပံ့ပိုးရန်ဆိုသည့် ရည်ရွယ်ချက် မဟုတ်သည်ကတော့ ထင်ရှားပါသည်။ ၁၀၂၇ ၏ ရည်ရွယ်ချက်သည် ဆိုခဲ့ပါအချက်များ အားလုံးအပြင် ထိုထက်အများကြီး ပိုရှိနေပါသည်။

ညီနောင်မဟာမိတ် သုံးဖွဲ့သည် ခြေလျင်တပ်ရင်း ခလရ-၁၄၃ တစ်ရင်းလုံး ကွမ်လုံတွင် လက်နက်ချခဲ့ပြီးနောက် အောက်တိုဘာလ ၃၁ ရက်နေ့တွင် နောက်ထပ် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။ ဗမာစစ်တပ်၊ နယ်ခြားစောင့်တပ်၊ ပြည်သူ့စစ်တပ်များ အနေဖြင့် လက်နက်ချကြရန် အဆိုပါ ကြေညာချက်၌ တိုက်တွန်းထားသည်။

မြန်မာစစ်ကောင်စီသည် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကာလုံအစည်းအဝေး ခေါ်ယူခဲ့ကာ စစ်ကောင်စီဥက္ကဌနှင့် စစ်ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မခံချိမခံသာ ပြောကြားမှုများရှိခဲ့သလို ရှိသမျှအပြစ်ကို ထုံးစံအတိုင်း MNDAA အပေါ် ပုံချခဲ့သည်။ MNDAA သည် မူးယစ်ဆေး ရောင်းဝယ်ဖောက်ကားမှု၊ နယ်စပ်မြို့ လောက်ကိုင်နှင့် ၎င်းရှိ ဟိုတယ် ၁၅၃ လုံးကို ထိန်းချုပ်လို၍ ယခုကဲ့သို့ စစ်ဆင်ရေး ဆင်နွှဲခြင်းဟု စစ်ကောင်စီက ဆိုသည်။

MNDAA သည် ယခုစစ်ပွဲအတွက် ‘ဝ’ပြည်နယ်တွင် ပြင်ဆင်မှုများ ပြုလုပ်ခဲ့သလို ၎င်း၏ အဓိက အင်အားကို ချင်းရွှေဟော်ကို တိုက်ခိုက်ရန် အသုံးပြုခဲ့သည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။ MNDAA သည် အောက်တိုဘာလ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် နမ့်တစ်ချောင်းကို ဖြတ်ပြီး အင်အားအများအပြားဖြင့် ချင်းရွှေဟော်ကို တိုက်ခိုက်ခဲ့သလို ဒရုန်အမြောက်အများသုံးကာ ဗုံးကြဲခဲ့သည်ဟုလည်း သူက ဆိုသည်။ TNLA သည် သိန္နီသို့ သွားရာလမ်းတလျှောက်ရှိ ဆက်သွယ်ရေး လမ်းကြောင်းများကို ဖြတ်တောက်ခဲ့ပြီး လားရှိုးကိုလည်း ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကာ နောင်ချိုမြို့နီးရှိ မန္တလေး-လားရှိုး ဆက်သွယ်ရေးလိုင်းများကိုလည်း နှောင့်ယှက်ခဲ့သည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

ဤအချက်များသည် ထိပ်တန်းခေါင်းဆောင်အဆင့်က အံ့သြဖွယ် ဝန်ခံထားသည့် စစ်ထောက်လှမ်းရေး ကျရှုံးမှုနှင့် နည်းဗျူဟာပိုင်း စွမ်းရည်ညံ့ဖျင်းမှုတို့ ဖြစ်သည်။ အစည်းအဝေးအဆုံးတွင် ပြောကြားသည့် အောက်ပါစကားမှာ လူပြောသူပြော အများဆုံး မှတ်ချက် ဖြစ်ပါလိမ့်မည်။

“နယ်စပ်ဒေသတွင် ဖြစ်ပျက်နေသည်များကို အစိုးရက ထိထိရောက်ရောက် စီမံခန့်ခွဲမှု မလုပ်လျှင် နိုင်ငံသည် တစစီပြိုကွဲသွားလိမ့်မည်ဟု သမ္မတဦးမြင့်ဆွေက ပြောကြားသည်။”

ထိုအတွက်ကတော့ အလွန်ပင် နောက်ကျသွားပါပြီ။ ဆိုခဲ့ပါပြောစကားအရ သေချာနေသည်မှာ မင်းအောင်လှိုင် တာဝန်ယူရမည့်အပိုင်း၏ ကျရှုံးမှုပင် ဖြစ်သည်။ MNDAA နှင့် အပစ်ရပ်သဘောတူညီချက်ကို ချိုးဖောက်ပြီး ၂၀၀၉ ခုနှစ်တွင် ခေါင်းဆောင် ဖုန်းကြားရှင်ကို ဆန့်ကျင်တိုက်ခိုက်ရန် စစ်ဆင်ရေးဆင်နွှဲဖို့ ညွှန်ကြားခဲ့သည်မှာ သူကိုယ်တိုင်ပင် ဖြစ်သည်။ MNDAA သည် နောက်ပိုင်းတွင် ပြန်လည်စုစည်းခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် မြန်မာစစ်တပ်နှင့် တကျော့ပြန်တိုက်ပွဲများ ဆင်နွှဲခဲ့ပြီး စစ်တပ်ဘက်မှ တပ်ဖွဲ့ဝင် ရာပေါင်းများစွာ ကျဆုံးခဲ့သည်။

ထိုအချိန်မှစတင်၍ နောက်ပိုင်းကာလများတွင် မြန်မာစစ်တပ်နှင့် ညီနောင်သုံးဖော်တို့အကြား တိုက်ပွဲများ မကြာခဏဆိုသလို ဖြစ်ပွားလာခဲ့သည်။ လွန်ခဲ့သော ၁၄ နှစ်က လက်နက်ကိုင်များကို တိုက်ခိုက်သည့် စစ်ဆင်ရေးအား ဆင်နွှဲခဲ့ခြင်း၏ နောက်ဆုံးရလဒ်မှာ ဆိုခဲ့ပါ ညီနောင်သုံးဖော်အဖွဲ့ဝင် လက်နက်ကိုင်သုံးဖွဲ့တို့ သိသိသာသာ အင်အားကြီးထွားလာခြင်းသာ ဖြစ်တော့သည်။ အဆိုပါသုံးဖွဲ့သည် မြန်မာနိုင်ငံတစ်ဝန်းရှိ နေရာအများအပြားတွင် ကျွမ်းကျင်လိမ္မာစွာ လှုပ်ရှားနေသလို အာဏာသိမ်းမှု နောက်ပိုင်းမှ ထွက်ပေါ်လာသည့် BPLA ၊ PLA နှင့် MPDF ကဲ့သို့ လက်နက်ကိုင်တပ်များကိုလည်း ပြုစုပျိုးထောင်ပေးလျက်ရှိရာ မြန်မာစစ်တပ်၏ ညံ့ဖျင်းမှုကြောင့်သာ ဤသို့ ရလဒ်များ ထွက်လာခြင်း ဖြစ်လေသည်။

ပြီးခဲ့သော ဇွန်လအစောပိုင်းက စစ်ကောင်စီ၏ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုဌာန (NSPNC) နှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် တရုတ်နယ်စပ်ရှိ မိုင်းလားဒေသသို့ သွားရောက်ခဲ့ရသည်မှာ ညီနောင်သုံးဖော်အတွက် ရယ်ရွှင်ဖွယ်ရာ ဖြစ်ခဲ့လိမ့်မည်။ အဆိုပါတွေ့ဆုံမှု၌ ပြည်ထောင်စု ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတူတကွ ပူးပေါင်းဆောင်ရွက်ရေး၊ လက်နက်ကိုင်အဖွဲ့များနှင့် ယုံကြည်မှု တည်ဆောက်ရေးကိစ္စများကို ရင်းနှီးဖော်ရွေစွာ ဆွေးနွေးခဲ့သည်ဟု စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။

အပတ်တကုတ် ကြိုးစားထားသည့် ၁၀၂၇ အစီအစဉ်သည် ထိုအချိန်၌ အများကြီး ခရီးရောက်နေလောက်ပြီ ဖြစ်သည်။ ဆွေးနွေးပွဲများ တက်ရောက်မှုသည် မုန်းစရာကောင်းသည့် စီးပွားရေးပြိုင်ဘက်နှင့် အသက်မပါဘဲ စကားပြောကြသည့်နှယ်သာ ရှိနေခဲ့သလို ကိုယ့်ကိုယ်ကိုယ် လိမ်ညာနေကြသည့် အနောက်သံတမန်များသာ ယုံကြပေလိမ့်မည်။ ၁၀၂၇ စစ်ဆင်ရေးက လက်ရှိအချိန်၌ ဂုဏ်သိက္ခာတစ်စက်မှ မကျန်တော့သည့် အာဏာသိမ်းမှုအလွန် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အား နောက်ဆုံးပိတ် မောင်းထုတ်လိုက်ခြင်း ဖြစ်လေသည်။

EAO အဖွဲ့ငယ်များနှင့် စစ်ကောင်စီအကြား ညှိနှိုင်းဆွေးနွေးမှုများ ထွက်ပေါ်လာရန်အတွက် ဆွစ်ဇာလန်နှင့် ဖင်လန်နိုင်ငံတို့၏ ခြေပုန်းခုတ် စီစဉ်ဆောင်ရွက်ခဲ့မှုများမှာ နိဋ္ဌိတံကိန်း ကြုံနေရပြီဖြစ်သည်။ အထူးသဖြင့် လူသားချင်းစာနာမှု အကူအညီများ ဖြန့်ဝေရာတွင် ကူညီပေးမည့် ကြားခံအဖြစ် အသုံးပြုရန်အတွက် ယုံစရာ လုံးလုံးမရှိတော့သည့် အပစ်အခတ်ရပ်စဲရေး စောင့်ကြည့်ရေး ပူးတွဲကော်မတီ (JMC) ကို ပြန်အလောင်းဖော်နေသည့် ဆွစ်ဇာလန်အတွက်လည်း ဖြစ်သည်။

NUG က ဤကြိုးပမ်းမှုများကို တရားမဝင်ကြောင်း ပြောဆို ရှုတ်ချထားသည်။ “ဤလုပ်ရပ်များသည် စစ်အာဏာရှင် အုပ်စိုးမှုကို တာရှည်အောင် ရည်ရွယ်ဆောင်ရွက်ချက်များသာ ဖြစ်သဖြင့် ၎င်းတို့ကို အသိအမှတ် မပြုသလို လက်လည်း ခံမည်မဟုတ်” ဟု NUG က မှန်မှန်ကန်ကန်ပင် ရှုတ်ချထားသည်။

၁၀၂၇ စစ်ဆင်ရေး၏ ရလဒ်တစ်ခု ဖြစ်သည့် လူသားချင်းစာနာမှု အကူအညီ လိုအပ်ချက် အကျပ်အတည်းကိုတော့ ဖြေရှင်းရမည် ဖြစ်သည်။ အရပ်သား ၃ သောင်း၊၄ သောင်းခန့်သည် ဒေသအများအပြားတွင် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသလို အရေအတွက် မသိရသည့် အသတ်ဖြတ်ခံရသူများလည်း ရှိနေသည်။

နိုင်ငံတကာ ကူညီကယ်ဆယ်ရေး အလှူရှင်များ အနေဖြင့် လားရှိုးအပြင် တအာန်း၊ ရှမ်း အပါအဝင် ဘာသာရေး ယုံကြည်ချက် အခြေပြု အုပ်စုများရှိ ကယ်ဆယ်ရေး ဝန်ထမ်းများထံသို့ ငွေသားလွှဲပြောင်းမှုများ တိုးမြှင့် ဆောင်ရွက်ခြင်းဖြင့် တုံ့ပြန်သင့်သည်။ ဒေသခံ အရပ်ဘက် အဖွဲ့အစည်းများအား ကူညီထောက်ပံ့ခြင်း မပြုလုပ်ဘဲ အရေးပေါ် အကူအညီများ ဖြန့်ဝေရေးအတွက် JMC တွင်ပါရှိသည့် ကတိကဝတ်များကို အသုံးချခြင်းသည် လူသားချင်းစာနာမှု စည်းမျှဉ်းစည်းကမ်းများကို စော်ကားခြင်းသာမကပေ။ အခြေခံ လူမှုရေးကျင့်ဝတ်ကိုပါ စော်ကားခြင်းဖြစ်သည်။

လတ်တလော တိုက်ပွဲများကို ကြည့်ရလျှင် ဆိုခဲ့ပါ ပြည်ပနိုင်ငံများက စစ်ကောင်စီအတွက် ငြိမ်းချမ်းရေးပွဲစား ဝင်လုပ်ရန် ကြိုးပမ်းမှုများသည် အာဏာရှင်စနစ် ပိုအားကောင်းအောင် မီးထိုးပေးရန်အတွက် ကြားနေရေးမူကို စွန့်ပယ်ခြင်းမျှသာ ဖြစ်နေပေသည်။

လက်ရှိအခြေအနေကို အရှိအတိုင်း ရိုးရှင်းစွာ စောင့်ကြည့်နေသူများအား  စစ်ကောင်စီ၏ အခန်းကဏ္ဍ ပြီးဆုံးသွားပြီ ဆိုသည့် အချက်ကို ညီနောင်မဟာမိတ်နှင့် ၎င်းတို့၏ လက်တွဲဖော်များသည် လက်တွေ့ကျသည့် အထောက်အထားဖြင့် ပြဇာတ်ဆန်ဆန် မီးမောင်းထိုးပြလိုက်ပြီဖြစ်သည်။ ဇာတ်သိမ်းပိုင်းမှာ မရေရာသေးသော်လည်း အန္တိမအောင်ပွဲကို ကဏ္ဍသစ်ဖွင့်လိုက်သည့် လက်နက်ကိုင် အုပ်စုများသည် NUG လက်အောက်မှ အဖွဲ့အစည်းများတော့ မဟုတ်ကြပေ။ အနာဂတ်တွင် ရှိလာနိုင်သည့် မည်ကဲ့သို့သော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မျိုးမဆိုသည် ဤအချက်ကို ထည့်သွင်းတွက်ချက်ရမည် ဖြစ်သည်။ ထိုလက်နက်ကိုင် အုပ်စုများအတွက် အစီအစဉ်များကိုလည်း ယခုတည်းကပင် အထူးအလေးထား စတင်ရတော့မည် ဖြစ်သည်။

မည်ကဲ့သို့သော စစ်ရေးစီမံခန့်ခွဲမှု ရှုထောင့်မှု ကြည့်သည်ဖြစ်စေ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုကား မြန်မာစစ်တပ်သမိုင်းတွင် အညံ့ဖျင်းဆုံး စစ်ဦးစီးချုပ်အဖြစ် ရှုမြင်ကြရတော့မည် ဖြစ်သည်။ သူ့အနေဖြင့် နောက်လိုက်များရှေ့တွင် စိတ်ကြိုက်အရှည်ရစ်၍ လေပစ်နိုင်သည်။ လူများစုအတွက်ကတော့ ၁၀၂၇ စစ်ဆင်ရေး မုန်တိုင်းသည် စစ်ကောင်စီ၏ စံအိမ်တော်အား ဝင်မွှေနေပြီ ဆိုသည်ကို ရှင်းရှင်းလင်းလင်း မြင်နေရပြီဖြစ်လေသည်။

■ David Scott Mathieson ၏ Brotherhood Alliance rewriting Myanmar’s war narrative ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ပါသည်။

ဗီဒီယိုများ