ရခိုင်က စစ်‌ဘေးဒုက္ခသည်များအတွက် ဘင်္ဂလားဒေရှ့်ဒုက္ခသည်စခန်းမှ မွတ်ဆလင်ကျောင်းသားများက ငွေကျပ်ငါးသိန်းလှူဒါန်း

ရခိုင်ပြည်နယ်အတွင်းက စစ်ဘေးဒုက္ခသည်များအတွက် ဘင်္ဂလားဒေရှ့်ဒုက္ခသည်စခန်းရှ် မွတ်ဆလင် ကျောင်းသားများမှ ငွေကျပ် ၅ သိန်းအား လှူဒါန်းခဲ့ကြောင်း သိရသည်။

By အောင်ထိန် 30 Sep 2020

အောင်ထိန် | DMG
စက်တင်ဘာ ၃၀ ၊ စစ်တွေ

ရခိုင်ပြည်နယ်အတွင်းက စစ်ဘေးဒုက္ခသည်များအတွက် ဘင်္ဂလားဒေရှ့်ဒုက္ခသည်စခန်းရှ် မွတ်ဆလင် ကျောင်းသားများမှ ငွေကျပ် ၅ သိန်းအားလှူဒါန်းခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့လည်းတစ်ချိန်က လမ်းဘေးမှာအိပ်ပြီးစားနေခဲ့ရတယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့ကို လူမျိုး မရွေး၊ ဘာသာမရွေး လူလူချင်းအမြင်နဲ့ ကျွန်တော်တို့ကိုလှူဒါန်းခဲ့တာတွေရှိတယ်။ အခုရခိုင်ပြည်မှာ စစ်ဖြစ်နေ တာကြောင့် စစ်ဘေးဒုက္ခသည်တွေဖြစ်နေကြရတယ်။ အဲဒါကြောင့် ကျွန်တော်တို့ဘင်္ဂလားဒေရှ့်ရောက် ဒုက္ခသည်တွေက လှူဒါန်းရတာဖြစ်ပါတယ်” ဟု မွတ်ဆလင်ကျောင်းသားတစ်ဦးဖြစ်သည့် ကာမာလ်က ပြောသည်။

ယခုလှူဒါန်းလိုက်သည့်ငွေများအား ရခိုင်ပြည်ကျောင်းသားသမဂ္ဂမှသို့ တစ်ဆင့်လွှဲပြောင်းပေးအပ်ထားပြီး အဆိုပါငွေဖြင့် ဆန်၊ ဆီ၊ ဆား၊ ငရုပ် စသည့် စားသောက်ကုန်ပစ္စည်များဝယ်ယူ လှူဒါန်းရန်အတွက်ဖြစ်ကြောင်း မွတ်ဆလင်ကျောင်းသားများထံမှ သိရသည်။

ယင်းသို့ မွတ်ဆလင်ကျောင်းသားများမှ လှူဒါန်းသည့်ငွေများအား ရခိုင်ပြည်နယ်အတွင်းရှိ ဒုက္ခသည်များအား စားဝတ်နေရေး၊ ကျန်းမာရေး စသည့်လိုအပ်သည့်နေရာများတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း ရခိုင်ပြည် ကျောင်းသားသမဂ္ဂမှ ပြန်ကြားရေးတာဝန်ခံ ကိုကျော်နိုင်ဌေးက ပြောသည်။

“အခုလိုမျိုး ရခိုင်ပြည်မှာ လူတိုင်းလိုလို ဘာသာမရွေး၊ လူမျိုးမရွေး ဒုက္ခရောက်နေချိန်မှာ အပြန်အလှန်ဝိုင်းဝန်း ကူညီပေးတာကြောင့် ဝမ်းသာတယ်။ ကျေးဇူးလည်းတင်တယ်” ဟု ၎င်းကဆိုသည်။

အလားတူ ဇူလိုင်လ ၂၂ ရက်နေ့ကလည်း စစ်တွေမြို့နယ် မွတ်ဆလင်ကျောင်းသူ/ကျောင်းသားများမှ လူသားချင်းစာနာ ထောက်ထားသည့်အနေဖြင့် စစ်ဘေးရှာင်ပြည်သူများအတွက် အလှူငွေသုံးသိန်းကျပ်ကို လှူဒါန်းခဲ့သည်။

ဗီဒီယိုများ