ကျောက်ဖြူမြို့နယ်တွင် တပ်မတော်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ စနဲမြို့၊ ပြုံးပြည့်ကျေးရွာနှင့် အလယ်ချောင်းကျေးရွာကြားတွင် မတ်လ (၂၃)ရက်နေ့ ၊နံနက်(၇)နာရီကျော်က တပ်မတော်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသည်ဟု စနဲဒေသခံ တစ်ဦးက DMG သို့ပြောသည်။

23 Mar 2020

မတ်လ ၁၃ ရက်နေ့ကလည်း မြောက်ဦးမှ ထွက်ခွာလာသည့် တပ်မတော်ယာဉ်တန်းတစ်ခု တိမ်ညိုကျေးရွာအနီး မိုင်းဆွဲတိုက်ခိုက်ခြင်းခံခဲ့ရသည်။ (ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ခိုင်မင်း (ကျောက်ဖြူ) |DMG
မတ် ၂၃ ၊ ကျောက်ဖြူ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ စနဲမြို့၊ ပြုံးပြည့်ကျေးရွာနှင့် အလယ်ချောင်းကျေးရွာကြားတွင် မတ်လ (၂၃)ရက်နေ့ ၊နံနက်(၇)နာရီကျော်က တပ်မတော်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသည်ဟု စနဲဒေသခံ တစ်ဦးက DMG သို့ပြောသည်။

ယင်း မိုင်းပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် သေနတ်ပစ်ခတ်သံများ ထွက်ပေါ်ခဲ့သည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် စနဲမြို့ခံတစ်ဦးက ပြောသည်။

“စနဲမြို့အကျော် ပြုံးပြည့်နဲ့ အလယ်ချောင်းကြားမှာ ဒီနေ့မနက်(၇)နာရီခွဲ ဝန်းကျင်လောက်က တပ်မတော်ယာဉ်တန်းတစ်ခု ဖြတ်သွားပြီးတော့ မိုင်းပေါက်တာပေါ့။ မိုင်း(၄)လုံး ပေါက်ကွဲသွားတယ်။ မိုင်းပေါက်ပြီးတော့ ထိခိုက်ဒဏ်ရာရတာတွေရှိတယ်။ ဘယ်လောက် ထိခိုက်ဒဏ်ရာရတယ်ဆိုတာတော့ မသိရဘူးပေါ့” ဟု ၎င်းကဆိုသည်။

အဆိုပါ မိုင်းပေါက်ကွဲမှုကြောင့် ကိုင်းချောင်းအုပ်စု၊ ပြုံးပြည့်ကျေးရွာမှ ရွာသားအချို့ကို တပ်မတော်မှ စစ်ဆေးရန် ခေါ်ယူသွားသည်ဟု ကိုင်းချောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်ဆန်းက ပြောသည်။

“မိုင်းပေါက်တာလားဆိုတာကိုတော့ တစ်ယောက်မှကို မေးလို့မရဘူး ဖြစ်နေတယ်။ အခု စနဲကို ကားနဲ့ခေါ်သွားတယ်လို့တော့ သိရတယ်။ ပြုံးပြည့်ကလူတွေကို ခေါ်သွားတာပါ။ ပထမယောကျ်ား(၂၂)ယောက်လို့တော့ ပြောတယ်။ နောက်ပြီးတော့ အမျိုးသမီးတွေကို ခေါ်တယ်လို့တော့ကြားတယ်၊ ဘယ်နှစ်ယောက်လည်းဆိုတာတော့ မသိရသေးဘူး” ဟု ၎င်းကဆိုသည်။

အဆိုပါ စနဲမြို့အနီးတွင် မိုင်းပေါက်ကွဲသည်မှာ မှန်ကန်သော်လည်း အသေးစိတ်ကို အတိအကျမသိရှိသေးဟု ကျောက်ဖြူမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမိုးကျော်ကပြောသည်။

အဆိုပါ မိုင်းပေါက်ကွဲမှုနှင့်ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ရန်အတွက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။

ဗီဒီယိုများ