ပြန်ပေးဆွဲခံရသည့် မောင်တောက သားဖနှစ်ဦးမှာ ဖခင်ဖြစ်သူလွတ်လာ

လက်နက်ကိုင်ဆောင်ထားသောလူတစ်စု၏ ပြန်ပေးဆွဲဖမ်းဆီးခေါ်ဆောင်မှုကိုခံခဲ့ရသည့် မောင်တောမြို့မှ ပရိဘောဂရောင်းဝယ်ရေးဆိုင်ရှင် သားဖနှစ်ဦးမှာ ယခု ဇွန်လ ၈ ရက် နံနက်ပိုင်းက ဖခင်ဖြစ်သူ ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။

09 Jun 2021

DMG ၊ ဇွန် ၉

လက်နက်ကိုင်ဆောင်ထားသောလူတစ်စု၏ ပြန်ပေးဆွဲဖမ်းဆီးခေါ်ဆောင်မှုကိုခံခဲ့ရသည့် မောင်တောမြို့မှ ပရိဘောဂရောင်းဝယ်ရေးဆိုင်ရှင် သားဖနှစ်ဦးမှာ ယခု ဇွန်လ ၈ ရက် နံနက်ပိုင်းက ဖခင်ဖြစ်သူ ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။

ပြန်လည်လွတ်မြောက်လာသည့် ဦးရော်ဖီးလ် ၅၀ နှစ်မှာ ဒဏ်ရာများရရှိထားသဖြင့် ဆေးကုသမှုခံယူနေရကြောင်း မြို့မကညင်တန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမျိုးမြင့်က ပြောသည်။

“မနက် ၇ နာရီမှာ မိသားစုတွေက ဖုန်းဆက်ပြီး သူ(ဦးရော်ဖီးလ်) ပြန်လွတ်လာတယ်လို့ အကြောင်းကြားတယ်။ ကျနော်ကတစ်ဆင့် ရဲကိုအကြောင်းကြားပြီး အိမ်ကိုလိုက်သွားကြတယ်။ ဒဏ်ရာတွေပြင်းထန်တဲ့အတွက် ဆေးရုံကို အမြန်ဆုံးပို့လိုက်ကြတယ်” ဟု ဦးမျိုးမြင့်က ဆိုသည်။

မေလ ၂၃ ရက်နေ့ နံနက် ၁ နာရီခန့်တွင် မောင်တောမြို့ နာရီစင်လမ်းရှိ ရတနာပရိဘောဂဆိုင်ရှင် နေအိမ်အား အနက်ရောင်ဝတ်စုံများဝင်ဆင်ပြီး သေနတ်နှင့်ဓားများကိုင်ဆောင်ထားသည့် လူ ၄ ဦးမှ ဝင်ရောက်လာကာ ဓားပြတိုက်ပြီး ဆိုင်ရှင် ဦးရော်ဖီးနှင့် ၎င်း၏သားဖြစ်သူ မာမောက်အာယာစ်တို့ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ ခြင်းဖြစ်ကြောင်း မိသားစုဝင်များထံမှ သိရသည်။

ဦးရော်ဖီးမှာ ပြန်လွတ်လာသော်လည်း သားဖြစ်သူ မာမောက်အာယာစ်မှာ လွတ်မြောက် လာခြင်းမရှိသေးကြောင်း မိသားစုဝင်များက ဆိုသည်။

ဦးရော်ဖီး၏ ယောက်ဖဖြစ်သူ ကိုခင်ဇော်က “ကျနော့်အစ်မကို ဒီနေ့ နံနက် ၄ နာရီမှာ ဖုန်းဆက်လာတယ်။ နင့်ယောကျ်ား အခြေအနေမကောင်းဘူး။ မောင်တောအငူမော်ကားလမ်းက မိုင်တိုင်အမှတ် ၅၆ လမ်းဘေးမှာ ချထားတယ်။ လာယူကြလို့ပြောလို့ ကျနော်တို့ ချက်ချင်းကားငှားပြီး အိမ်ကိုယူလာကြတာ။ ဒဏ်ရာတွေ များတော့ ရဲကဆေးရုံပို့ခိုင်းလို့ ဆေးရုံတင်လိုက်တယ်” ဟု ပြောသည်။

ယခု ပြန်လွတ်လာသည့် ဦးရော်ဖီးလ်တွင် ညာဖက်ခြေထောက်၌ သေနတ်ဒဏ်ရာ ၂ ချက်၊ ဘယ်ဖက်လက်၌ သေနတ်ဒဏ်ရာ ၁ ချက်နှင့် ခန္ဓာကိုယ်ပေါ်တွင် ရိုက်နှက်ခံထားရသည့်ဒဏ်ရာများ ရရှိထားကာ မောင်တော ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူလျက်ရှိသည်။

သားဖြစ်သူ မာမောက်အာယာစ်အား ဦးရော်ဖီးလ်မလွတ်မီ တစ်ရက်အလိုက ၎င်းနှင့်နေရာ ခွဲလိုက်သည်ဟု ပြန်လွတ်လာသူ ဦးရော်ဖီးလ်၏ပြောကြားချက်ကို ကိုးကားပြီး ယောက်ဖဖြစ်သူ ကိုခင်ဇော်က ပြောပြသည်။

မောင်တောမြို့နယ်စခန်းမှူး ဒုရဲမှူးမြင့်ကျော်ဦးက ယခု ဦးရော်ဖီးလ်လွတ်မြောက်လာခြင်းမှာ ဓားပြအဖွဲ့နှင့် အပေးအယူလုပ်ပြီး ပြန်လွတ်လာခြင်းဖြစ်ကြောင်း ပြောသည်။

မောင်တောမြို့ ပြန်ပေးဆွဲမှုဖြစ်စဉ်တွင်ပါဝင်သူ အသက် ၃၀ ကျော်အရွယ် အဒူလာဆိုသူအား ပြန်ပေးဆွဲမှု ဖြစ်ပွားပြီး ၂ ရက်အကြာ (ဇွန်လ ၃ ရက်)နေ့တွင် ရဲတပ်ဖွဲ့ကဖမ်းမိထားကြောင်း ဒေသအာဏာပိုင်များက အတည်ပြုပြောဆိုထားသည်။

ဗီဒီယိုများ