ပုံမှန်ဝင်ငွေမရှိ အခြေခံလူတန်းစားစာရင်းတွင် စစ်ဘေးရှောင်များကိုလည်း ထည့်သွင်းသင့်ဟု အကြံပြု

အစိုးရသည် ဧပြီလ ၁၀ ရက်နေ့မှစတင်ကာ ဆန်(၈)ပြည်၊ ဆီ(၅၀)ကျပ်သား၊ ဆား(၅၀)ကျပ်သား၊ ပဲ(၁)ပိဿာ၊ ကြက်သွန်(၁)ပိဿာ ထောက်ပံ့မည်ဖြစ်သည်။ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများစာရင်းကို ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ ရပ်မိရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပရဟိတလူငယ်များနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု အစိုးရက ဧပြီလ ၆ ရက်နေ့က ထုတ်ပြန်ထားသည်။

By ကျော်သူဌေး 07 Apr 2020

ကျော်သူဌေး | DMG
ဧပြီ ၇၊ စစ်တွေ

သင်္ကြန်ရုံးပိတ်ရက်ရှည်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် အိမ်ထောင်စုတစ်စုလျှင် ထောက်ပံ့ပစ္စည်း(၅)မျိုးစီ ထောက်ပံ့မည်ဖြစ်သဖြင့် စစ်ဘေးရှောင်များကိုလည်း “ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများ” စာရင်းတွင် ထည့်သွင်းသင့်သည်ဟု ရခိုင်အရပ်ဖက်အဖွဲ့အစည်းများက အကြံပြုကြသည်။

အစိုးရသည် ဧပြီလ ၁၀ ရက်နေ့မှစတင်ကာ ဆန်(၈)ပြည်၊ ဆီ(၅၀)ကျပ်သား၊ ဆား(၅၀)ကျပ်သား၊ ပဲ(၁)ပိဿာ၊ ကြက်သွန်(၁)ပိဿာ ထောက်ပံ့မည်ဖြစ်သည်။ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများစာရင်းကို ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ ရပ်မိရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပရဟိတလူငယ်များနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု အစိုးရက ဧပြီလ ၆ ရက်နေ့က ထုတ်ပြန်ထားသည်။

“ အခြေခံလူတန်းစားဆိုတော့ ကျနော်တို့နားလည်တာက စစ်ဘေးရှောင်စခန်းတွေမှာနေတဲ့ ပြည်သူလူထုလည်းပဲ အခြေခံလူတန်းစားထဲမှာ ပါသင့်တယ်လို့ ကျနော်တို့နားလည်တာပေါ့။ တကယ်လို့များ အစိုးရဖက်က စစ်ဘေးရှောင်စခန်းမှာနေတဲ့ ပြည်သူလူထုလည်းပဲ ထောက်ပံ့ပေးရမယ်ဆိုလို့ရှိရင်တော့ ကျနော်တို့ဖက်က အဆင်သင့်ကူညီဖို့ရှိပါတယ်” ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC) အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက DMG သို့ပြောသည်။

အလားတူ ဝံလက်ဖောင်းဒေးရှင်းဒါရိုက်တာ ဦးခိုင်ကောင်းစံကလည်း ရခိုင်ပြည်နယ်တွင် လက်ရှိအရေးပေါ်ကူညီပေးရမည်မှာ စစ်ဘေးရှောင်များဖြစ်နေသောကြောင့် ၎င်းတို့အတွက်လည်း ထည့်သွင်းစဉ်းစားသင့်သည်ဟု အကြံပြုသည်။

“မြို့ပေါ်၊ ကျေးလက်ဒေသမှာနေတဲ့ လက်လုပ်လက်စားလူတွေထက်ကို လက်ရှိမှာ အရေးပေါ်ကူညီပေးရမယ့်ဟာက စစ်ဘေးရှောင်တွေ။ အစိုးရက အသိအမှတ်ပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ လက်ရှိမှာ ကြုံတွေ့နေရတဲ့ စစ်ဘေးရှောင်အရေးဟာ အင်မတန်မှ ရင်လေးစရာ ကောင်းတယ်။ သူတို့ကိုလည်း ရိက္ခာ (၅) မျိုးနဲ့ပတ်သက်ရင်တော့ ထည့်သွင်းစဉ်းစားဖို့လိုအပ်တယ်” ဟု ၎င်းက ပြောသည်။

စစ်ဘေးရှောင်များကို ထောက်ပံ့ပေးရန်အစီအစဉ် ရှိ၊မရှိနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြင့်ကို ဆက်သွယ်ခဲ့ရာတွင် နေမကောင်းဟု ပြောဆိုသဖြင့် တုန့်ပြန်မှုကိုမရရှိခဲ့ပေ။

ရခိုင်ပြည်နယ်တွင် စစ်ဘေးရှောင် တစ်သိန်းငါးသောင်းကျော်အထိရှိလာကာ စားဝတ်နေရေးအခက်အခဲ နှင့် ရင်ဆိုင်နေရသည်။

ဗီဒီယိုများ