မောင်တော အောင်မင်္ဂလာစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ လက်နက်ချအညံ့ခံ

မောင်တောဒေသကို အပြီးသတ်သိမ်းပိုက်နိုင်ရေး AA က အရှိန်မြှင့် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီကလည်း လေကြောင်း၊ လက်နက်ကြီးများဖြင့် ခုခံနေ၍ ပြင်းထန်တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေသည်။ 

By Admin 24 Apr 2024

မောင်တောမြို့နယ်ရှိ တမန်းသားရဲကင်းစခန်းမှ စစ်ကောင်စီတပ်သား ၁၀၀ ခန့်သည် မတ်လ ၂၅ ရက်တွင် AA ထံ လက်နက်ချအညံ့ခံခဲ့သည်။
မောင်တောမြို့နယ်ရှိ တမန်းသားရဲကင်းစခန်းမှ စစ်ကောင်စီတပ်သား ၁၀၀ ခန့်သည် မတ်လ ၂၅ ရက်တွင် AA ထံ လက်နက်ချအညံ့ခံခဲ့သည်။

DMG ၊ ဧပြီ ၂၄ 

ရခိုင်ပြည်၊ မောင်တောမြို့နယ်မြောက်ပိုင်းရှိ အောင်မင်္ဂလာနယ်ခြားစောင့်စခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော်မှာ ဧပြီလ ၂၃ ရက် နေ့လယ်ပိုင်းတွင် အာရက္ခတပ်တော်(AA) ထံ လက်နက်ချအညံ့ခံလာကြောင်း သိရသည်။ 

အမှတ်(၁)နယ်ခြားစောင့်ရဲကွပ်ကဲမှုအဖွဲ့ ကျီးကန်းပြင်ဌာနချုပ်အနီးရှိ အောင်မင်္ဂလာနယ်ခြားစောင့်စခန်းမှ တပ်ဖွဲ့ဝင်များ လက်နက်ချအညံ့ခံသွား၍ အဆိုပါအနီးတဝိုက်ကို စစ်ကောင်စီဘက်မှ လက်နက်ကြီး၊ လေကြောင်းတို့ဖြင့် ပစ်ခတ်ခဲ့ကြောင်း ခိုင်လုံသည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ 

“အဲဒီစခန်းမှာ လက်နက်ချဖို့၊ မချဖို့နဲ့ တစ်ပတ်လောက်ဆွေးနွေးခဲ့ကြတယ် ထင်ပါတယ်။ အဲဒီနောက် မနေ့က လက်နက်တွေနဲ့ အညံ့ခံလာကြတာပါ။ သူတို့လက်နက်ချပြီးနောက်ပိုင်း စစ်ကောင်စီက လေယာဉ်နဲ့ နေ့ရောညပါလာပြီး ဗုံးကြဲတယ်။ နခခ ၅ ကလည်း လက်နက်ကြီးလှမ်းပစ်တယ်” ဟု သူက  ပြောသည်။ 

ရခိုင်နှင့် ပလက်ဝဒေသတွင် လက်နက်ချအညံ့ခံသော စစ်ကောင်စီတပ်သားနှင့် တပ်မိသားစုဝင် ထောင်ချီရှိပြီး ၎င်းတို့အား နိုင်ငံတကာစစ်သုံးပန်းဉပဒေနှင့်အညီ ကောင်းမွန်စွာစောင့်ရှောက်ထားကြောင်း AA က ဆိုထားသည်။ 

လက်ရှိတွင် မောင်တောဒေသကို အပြီးသတ်သိမ်းပိုက်နိုင်ရေး AA က အရှိန်မြှင့် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီကလည်း လေကြောင်း၊ လက်နက်ကြီးများဖြင့် ခုခံနေ၍ ပြင်းထန်တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေသည်။ 

“တိုက်ပွဲက မနက်အာရုံပိုင်း၊ ညဖက်တို့ဆိုရင် ပိုပြင်းထန်တယ်။ စစ်ကောင်စီကလည်း ဒီနယ်စပ်မြို့မကျရှုံးစေဖို့ အကြိတ်အနယ် ခုခံတိုက်ခိုက်နေတယ်” ဟု မောင်တောဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ 

တိုက်ပွဲဖြစ်ပွားရာအနီးအနားရှိ ဖားဝပ်ချောင်း၊ အောင်သာယာ၊ အောင်ဇေယျ၊ ကျီးကန်းပြင် စသည့် ကျေးရွာများမှ ဒေသခံများမှာ‌ ဘေးလွတ်ရာကို တိမ်းရှောင်နေကြသည်။ 

“စစ်ကောင်စီက လက်နက်ကြီးနေ့တိုင်းပစ်နေတော့ ဒေသခံတွေက ထွက်ပြေးတိမ်းရှောင်နေကြတယ်။ နောက်ပြီး လေယာဉ်နဲ့လည်း ဗုံးကြဲတိုက်ခိုက်တာရှိတော့ စိုးရိမ်နေရတယ်” ဟု ဒေသခံ အမျိုးသမီးတစ်ဦးက ဆိုသည်။ 

လက်ရှိတွင် မောင်တောမြို့နယ်ရှိ ကြိမ်ချောင်း၊ ဒုံးညို၊ တောင်ပြို လက်ဝဲ/ လက်ယာ၊ ကြောင်နဖေ၊ အောင်သပြေ၊ ရန်အောင်မြင်၊ တမန်းသား၊ ငခူရ စသည့် စစ်ကောင်စီတပ်စခန်းအများအပြားကို AA က သိမ်းပိုက်ရရှိထားသည်။ 

“ဘူးသီးတောင်၊ မောင်တောကို AA က အလုံးစုံထိန်းချုပ်နိုင်မှ စစ်ကောင်စီရဲ့ နိုင်ငံရေးကစားကွက် ပျက်သွားမယ်။ ဒီနယ်မြေတွေဟာ စစ်ကောင်စီကို လုံးဝ ထိုင်ခုံပျောက်စေမယ့် နေရာတွေဖြစ်တယ်” ဟု ရခိုင်လူငယ်တစ်ဦးက ပြောသည်။ 

ရခိုင်တစ်ပြည်လုံးကို အချိန်တိုအတွင်း သိမ်းပိုက်နိုင်ရေးအတွက် အပြင်းထန်ဆုံး ထိုးစစ်ဆင်တိုက်ခိုက်သွားမည်ဟု AA တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောဆိုထားသည်။ 

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်မှစသည့် ရခိုင်တိုက်ပွဲ ၅ လကျော်အတွင်း မြို့နယ် ၉ ခုကို AA က သိမ်းပိုက်ထားပြီး ဘူးသီးတောင်၊ မောင်တော၊ အမ်းမြို့နယ်တို့ကို ထိုးစစ်အရှိန် မြှင့်တင်တိုက်ခိုက်နေသည်။ 

ပုံစာ - ၂၀၂၄ ခုနှစ်၊ ဧပြီလ ၅ ရက်တွင် ဘူးသီးတောင် ခမရ (၅၆၄) တပ်ရင်းဌာနချုပ်ကို သိမ်းပိုက်ပြီးနောက် AA တပ်ဖွဲ့ဝင်များကို တွေ့ရစဉ်။ (ဓာတ်ပုံ - AA Info Desk)

ဗီဒီယိုများ