စစ်တွေမှ မွတ်ဆလင် ၅၀၀ ကို  စစ်ကောင်စီက စစ်သင်တန်းခေါ်သွား

မွတ်ဆလင်များမှာ စစ်သင်တန်း မတက်လိုသော်လည်း စစ်ကောင်စီကို မလွန်ဆန်နိုင်သဖြင့် လိုက်ပါသွားရကြောင်း သဲချောင်းဒေသခံ မွတ်ဆလင်လူငယ်တစ်ဦးက ပြောသည်။

By Admin 23 Apr 2024

စစ်တွေမြို့နယ်အတွင်း သွားလာလှုပ်ရှားနေသော မွတ်ဆလင်များအား ၂၀၁၉ ခုနှစ်က တွေ့ရစဉ်။ 
စစ်တွေမြို့နယ်အတွင်း သွားလာလှုပ်ရှားနေသော မွတ်ဆလင်များအား ၂၀၁၉ ခုနှစ်က တွေ့ရစဉ်။ 

DMG ၊ ဧပြီ ၂၃

ရခိုင်ပြည်၊ စစ်တွေမြို့နယ်ရှိ ဘုမေ၊ သဲချောင်း၊ ဘာဆာ၊ ဒါးပိုင်၊ သက္ကပြင် စသည့် မွတ်ဆလင်ကျေးရွာများမှ လူဦးရေ ၅၀၀ ကို စစ်သင်တန်းအတွက် ဧပြီ ၂၁ ရက်တွင် စစ်ကောင်စီက ခေါ်ဆောင်သွားကြောင်း သိရသည်။

မွတ်ဆလင်များမှာ စစ်သင်တန်း မတက်လိုသော်လည်း စစ်ကောင်စီကို မလွန်ဆန်နိုင်သဖြင့် လိုက်ပါသွားရကြောင်း သဲချောင်းဒေသခံ မွတ်ဆလင်လူငယ်တစ်ဦးက ပြောသည်။

“အိမ်တစ်အိမ်မှာ သားက စစ်မှုမထမ်းဘဲ ထွက်ပြေးသွားရင် စစ်ကောင်စီက သူရဲ့မိသားစုဝင်တစ်ဦးကို ဖမ်းပြီးတော့ အတင်းအဓမ္မ စစ်မှုထမ်းခိုင်းတယ်။ သင်တန်းမတက်ရင် မိဘတွေကို ဖမ်းပြီးတော့ နှိပ်စက်တာတွေရှိတယ်” ဟု သူက ပြောသည်။

ယခုလအစောပိုင်းက ရခိုင်ပြည်နယ်စစ်ကောင်စီ နယ်လုံဝန်ကြီးအပါအဝင် မြို့နယ်အုပ်ချုပ်မှူးတို့က မွတ်ဆလင် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒုက္ခသည်စခန်းတာဝန်ရှိသူများအား အစည်းအဝေးခေါ်ယူပြီး စစ်မှုထမ်းရန် လူ ၁,၀၀၀ ပေးရမည်ဟု အမိန့်ပေးခဲ့သည်။ 

“မွတ်ဆလင်ကျေးရွာနဲ့ ဒုက္ခသည်စခန်းတွေကနေ လူဦးရေ ၁,၀၀၀ တောင်းတယ်။ အခုလောလောဆယ်တော့ ကျေးရွာတွေက မွတ်ဆလင် ၅၀၀ ကို သင်တန်းတက်ဖို့ ခေါ်သွားပြီ။ သူတို့ပြီးမှ ဒုက္ခသည်စခန်းက ၅၀၀ ကို ထပ်ပေးရမယ်ဆိုပြီးတော့ ပြောထားတယ်” ဟု ဘုမေကျေးရွာမှ မွတ်ဆလင်တစ်ဦးက ပြောသည်။ 

မွတ်ဆင်လင်များအား ဒေသကွပ်ကဲမှုစစ်ဌာနချုပ် ဒကစ(စစ်တွေ)သို့ ၁၄ ရက်ကြာ စစ်သင်တန်းတက်ရန် ခေါ်ဆောင်သွားကြောင်း သိရသည်။

နိုင်ငံအနှံ့ စစ်မျက်နှာများတွင် အရေးနိမ့်နေသော စစ်ကောင်စီသည် စစ်အင်အားဖြည့်တင်းရန် ရည်ရွယ်ချက်ဖြင့် အရွယ်ရောက်သူတိုင်း စစ်မှုထမ်းရမည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို ယခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်တွင် ပြဌာန်း လိုက်သည်။ 

ယင်းနောက်ပိုင်းတွင် စစ်ကောင်စီက စစ်တွေမြို့နယ်မှ မွတ်ဆလင် ၁၀၀၀ ကျော်ကို စစ်သင်တန်းပေးကာ စစ်မြေပြင်သို့ အတင်းအဓမ္မ ပို့ဆောင်ခဲ့သဖြင့် သေဆုံးသွားသူများလည်း ရှိခဲ့သည်။ ယင်းအပြင် တချို့ကိုလည်း ကျေးရွာများတွင် ကင်းစောင့်ခိုင်းထားကြောင်း မွတ်ဆလင်အသိုင်းအဝိုင်းမှ သိရသည်။

စစ်ကောင်စီသည် မွတ်ဆလင်များအား အဓမ္မစစ်မှုထမ်းခိုင်းနေသည့်အပြင် စစ်တွေမြို့နှင့် ဘူးသီးတောင်မြို့ရှိ မွတ်ဆလင်များကိုလည်း “AA အလိုမရှိ” ဆန္ဒဖော်ထုတ်ပွဲများ အတင်းပြုလုပ်ခိုင်းပြီး လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများဖြစ်ပေါ်အောင် သွေးထိုးလှုံ့ဆော်လျက်ရှိသည်။

ရခိုင်ပြည်တွင် စစ်ရှုံးနေသော စစ်ကောင်စီသည် ရခိုင်နှင့် မွတ်ဆလင် အသိုင်းဝိုင်းကြား သွေးထိုးလှုံ့ဆော်မှုများဖြင့် လူမျိုးရေးပဋိပက္ခဖြစ်အောင် ဖန်တီးနေသည်ဟု အာရက္ခတပ်တော်(AA)ပြောခွင့်ရသူ ဦးခိုင်သုခက ပြောသည်။

သို့သော် စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ရခိုင်ပြည်အတွင်း လူမျိုးရေးပဋိပက္ခများကို မြန်မာစစ်တပ်က မည်သည့်အခါမျှ လုပ်ခဲ့ခြင်းမရှိဘဲ AA ကသာ လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ပြောဆိုထားသည်။

ဗီဒီယိုများ