ရိက္ခာပြတ်နေသော အမ်းမြို့နယ်တွင် အာဟာရပြတ်၍ အသက်ဆုံးရှုံးမှုထိ ရှိလာ

ဧပြီ ၂၂ ရက်က ဘုတ်ချောင်းကျေးရွာမှ ဦးတင်ဝင်း(၅၃)နှစ်မှာ မိသားစုဝင်တစ်ဦးနှင့်အတူ ဆန်ရိက္ခာသွားဝယ်ရာ အစာအာဟာရ ပြတ်လပ်မှုဒဏ်ကြောင့် လမ်းခရီးတွင် သေဆုံးသွားခဲ့သည်။ 

By Admin 23 Apr 2024

ရိက္ခာပြတ်နေသော အမ်းမြို့နယ်တွင် အာဟာရပြတ်၍ အသက်ဆုံးရှုံးမှုထိ ရှိလာ

DMG ၊ ဧပြီ ၂၃ 

တိုက်ပွဲပြင်းထန်နေသည့် ရခိုင်ပြည်၊ အမ်းမြို့နယ်ရှိ ဒေသခံများမှာ စားနပ်ရိက္ခာပြတ်လပ်မှုဒဏ်ကို ကြုံတွေ့နေရပြီး အာဟာရပြတ်လပ်၍ အသက်ဆုံးရှုံးရသည်အထိ ရှိလာကြောင်း သိရသည်။ 

ဧပြီ ၂၂ ရက်က ဘုတ်ချောင်းကျေးရွာမှ ဦးတင်ဝင်း(၅၃)နှစ်မှာ မိသားစုဝင်တစ်ဦးနှင့်အတူ ဆန်ရိက္ခာသွားဝယ်ရာ အစာအာဟာရ ပြတ်လပ်မှုဒဏ်ကြောင့် လမ်းခရီးတွင် သေဆုံးသွားခဲ့သည်။ 

“သူတို့မိသားစုက ထမင်းမစားရတာ နှစ်ရက်လောက်ရှိပြီ။ သူတို့ရွာက လမ်းပန်းဆက်သွယ်ရေး မကောင်းတော့ တစ်ခေါက်သွားဝယ်ရတာ မလွယ်ဘူး။ ထမင်းမစားရတော့ အားအရမ်းနည်းပြီး သွားတဲ့လမ်းမှာပဲ ဆုံးသွားတယ်” ဟု အမ်းမြို့နယ်မှ လူမှုရေးလှုပ်ရှားသူတစ်ဦးက ပြောသည်။ 

သေဆုံးသွားသူ ဦးတင်ဝင်းမှာ ဝါးခုတ်ပြီး အသက်မွေးဝမ်းကျောင်းနေသူဖြစ်ပြီး မိသားစုဝင် ၇ ဦးကျန်ရှိခဲ့ကြောင်း သိရသည်။ 

အမ်းမြို့နယ်အတွင်းရှိ အမ်း - စစ်တွေ၊ အမ်း - တပ်တောင်၊ အမ်း - မအီ ကားလမ်းတို့ရှိ တံတားနှင့် လမ်းများကို စစ်ကောင်စီက ဖျက်ဆီးဖြတ်တောက်ထားပြီး အမ်း - မင်းဘူးလမ်းကိုလည်း စစ်ကောင်စီက ပိတ်ဆို့ထားသည်။ 

အမ်း - မကွေး ဆက်သွယ်ထားသော ကားလမ်းများကိုလည်း စစ်ကောင်စီက စစ်ရေးအရအသုံးချနေသဖြင့် အမ်း - ပဒါန်းကားလမ်းမပိုင်းကို AA က ဧပြီ ၂ ရက်မှစ၍ အကန့်အသတ်မရှိ ပိတ်လိုက်သည်။

စစ်ရေးကြောင့် လမ်းခရီးများပိတ်ဆို့ထားသဖြင့် အမ်းမြို့နယ်အတွင်း စားနပ်ရိက္ခာပြတ်လပ်ကာ ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်နေ၍ အမ်းဒေသခံများမှာ အငတ်ဘေးနှင့် ရင်ဆိုင်ရမည့်အခြေအနေ ဖြစ်နေသည်။ 

လက်ရှိတွင် ဆန်တစ်အိတ်ကို ငွေကျပ် ၂ သိန်းနီးပါးထိ ဈေးပေါက်နေပြီး အခြားစားကုန်များမှာလည်း ယခင်ထက် သုံးဆနီးပါးထိ ဈေးနှုန်းမြင့်တက်နေ၍ အခြေခံလူတန်းစားများမှာ ပို၍ အခက်ကြုံတွေ့နေကြရသည်။ 

“တိုက်ပွဲဖြစ်ကတည်းက ကုန်တွေပြတ်တယ်။ လက်ကျန်ပစ္စည်းတွေကလည်း ကုန်ဈေးနှုန်းတွေထိုးတက်တော့ ငွေကြေးမတတ်နိုင်တဲ့လူတွေက ငတ်ကုန်တာပေါ့” ဟု အမ်းဒေသခံတစ်ဦးက ပြောသည်။

အမ်းမြို့နယ်တွင် ယခင်က ငွေကျပ် ၃,၅၀၀ ဆန်တစ်ပြည်ကို ယခုအခါ ငွေကျပ် ၁၀,၀၀၀ ကျော်၊ ငွေကျပ် ၂၀,၀၀၀ ငရုပ်သီးခြောက် တစ်ပိဿာကို ငွေကျပ် ၈၀,၀၀၀ ခန့်၊ ငွေကျပ် ၁၅၀,၀၀၀ စားသုံးဆီ ၅ ဂါလံတစ်ဗူးကို ငွေကျပ် ၄၀၀,၀၀၀ ကျပ်အထိ ဈေးနှုန်းမြင့်တက်နေသည်။ 

လက်ရှိတွင် AA က အမ်းမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်အရှိန် မြှင့်တင်တိုက်ခိုက်နေပြီး စစ်ကောင်စီကလည်း လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီးများဖြင့် ခုခံတိုက်ခိုက်နေ၍ နှစ်ဖက်တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေသည်။

ဗီဒီယိုများ