ရခိုင်မှ အမျိုးသမီးငယ် နှစ်သောင်းခုနှစ်ထောင်ကျော်အား HPV ကာကွယ်ဆေး ထိုးပေးရန်စီစဉ်ထား

ရခိုင်ပြည်နယ်အတွင်းမှ အမျိုးသမီးငယ် ၂၇,၃၀၅ ဦးခန့်အား Human Papillomavirus(HPV)ကာကွယ်ဆေး ထိုးနှံပေးရန်စီစဉ်ထားကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟို တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းထံမှ သိရသည်။

By သက်ပိုင် 30 Oct 2020

Photo - Gavi the Vaccine Alliance

သက်ပိုင် | DMG
အောက်တိုဘာ ၃၀ ၊ စစ်တွေ

ရခိုင်ပြည်နယ်အတွင်းမှ အမျိုးသမီးငယ် ၂၇,၃၀၅ ဦးခန့်အား Human Papillomavirus(HPV)ကာကွယ်ဆေး ထိုးနှံပေးရန်စီစဉ်ထားကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟို တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းထံမှ သိရသည်။

မြန်မာတစ်နိုင်ငံလုံးတွင် ၂၀၁၀ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့မှ ၂၀၁၁ ခုနှစ်သြဂုတ်လ ၃၁ ရက်အတွင်း မွေးဖွားသည့် အသက်ကိုးနှစ်မှဆယ်နှစ်ကြားရှိ မိန်းခလေး ၄၆၄,၄၆၄ ဦးကို ယခုနှစ်မှစတင်ကာ အဆိုပါ ကာကွယ်ဆေးထိုးပေးရန် စီစဉ်ထားခြင်းဖြစ်သည်။

သို့သော် ရခိုင်ပြည်နယ်တွင် နယ်မြေမငြိမ်းချမ်းမှုများရှိနေသည့်အတွက် နယ်မြေအေးချမ်းသည်နှင့်တပြိုင်နက် ကာကွယ်ဆေးကိုထိုးပေးသွားမည်ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုတိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်း ညွှန်ကြားရေးမှူး ဒေါက်တာထားထားလင်းကဆိုသည်။

“ကာကွယ်ဆေးထိုးဖို့ သက်ဆိုင်ရာဌာနကို မွေးစာရင်း၊ကျောင်းဝင်ခွင့်ကတ်၊ ဒါမှမဟုတ် အိမ်ထောင်စုစာရင်း ယူပြီးသွားရပါမယ်။ ပြီးရင်ကာကွယ်ဆေးထိုး ဖိတ်ကြားစာယူရပါမယ်။ ပြီးရင်အဲဒီဖိတ်စာမှာ ချိန်းဆိုထားတဲ့ ရက်ချိန်းလေးတွေ ပါ,ပါမယ်။ အဓိကတော့ လူစုလူဝေးမဖြစ်အောင်လို့ပါ” ဟု ၎င်းကဆိုသည်။

HPV ကာကွယ်ဆေးထိုးနှံရာတွင် လူမျိုးဘာသာခွဲခြားခြင်းမရှိပဲ တစ်နိုင်ငံလုံးရှိ အသက်ကိုးနှစ်နှင့် ဆယ်နှစ် ကြားရှိအမျိုးသမီးငယ်များကို ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ဒေါက်တာထားထားလင်းက ရှင်းပြသည်။

Human Papillomavirus(HPV)ပိုးသည် သားအိမ်ခေါင်းကင်ဆာဖြစ်စေရန် ၇၅ ရာခိုင်နှုန်းအထက်ရှိစေပြီး လက်ရှိမြန်မာနိုင်ငံတွင် အမျိုးသမီးတစ်သိန်းလျှင် လေးဦးမှာ သားအိမ်ခေါင်းကင်ဆာဖြစ်ပွားနေကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုတိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းမှ သိရသည်။

မြန်မာနိုင်ငံတွင် ကာကွယ်ဆေးထိုးခြင်းအစီအစဉ်ကို သြဂုတ်လ(ကျောင်းကျန်းမာရေးမြှင့်တင်မှု ရက်သတ္တပတ်)တွင် စတင်နိုင်ရန်စီစဉ်ထားခဲ့သော်လည်း COVID-19 ကြောင့် အောက်တိုဘာလမှသာ စတင် နိုင်ခဲ့ခြင်းဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦးကဆိုသည်။

Stay Home နေထိုင်ရန် ညွှန်ကြားမထားသည့်မြို့နယ်များတွင် အောက်တိုဘာလ ၂၀ ရက်နေ့မှ စတင်၍ အဆိုပါကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို လုပ်ဆောင်နေပြီဖြစ်ကာ Stay Home နေထိုင်ရန်ညွှန်ကြား ထားသည့်မြို့နယ်များတွင် ထိုကာလပြီးဆုံးသည်နှင့်တပြိုင်နက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

“အသက်ကိုးနှစ်နဲ့ဆယ်နှစ်အရွယ်တွေက ကျောင်းနေတဲ့အရွယ်တွေဖြစ်တာကြောင့် ကျွန်တော်တို့က ကျောင်းတွေမှာ အရင်ကာကွယ်ဆေးထိုးတဲ့လုပ်ငန်းတွေလုပ်မယ်လို့ ရည်ရွယ်ခဲ့ပါတယ်။ ဒါပေမယ့် ကိုဗစ် ကာလမှာ ကျောင်းတွေပိတ်ထားတဲ့အတွက် သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်အစိုးရတွေ၊ အခြား တာဝန်ရှိသူတွေနဲ့ပူးပေါင်းပြီး ဒါကိုဆောင်ရွက်သွားမှာပါ” ဟု ဒေါက်တာစိုးဦးက ရှင်းပြသည်။

ယခုကဲ့သို့ ကာကွယ်ဆေးထိုးရန်အတွက် မြန်မာနိုင်ငံအစိုးရက ကာကွယ်ဆေးတန်ဖိုး၏ ၂၀ ရာခိုင်နှုန်းကို ကျခံကာ Gavi the Vaccine Alliance မှ ၈၀ ရာခိုင်နှုန်းကူညီထားပြီး ဆေးတစ်လုံးလျှင် ၄ ဒသမ ၅ ဒေါ်လာ ကျသင့်မည်ဖြစ်ကာ စုစုပေါင်း ၃,၂၀၄,၈၀၂ ဒေါ်လာခန့်ကုန်ချမည်ဟု ခန့်မှန်းထားကြောင်း ဒေါက်တာစိုးဦးက ဆိုသည်။

အဆိုပါကာကွယ်ဆေးကို အာဆီယံနိုင်ငံများထဲမှ စင်္ကာပူ၊ မလေးရှား၊ ထိုင်း၊ ဘရူနိုင်းနှင့် လာအိုနိုင်ငံတို့ တွင်သာ တစ်နိုင်ငံလုံးအဆင့်ကာကွယ်ဆေးထိုးနိုင်သေးပြီး မြန်မာနိုင်ငံမှာ ဆဋ္ဌမမြောက်နိုင်ငံလုံးအဆင့် HPV ကာကွယ်ဆေးထိုးနှံခြင်းဖြစ်ကြောင်း ဗဟိုတိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းမှ သိရသည်။

၂၀၁၈ ခုနှစ်စစ်တမ်းအရ မြန်မာနိုင်ငံသည် တစ်ကမ္ဘာလုံးတွင် သားအိမ်ခေါင်းကင်ဆာဖြစ်ပွားမှုနှုန်း ဒုတိယ အများဆုံးနိုင်ငံများထဲတွင်ပါဝင်ပြီး အရှေ့တောင်အာရှနိုင်ငံများထဲတွင် အိန္ဒိယနိုင်ငံမှာ ဖြစ်ပွားမှုနှင့် သေဆုံးမှု အများဆုံးဖြစ်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ တတိယမြောက်ဖြစ်ကြောင်းလည်း သိရသည်။

သားအိမ်ခေါင်းကင်ဆာရောဂါသည် ပျောက်ကင်းနိုင်သောရောဂါဖြစ်သော်လည်း စောစီးစွာသိရှိနိုင်မှု အားနည်းခြင်း၊ ဖြစ်ပွားလာပါက ပျောက်ကင်းသည်အထိကုသမှုအဆင့်ဆင့်ကို ပြီးမြောက်အောင်ကုသရန် ကန့်သတ်မှုများရှိနေခြင်းတို့ကြောင့် မြန်မာနိုင်ငံတွင် သေဆုံးမှုနှုန်းမြင့်မားနေရခြင်းဖြစ်ကြောင်း ဒေါက်တာ ထားထားလင်းက ပြောဆိုသည်။

သားအိမ်ခေါင်းကင်ဆာရောဂါသည် အသက် ၁၀ နှစ်မှ ၂၀ နှစ်အတွင်းဖြစ်ပွားနိုင်ပြီး ထိုထက်စောလျှင်စွာ ဖြစ်ပွားမှုများလည်းရှိနိုင်ကြောင်းနှင့် အသက် ၉ နှစ်မှ ၁၄ နှစ်အရွယ်ကလေးငယ်များကို HPV ကာကွယ်ဆေး ထိုးခြင်းဖြင့် ကြိုတင်ကာကွယ်မှုများပြုလုပ်နိုင်သည့်အပြင် အသက် ၃၀ နှင့် ၄၉ နှစ်အရွယ် အမျိုးသမီးများ အနေဖြင့်လည်း သားအိမ်ခေါင်းကင်ဆာ ရှိ၊ မရှိစစ်ဆေးမှုများလုပ်ဆောင်သင့်ကြောင်း WHO မှ အကြံပြု ထုတ်ပြန်ထားသည်။

၂၀၁၈ ခုနှစ် စစ်တမ်းများအရ မြန်မာနိုင်ငံတွင် သားအိမ်ခေါင်းကင်ဆာဖြစ်ပွားသူ ၆၄၇၂ ဦးရှိပြီး သေဆုံးသူ ၃၈၅၆ ဦးရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟို တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းမှ သိရသည်။

ဗီဒီယိုများ