ကျောက်ဖြူတွင် ကူးတို့သည်အမျိုးသားတစ်ဦးကို စစ်ကောင်စီ ဖမ်းဆီး

ရခိုင်ပြည်၊ ကျောက်ဖြူမြို့၊ ငလပွေ့ရပ်ကွက်မှ ကူးတို့သည် အမျိုးသားတစ်ဦးကို စစ်ကောင်စီက ဧပြီလ ၂၅ ရက်တွင် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။

By Admin 26 Apr 2024

ကျောက်ဖြူတွင် ကူးတို့သည်အမျိုးသားတစ်ဦးကို စစ်ကောင်စီ ဖမ်းဆီး

DMG ၊ ဧပြီ ၂၆

ရခိုင်ပြည်၊ ကျောက်ဖြူမြို့၊ ငလပွေ့ရပ်ကွက်မှ ကူးတို့သည် အမျိုးသားတစ်ဦးကို စစ်ကောင်စီက ဧပြီလ ၂၅ ရက်တွင် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။

အသက် (၅၆)နှစ်အရွယ် ဦးမောင်လှခင်မှာ ငလပွေ့ရပ်ကွက်ရှိ မိမိနေအိမ်တွင်ရှိနေစဉ် စစ်ကောင်စီတပ်ဖွဲ့က လာရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်။ 

“အိမ်စီးကားနဲ့လာပြီးတော့ အရပ်ဝတ်နဲ့ လက်နက်ကိုင်ဆောင်ထားတဲ့ စစ်ကောင်စီတပ်သား ၅ ယောက်က ဖမ်းဆီးသွားတာ” ဟု ကျောက်ဖြူမြို့ခံတစ်ဦးက ပြောသည်။ 

ဦးမောင်လှခင်ကို မည်သည့်အတွက်ကြောင့် ဖမ်းဆီးသွားသည်ကို မသိရှိရဘဲ လက်ရှိတွင်  ကျောက်ဖြူမြို့ ခလရ (၃၄) တပ်ရင်းတွင် ထိန်းသိမ်းထားကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၁၉ ရက်ကလည်း ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်ကျေးရွာမှ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးနှင့် ဒေသခံတစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားခဲ့ပြီး ပြန်လွတ်လာခြင်း မရှိသေးပေ။

“စစ်ကောင်စီတပ်က အကြောင်းအမျိုးအမျိုးပြပြီး အပြစ်မရှိတဲ့ပြည်သူတွေကို ဖမ်းနေတာပဲ။ ဖမ်းဆီးတဲ့အထဲ ပြန်လွတ်မြောက်လာသူက မရှိသလောက်။ စစ်ကောင်စီနယ်မြေမှာနေရတာ လုံးဝမလုံခြုံဘူး။ ထွက်ပြေးဖို့ကလည်း အခက်အခဲရှိနေတယ်” ဟု ကျောက်ဖြူမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ကျောက်ဖြူမြို့နယ်တွင် ဇန်နဝါရီလမှ လက်ရှိအချိန်ထိ စစ်ကောင်စီက ဖမ်းဆီးထားသည့် အရပ်သား ၂၀ ကျော် ရှိသည်။ ဖမ်းဆီးခံထားရသူများမှာ ပြန်လွတ်လာခြင်း မရှိသည့်အပြင် အဆက်အသွယ်လည်း မရရှိသဖြင့် ၎င်းတို့လုံခြုံရေးနှင့်ပတ်သက်၍ မိသားစုဝင်များက စိုးရိမ်နေကြသည်။

ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီနှင့် AA တို့ကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခြင်း မရှိသေးသော်လည်း နှစ်ဖက်စစ်ရေးတင်းမာနေကြသည်။

ဗီဒီယိုများ