ရခိုင်အရေး ကုလအကြီးအကဲပြောဆိုချက် မြေပြင်နှင့်ကွဲလွဲပြီး ဘက်လိုက်မှုရှိဟု AA ပြော 

“ရခိုင်ပြည်သည် အဖွဲ့အစည်းများစွာပါဝင်သည့် စစ်မြေပြင်ပြန်ဖြစ်လာပြီး၊ အရပ်သားများမှာ ကြီးမားသည့် ဆုံးရှုံးမှုများကို ပေးဆပ်နေရကာ မွတ်ဆလင်များက ပို၍ အန္တရာယ်ကျရောက်နေသည်” ဟု လူ့အခွင့်အရေးကော်မရှင်နာ Volker Türk က သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

By Admin 24 Apr 2024

ရခိုင်အရေး ကုလအကြီးအကဲပြောဆိုချက် မြေပြင်နှင့်ကွဲလွဲပြီး ဘက်လိုက်မှုရှိဟု AA ပြော 

DMG ၊ ဧပြီ ၂၄

ရခိုင်ပြည်အတွင်း စစ်ရေး၊ နိုင်ငံရေးနှင့် အသိုင်းအဝိုင်းများကြား ဆက်ဆံရေးအခြေအနေနှင့်ပတ်သက်၍ ဧပြီလ ၁၉ ရက် သတင်းစာရှင်းလင်းပွဲတွင် ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်နာ၏ ပြောဆိုချက်များမှာ ဘက်လိုက်သော စွပ်စွဲချက်များဖြင့် ပြည့်နှက်နေကြောင်း အာရက္ခတပ်တော် (AA) က ထုတ်ပြန်လာသည်။ 

“ရခိုင်ပြည်သည် အဖွဲ့အစည်းများစွာပါဝင်သည့် စစ်မြေပြင်ပြန်ဖြစ်လာပြီး၊ အရပ်သားများမှာ ကြီးမားသည့် ဆုံးရှုံးမှုများကို ပေးဆပ်နေရကာ မွတ်ဆလင်များက ပို၍ အန္တရာယ်ကျရောက်နေသည်” ဟု လူ့အခွင့်အရေးကော်မရှင်နာ Volker Türk က သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

ကော်မရှင်နာပြောဆိုချက်တွင် မွတ်ဆလင်လက်နက်ကိုင် အဖွဲ့အစည်းများအား ဖော်ပြခြင်းမရှိသလို စစ်ပွဲဒဏ်ကို ခံစားနေရသူများထဲတွင်လည်း မွတ်ဆလင်များကိုသာ အလေးပေးထားပြီး တခြားဒုက္ခရောက်နေသူများကို လျစ်လျှူရှုထားကြောင်း AA က ထုတ်ပြန်သည်။ 

ရခိုင်ပြည်သိမ်းတိုက်ပွဲ စတင်သည့် ၂၀၂၃ နိုဝင်ဘာလ ၁၃ ရက်မှ မတ်လ ၂၁ ရက်အထိ အရပ်သား သေဆုံးသူ ၁၇၉ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၄၆၈ ဦးရှိပြီး ထိုအထဲတွင် မွတ်ဆလင်ထိခိုက်သေဆုံးမှု ၂၅ ရာခိုင်နှုန်းခန့်၊ ရခိုင်နှင့် တခြားလူမျိုးစုများ ထိခိုက်သေဆုံးမှု ၇၀ ရာခိုင်နှုန်းကျော်ရှိကြောင်း AA က ဆိုသည်။

ထို့အပြင် နေရပ်စွန့်ခွာနေရသည့် ဒေသခံ ၃ သိန်းကျော်ထဲတွင် ၈၅ ရာခိုင်နှုန်းမှာ ရခိုင်နှင့် တခြားမျိုးနွယ်စုများ ဖြစ်ပြီး မွတ်ဆလင် ၁၅ ရာခိုင်နှုန်းခန့်သာဖြစ်သဖြင့် ကုလကော်မရှင်နာ၏ ညွှန်းဆိုချက်မှာ မြေပြင်အခြေအနေ၊ အချက်အလက်များနှင့် လွဲချော်နေပြီး ဘက်လိုက်ပြောဆိုနေခြင်း ဖြစ်သည်ဟု AA က ထောက်ပြသည်။

လက်ရှိတွင် “မွတ်ဆလင်များသည် ၎င်းတို့အား သတ်ဖြတ်ခဲ့သော မှတ်တမ်းရှိသည့် လက်နက်ကိုင်အုပ်စု နှစ်ခုကြားတွင် ပိတ်မိနေသည်။ ကျနော်တို့အနေဖြင့် မွတ်ဆလင်များအား နောက်တစ်ကြိမ် ဦးတည်တိုက်ခိုက်မှုကို ခွင့်မပြုနိုင်ပေ” ဟု ကော်မရှင်နာပြောဆိုချက်တွင် ပါရှိသည်။ 

ယင်းနှင့်ပတ်သက်၍ အာရက္ခတပ်တော်သည် ရခိုင်ပြည်အတွင်းရှိ လူမျိုးဘာသာအုပ်စုတိုင်းကို ကာကွယ်ပေးရန် ဖွဲ့စည်းထားခြင်းဖြစ်ပြီး မွတ်ဆလင်အပါအဝင် မည်သည့်အပြစ်မဲ့အရပ်သားကိုမျှ ဦးတည်သတ်ဖြတ်ခဲ့ခြင်းမရှိဘဲ ဆက်လက်၍လည်း ပြည်သူအားလုံးကို ထိရောက်စွာ အကာအကွယ်ပေးသွားမည်ဟု AA က ထုတ်ပြန်သည်။ 

စစ်ကောင်စီကတော့ လွန်ခဲ့သောနှစ်များကပင် ရခိုင်ဒေသအတွင်း အပြစ်မဲ့ပြည်သူများအား သတ်ဖြတ်နေပြီး ၂၀၁၇ ခုနှစ်က အဆိုးရွားဆုံးသတ်ဖြတ်မှုကြောင့် နိုင်ငံတကာရာဇဝတ်ရုံး (ICJ) တွင် အမှုရင်ဆိုင်နေရဆဲဖြစ်ကာ ဆက်လက်၍လည်း မွတ်ဆလင်များအား ပစ်မှတ်ထား သတ်ဖြတ်နေဆဲဖြစ်ကြောင်း AA က ပြောသည်။ 

ကုလပြောဆိုချက်တွင် မွတ်ဆလင်လက်နက်ကိုင် ARSA၊ ARA၊ RSO အဖွဲ့များက ဘူးသီးတောင်၊ မောင်တောရှိ ရခိုင်၊ မွတ်ဆလင်နှင့် လူနည်းစု ပြည်သူများအား သတ်ဖြတ်မှုများ ဆက်တိုက်ကျူးလွန်နေကို မဖော်ပြခြင်းမှာ အံဩမိကြောင်း AA က ထုတ်ပြန်သည်။

Volker Türk ၏ ပြောဆိုချက်ထဲတွင် ရှုပ်ထွေးမှုများစွာပါဝင်ပြီး မြန်မာစစ်တပ်၏ နိုင်ငံအရေးအမြတ်ထုတ်မှုကြောင့် ပေါ်ပေါက်ခဲ့သော ၂၀၁၂ နှင့် ၂၀၁၇ ခုနှစ်ပဋိပက္ခများကို လက်ရှိအခြေအနေနှင့် အတူတူဖြစ်သည်ဟု မှားယွင်းစွာ ယုံကြည်မှုများရှိနေကြောင်း AA က ဆိုထားသည်။ 

လက်ရှိ ရခိုင်ပြည်၏ စစ်ရေး၊ နိုင်ငံရေးအခြေအနေများမှာ အတိမ်းအစောင်းမခံနိုင်သော ကာလဖြစ်သည့်အတွက် ပြည်တွင်း၊ ပြည်ပမှ သက်ဆိုင်သူများအနေဖြင့် မြေပြင်အခြေအနေမှန်များကို သတိထားဆင်ခြင်သုံးသပ်ရန်နှင့် မလိုလားအပ်သော ပြောဆိုရေးသားချက်များကြောင့် ပြည်သူလူထုကြားတွင် ပွတ်တိုက်မှုများ ဖြစ်ပေါ်ခဲ့လျှင် သက်ဆိုင်ရာ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများမှ  တာဝန်ခံရမည်ဟု AA က အသိပေးထားသည်။ 

ဗီဒီယိုများ