အမ်းမြို့နယ်တွင် စစ်ကောင်စီဗုံးကြဲမှုကြောင့် အရပ်သား ၂၀ ခန့် ဒဏ်ရာရ 

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ရှိရာ အမ်းမြို့နယ်တွင် စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲပစ်ခတ်မှုကြောင့် ကလေးငယ်အပါအဝင် အရပ်သား ၂၀ ခန့် ဒဏ်ရာရရှိသွားသည်။ 

By Admin 08 Apr 2024

စစ်ကောင်စီလေတပ်၏ စစ်ရေးလေ့ကျင့်မှုတစ်ခု။ (ဓာတ်ပုံ - CINCDS)
စစ်ကောင်စီလေတပ်၏ စစ်ရေးလေ့ကျင့်မှုတစ်ခု။ (ဓာတ်ပုံ - CINCDS)

DMG ၊ ဧပြီ ၈ 

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ရှိရာ အမ်းမြို့နယ်တွင် စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲပစ်ခတ်မှုကြောင့် ကလေးငယ်အပါအဝင် အရပ်သား ၂၀ ခန့် ဒဏ်ရာရရှိသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ 

အမ်းမြို့နယ် ကြောင်ဖြူကွင်း၊ ရွာသစ်၊ ဂွေးကိုင်း၊ ပျဉ်တောင်ကြီး ကျေးရွာများကို ဧပြီလ ၇ ရက်က ဂျက်တိုက်လေယာဉ်ဖြင့် နှစ်ကြိမ်တိုင်လာရောက်ဗုံးကြဲသွားသဖြင့် ထိခုက်ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။ 

“မနေ့က နေ့လယ် ၁၂ နာရီလောက်မှာ တစ်ကြိမ်၊ ညနေ ၄ နာရီလောက်မှာ တစ်ကြိမ် ဗုံးကြဲသွားတာ။ ဒဏ်ရာရသူကတော့ တော်တော်များတယ်။ ဒဏ်ရာအခြေအနေစိုးရိမ်ရသူ ဘယ်နှစ်ယောက်ရှိလဲတော့ အတိအကျ မသိနိုင်သေးဘူး” ဟု အမ်းဒေသခံတစ်ဦးက ပြောသည်။ 

ဒဏ်ရာရရှိသူများမှာ အနီးပတ်ဝန်းကျင်ကျေးရွာများရှိ ဆေးခန်းတွင် ဆေးကုသမှုခံယူလျက်ရှိပြီး ဒဏ်ရာရရှိသူ နာမည်နှင့်စာရင်းအတိအကျကို သိရှိနိုင်ရန်အတွက် DMG က ဆက်လက်စုံစမ်းနေသည်။ 

အမ်းမြို့နယ်အတွင်း စစ်ကောင်စီတပ်စခန်းများကို ရက္ခိုင့်တပ်တော်(AA) က အရှိန်မြှင့် ထိုးစစ်ဆင်တိုက်ခိုက်နေ၍ နှစ်ဖက်တိုက်ပွဲများ ပြင်းထန်နေကြောင်း သိရသည်။ 

ယမန်နေ့က ကဇုကိုင်းအုပ်စုရှိ တောဟိန်းတောင်၊ ဒါးလက်နှင့် နပခအနီးတို့တွင် တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

အမ်းဒေသခံအမျိုးသမီးတစ်ဦးက “ဒီနေ့ မနက်ပိုင်းကလည်း လေယာဉ်ဝဲခဲ့တယ်။ တိုက်ပွဲဖြစ်သံကိုလည်း ကြားနေရတယ်။ ဒေသခံတွေမှာတော့ လေကြောင်းကိုလည်း ကြောက်လန့်နေရ၊ လက်နက်ကြီးအန္တရာယ်ကိုလည်း ကြောက်နေရပါတယ်။ ဒါကြောင့် ကျေးရွာသားအများစုကတော့ တိမ်းရှောင်နေကြတယ်” ဟု ပြောသည်။ 

အမ်းတိုက်ပွဲကြောင့် ကျေးရွာပေါင်း ၂၀ ကျော်မှ ဒေသခံများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြပြီး စားဝတ်နေရေး၊ အမိုးအကာ၊ ဆေးဝါး၊ သောက်သုံးရေ အရေးပေါ်အကူအညီများ လိုအပ်လျက်ရှိသည်။

ရခိုင်ဒေသတွင် စစ်ရေးအရရှုံးနိမ့်နေသော စစ်ကောင်စီသည် လေကြောင်းကိုအသုံးပြုကာ အရပ်သားများနေထိုင်ရာ မြို့/ရွာများကို ပစ်မှတ်ထားတိုက်ခိုက်နေ၍ အရပ်သားသေဆုံး၊ ဒဏ်ရာရရှိမှု နေ့စဉ်တိုးလာနေသည်။ 

ရခိုင်ပြည်တွင် တိုက်ပွဲစဖြစ်သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့မှ ၂၀၂၄ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့အထိ လေးလကျော်အတွင်း အရပ်သားသေဆုံးသူ ၁၇၉ ဦးနှင့် ဒဏ်ရာရရှိသူ ၄၈၆ ဦးရှိကြောင်း AA ၏ လူသားချင်းစာ နာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး( HDCO) စာရင်းအရ သိရသည်။  

ဗီဒီယိုများ