AA ကဖမ်းထားသည့် NLD အမတ် ဦးဝှေ့တင်းကိုလွှတ်ပေးရန် နိုင်ငံတကာအဖွဲ့များတောင်းဆို

ရက္ခိုင့်တပ်တော်(AA)က ဖမ်းဆီးထားသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်း၏ လုံခြုံရေးအတွက်စိုးရိမ်ကြောင်း အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့နှင့် လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမာန်အမတ်များအဖွဲ့ က ထုတ်ပြန်လိုက်သည်။

By မြတ်ဝင်းကျော် 21 Nov 2019

မြတ်ဝင်းကျော် | DMG
နိုဝင်ဘာ ၂၁ ၊ ရန်ကုန်

ရက္ခိုင့်တပ်တော်(AA)က ဖမ်းဆီးထားသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်း၏ လုံခြုံရေးအတွက်စိုးရိမ်ကြောင်း အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့(Amnesty International)နှင့် လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမာန်အမတ်များအဖွဲ့ (ASEAN Parliamentarians for Human Rights) က ထုတ်ပြန်လိုက်သည်။

အဆိုပါ နှစ်ဖွဲ့အနေဖြင့် ဦးဝှေ့တင်း၏လုံခြုံရေးကို စိုးရိမ်သည့်အတွက် AA က ချက်ချင်းလွှတ်ပေးရန် နိုင်ဝင်ဘာ ၂၁ ရက်နေ့တွင် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

“ဥပဒေပြုသူများအား တိုက်ခိုက်ခြင်းဟာ ပြည်သူများအတွက် ကိုယ်စားပြုခွင့်ကို ထိခိုက်ပြီးတော့ ဥပဒေပြုလွှတ်တော်အတွင်း လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ရိုက်ခတ်မှုမျိုးရှိတယ်” ဟု ထုတ်ပြန်ချက်မှာ ဆိုထားသည်။

ထို့အပြင် AA က ယမန်နှစ်တွင် ဖမ်းဆီးခဲ့သည့် ချင်းလူမျိုးအရပ်သား အမျိုးသား(၁၁)ဦးနှင့် အမျိုးသားကလေးငယ်(၂)ဦးအပါအဝင် စုစုပေါင်း (၁၃)ဦးတို့နှင့်ပတ်သက်၍လည်း စိုးရိမ်မိကြောင်း ဆိုသည်။

ယင်းသို့ အရပ်သားများအား ဖမ်းဆီးထားခြင်းအား ချက်ချင်းလွှတ်ပေးရန်တောင်းဆိုကြောင်းနှင့် ဖမ်းဆီးခံထားရသည့် အရပ်သားဖြစ်စေ၊ သုံ့ပန်းအားဖြစ်စေ ဖမ်းဆီးထားသည့်အကြောင်းကို မိသားစုများအား အရေးပေါ် ချက်ချင်းအကြောင်းကြားပေးကာ မိသားစုများအား အဆက်အသွယ်ပြုလုပ်ခွင့် ပေးသင့်ကြောင်း ထုတ်ပြန်ထားသည်။

ချင်းပြည်နယ် ပလက်ဝမြို့နယ်၌ နိုဝင်ဘာ ၃ ရက်နေ့က ဦးဝှေ့တင်းအပါအဝင် အိန္ဒိယနိုင်ငံသား ၅ ဦးနှင့်အတူ ၁၀ ဦးအား AA က ဖမ်းဆီးသွားသည်။

ထို့သို့ ဖမ်းဆီးခေါ်ဆောင်ပြီး ဦးဝှေ့တင်းအား ဆက်လက်ထိန်းသိမ်းထားကာ ကျန်လူများကို ပြန်လည်လွှတ်ပေးလိုက်ကြောင်း၊ ဖမ်းဆီးစဉ်အတွင်း အိန္ဒိယနိုင်ငံသားတစ်ဦးမှာ နှလုံးအမောဖောက်၍ သေဆုံးသွားကြောင်း AA က ထုတ်ပြန်ထားသည်။

ထို့ကြောင့် အိန္ဒိယလူမျိုး ၁ ဦးသေဆုံးခဲ့ရမှုကို မြန်မာအာဏာပိုင်များအနေဖြင့် လွတ်လပ်ပြီး ဘက်မလိုက်သော စုံစမ်းစစ်ဆေးမှုကို ချက်ချင်းပင် စတင်ဆောင်ရွက်ရန်တိုက်တွန်းကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

အလားတူ ဦးဝှေ့တင်းအားလွှတ်ပေးရန် ထိုင်း၊ မလေးရှား၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ဗြိတိန်၊ နော်ဝေ၊ အီတလီ၊ ဒိန်းမတ်နိုင်ငံနှင့် မြန်မာနိုင်ငံအခြေစိုက် လူမှုအဖွဲ့အစည်းအပါအဝင် အာရှနဲ့ ဥရောပအခြေစိုက် လူ့အခွင့်အရေး လှုပ်ရှားသည့် အဖွဲ့အစည်း ၂၂ ခုမှလည်း တောင်းဆိုထားကြသည်။

ရခိုင်ပြည်နယ်အတွင်းတွင်လည်း တပ်မတော်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားခဲ့သည့် ၁ နှစ်တာကာလအတွင်း အရပ်သား ၈၀ ကျော်သေဆုံးကာ ဒဏ်ရာရရှိသူ ၁၃၀ ကျော်အထိရှိနေကြောင်း အရပ်ဖက်အဖွဲ့အစည်းများ၏ စာရင်းအရသိရသည်။

ထို့ပြင် AA နှင့်ပတ်သက်သည့် သံသယရှိသူများကို တပ်မတော်က ဖမ်းဆီးစစ်ဆေးစဉ်အတွင်း သေဆုံးခဲ့ရသူ ၁၅ ဦးအထိရှိခဲ့ကာ ဒဏ်ရာရရှိသူများလည်း ယခုရက်ပိုင်းအတွင်း ထပ်တိုးလာနေသည်။

ဗီဒီယိုများ