အာရက္ခပြည်ထဲက မွတ်ဆလင်ရေးရာရုံးတွေရဲ့ အခန်းကဏ္ဍ

ကျနော်တို့က မွေးကတည်းကနေ ဘာအခွင့်အရေးမှ မရှိခဲ့ဘူး။ အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရပေါ်ပေါက်ပြီးနောက် ဗိုလ်ချုပ်ကိုယ်တိုင်က ဒီရခိုင်နယ်နိမိတ်ထဲမှာရှိတဲ့ လူမျိုးတွေ အားလုံးဟာ ဘယ်သူ့ကိုမှ ပစ်မထားဘူး။ အားလုံးက အခွင့်အရေးရှိရမယ်။ ရင်ဘောင်တန်းပြီး အတူတူ သွားမယ်ဆိုတဲ့ အမှာစကားရှိတယ်။

By Admin 02 May 2025

အာရက္ခပြည်ထဲက မွတ်ဆလင်ရေးရာရုံးတွေရဲ့ အခန်းကဏ္ဍ

DMG ၊ အင်တာဗျူး 

ရခိုင်ပြည်အတွင်းမှာ နေထိုင်ကြတဲ့ မွတ်ဆလင်တွေဟာ ခေတ်အဆက်ဆက်မှာ ဖိနှိပ်ခံရမှုတွေနဲ့ လွတ်လပ်ခွင့်တွေ ဆုံးရှုံးခဲ့ကြရပါတယ်။

အုပ်ချုပ်သူတွေရဲ့ သွေးခွဲမှုတွေကြားမှာ ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခတွေကို ကြုံတွေ့ခဲ့ရပြီးတော့ နှစ်ပေါင်းများစွာ အတူနေထိုင်ကြတဲ့ စုံလင်ကွဲပြားတဲ့လူမျိုးစုတွေဟာ ယုံကြည်မှုတွေ ပျက်ပြားခဲ့ကြရပါတယ်။ 

လက်ရှိ ရခိုင်ပြည်က မြို့နယ်အများစုကို သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ULA/AA အနေနဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေး ယန္တရားတွေနဲ့ မောင်းနှင်နေပါတယ်။ အလားတူပဲ ရခိုင်ပြည်အတွင်းက စုံလင်ကွဲပြားတဲ့ လူမျိုးစုတွေကြားမှာ တန်းတူညီမျှမှုနဲ့ လူမှုသဟဇာတကျစွာ အတူယှဉ်တွဲ နေထိုင်နိုင်ရေးကိုလည်း ကြိုးပမ်းလုပ်ဆောင်နေတာ တွေ့ရပါတယ်။

ULA/AA ရဲ့ အုပ်ချုပ်ရေးယန္တရားထဲမှာ ရခိုင်ပြည်အတွင်းက မွတ်ဆလင်တွေအနေနဲ့ ဘယ်အခန်းတွေကနေ ပါဝင်ခွင့် ရနေပါသလဲ၊ အရင်ကနဲ့ ဘယ်လို ကွာခြားသွားတာတွေရှိလဲဆိုတာကို ဗီတာ (၁) စစ်ဒေသ၊ အမှတ် (၁) မွတ်ဆလင်ရေးရာရုံးရဲ့ အတွင်းရေးမှူး ဦးညီညီဝင်းကို DMG က တွေ့ဆုံမေးမြန်းထားပါတယ်။

မေး - ပထမဆုံးအနေနဲ့ မွတ်ဆလင်ရေးရာရုံးဆိုတာ ဘာလဲ။

ကျနော်တို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက နေပြီးတော့ ဗီတာ(၁) စစ်ဒေသထဲမှာ အမှတ် (၁) မွတ်ဆ လင်ရေးရာရုံးဆိုတာ ကျနော်တို့ မွတ်ဆလင်တွေက အခွင့်အရေးရအောင် တောင်းဆိုပြီးတော့ ယူတာမျိုး မဟုတ်ဘူး။ ကျနော်တို့နယ်မြေမှာရှိတဲ့ မွတ်ဆလင်ဌာနဘက်ကနေ မွတ်ဆလင်လူထုတစ်ရပ်လုံးအတွက် အထောက်အကူဖြစ်အောင် လွဲမှားမှုမရှိအောင်၊ နားလည်မှုမလွဲအောင် တရားစီရင်ရေးအပိုင်းမှာ ကြီးလေးတဲ့အမှုတွေ ရှိတယ်။ ငယ်တဲ့ အမှုတွေရှိတယ်။ ဘာသာရေးနဲ့သက်ဆိုင်တဲ့ အမှုတွေရှိတယ်။ ဒါတွေကို ကျနော်တို့ လူမျိုးတစ်ရပ်လုံးအတွက် အကောင်းဆုံးဖြေရှင်းနိုင်အောင် ပေးလိုက်တာ။ အထူးသဖြင့်ကတော့ ကျနော်တို့ ခွင့်တောင်းခဲ့တာ မဟုတ်ဘူး။ ကျနော်တို့ လူမျိုးတစ်မျိုးလုံးအတွက် အခက်အခဲ မရှိစေအောင် အခွင့်အရေးကို ပေးထားတာ။ 

မေး - မွတ်ဆလင်ရေးရာရုံးတွေကို ဘယ်သူတွေနဲ့ ပါဝင်ဖွဲ့စည်းထားတာလဲ။

ကျနော်တို့ရုံးမှာ ဖွဲ့ထားတဲ့ကော်မတီက လူမျိုးတစ်မျိုးအတွက် ဖွဲ့ထားတဲ့အခါ ဘာသာရေးနဲ့ ပတ်သက်တာတွေလည်းပါတယ်။ ပြီးရင် တခြားအမှုတွေလည်း ပါတာမို့လို့ အဓိကတော့ ဘာသာရေးဆရာတွေ အာရ်ဗီစာသင်ပြတဲ့ အာရ်ဗီဆရာတွေပေါ့။ အဲဒီဆရာတွေပါတယ်။ တကယ့်ကို တတ်ကျွမ်းပညာတတ်တဲ့ ပညာရေးဆရာတွေ ပါတယ်။ နောက်ပြီးရင် ဒီနယ်ထဲမှာရှိတဲ့ ကြည်ညို လေးစားထိုက်တဲ့ ယုံကြည်ရတဲ့လူတွေကို နာယကအဖြစ် အသုံးပြုထားတယ်၊ ပါဝင်ဖွဲ့စည်းထားတယ်။ ပြီးရင် ကျေးရွာအုပ်ချုပ်ရေးထဲမှာ အများကြီးပါဝင် တာဝန်ထမ်းဆောင်ပေးခဲ့တဲ့ ဝါရင့်အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းထားတယ်။ ခေတ်ပညာတတ်တဲ့ လူငယ်တွေလည်း ဒီအဖွဲ့ထဲမှာ ပူးပေါင်းပါဝင်ထားတာရှိတယ်။ ကျနော်တို့နယ်မြေမှာ မွတ်ဆလင်လူမျိုးအတွက် အဓိက ဝန်ဆောင်မှုပေးနိုင်တဲ့အနေအထားကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက စီမံဆောင်ရွက်ပေးပြီးတော့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ 

မေး - မွတ်ဆလင်ရေးရာရုံးတွေက ဘာတွေကို တာဝန်ယူရပါသလဲ။

ဒီရုံးက ဘယ်လိုအမှုတွေကို စိစစ်ရလဲဆိုလို့ရှိရင် ဘာသာရေးနဲ့ သက်ဆိုင်တဲ့အမှုတွေ၊ ကျနော်တို့ ရပ်ရွာမှာ တစ်စုံတစ်ခုဆိုလို့ရှိရင် ကြီးလေးတဲ့ရာဇဝတ်မှုကလွဲပြီး ကျန်တဲ့အမှုတွေအားလုံးဟာ ကျနော်တို့ လူမျိုးတစ်မျိုးအတွက် အဓိကဖြေရှင်းပေးနိုင်တဲ့ ရုံးတစ်ရုံးဖြစ်ပါတယ်။

မေး - ဒီလို မွတ်ဆလင်ရေးရာရုံးတွေ ရှိလာခြင်းကြောင့် အရင်ကနဲ့ ဘာတွေကွာခြားသွားတာရှိပါလဲ။ 

အရင်တုန်းကဆိုလို့ရှိရင် ကျနော်တို့ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့မှာပါတယ်။ ဒါပေမဲ့ မြို့နယ်ရဲ့ တရားစီရင် ရေးလို ရုံးတွေမှာ အလုပ်မရှိခဲ့တဲ့လူတွေဆိုတော့ ဘာမှတာဝန်မရှိခဲ့ဘူး။ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့မှာလည်း ကျနော်တို့က ရွာတာဝန်ခံလောက်ပဲ။ စီရင်ရေးမှာ မပါဘဲ လုပ်ပေးရတဲ့ စေလွှတ်တဲ့လူလောက်ပဲ ခံစားရတာပေါ့။ အခုဆိုလို့ရှိရင် ကိုယ်ပိုင်ဆုံးဖြတ်လို့ရတဲ့အနေအထား၊ ကိုယ့်လူထုတစ်ရပ်လုံးအတွက် ဝန်ဆောင်ပေးနိုင်တဲ့ အနေအထားကို ရောက်တယ်။ အရင်တုန်းကဆိုရင် ဘာမှအခွင့်အရေးမရှိခဲ့ဘူး။ ဘာလို့လဲဆိုတော့ ကျေးရွာအုပ်ချုပ်ရေးတာဝန်ကိုတောင် တာဝန်ထမ်းဆောင်ရတော့လည်း ကိုယ်တိုင် စီရင်ခွင့်မရှိတဲ့ အနေအထားပါပဲ။ အခုဆိုရင်တော့ ကိုယ့်လူမျိုးအတွက် ကိုယ်တိုင်တရားစီရင်လို့ရတဲ့ အနေအထားကို ရောက်နေတာမို့လို့ အများကြီးကွာပါတယ်။ 

မေး - မွတ်ဆလင်တွေအနေနဲ့ အုပ်ချုပ်ရေးပိုင်းမှာ ဘယ်လောက်ထိ ပါဝင်ခွင့်ရထားတာရှိပါလဲ။

အုပ်ချုပ်ရေးဆိုတာ နိုင်ငံတစ်နိုင်ငံမှာ ဖြစ်စေ၊ ရပ်ရွာမှာဖြစ်စေ၊ မြို့နယ်ဖြစ်စေ အဓိကအခြေခံတဲ့ လုပ်ငန်း ကဏ္ဍထဲမှာပါဝင်တယ်။ အရင်တုန်းကဆိုရင် အပေါ်အမိန့်ရှိတယ်။ အဲဒီအမိန့်တွေကို စောင့်ရတယ်။ နာခံရတယ်။ အခုတော့ အဲလိုမဟုတ်ဘူး။ ဖြစ်လာတာတွေဟာ ချက်ချင်းပဲဖြစ်ရမယ်။ နောက်ထပ် ဘာပြဿနာမှ မဖြစ်စေချင်ဘူးပေါ့။ အခုဖြစ်ရင် အခုဖြေရှင်းရမယ်။ အဲဒီအမှုနဲ့ပတ်သက်ပြီး ဘာတစ်ခုမှ အသေးအမွှား မကျန်ခဲ့ရဘူး။ အဲလိုမျိုး အသေးအမွှားတွေ မကျန်အောင်လည်း ကျနော်တို့ အုပ်ချုပ်ရေး ဌာနကနေ သူတို့စီမံခန့်ခွဲဖို့အတွက် ရွာကို သူတို့က စီမံနိုင်အောင်၊ ရွာမှာ ပြဿနာမရှိအောင် ခြိမ်းခြောက်မှု မရှိဘဲ သူတို့နားလည်အောင် သဘောပေါက်အောင် ဝန်ဆောင်မှုပေးနိုင်အောင် ပါးပါးနပ်နပ်နဲ့ အုပ်ချုပ်လာတာရှိတယ်။ အရင်အုပ်ချုပ်ရတဲ့ တာဝန်နဲ့ အခုအုပ်ချုပ်ရတဲ့ တာဝန်နဲ့ဆို အများကြီး ကွာသွားတယ်။ လုပ်ငန်းတွေမှာလည်း အများကြီး ပါဝင်ရတယ်။

မေး - အာရက္ခပြည်တည်ဆောက်ရေးမှာ မွတ်ဆလင်တွေအနေနဲ့ ဘယ်အခန်းတွေကနေ ပါဝင်နေတာရှိလဲ။

ကျနော်တို့ ပါဝင်ခွင့်ပေးထားတာပဲ။ ပထမတစ်ချက် ကျနော်တို့ကြည့်ရမယ်ဆိုရင် ULA ပေါ်ပေါက်တဲ့ အချိန်မှာ စကစတွေ ရှိနေတုန်းပဲ။ အခုဆိုရင် ကျနော်တို့ဆီက ULA မှာ လုပ်နေတဲ့သူတွေ ရှိတယ်။ ရခိုင့်အဖွဲ့အစည်းမှာလည်း ကျနော်တို့ လူတွေရှိတယ်။ ကျနော်တို့ကို ရဲတပ်ဖွဲ့ကို မဝင်ရဘူးဆိုပြီး အကန့်အသတ်မရှိဘူး။ ကျနော်တို့ လိုအပ်တဲ့နေရာတွေမှာ ကျောင်းဆရာ၊ စာရေးကနေစပြီးတော့ အကုန်လုံးပါဝင်နိုင်တယ်။ ပါဝင်ခွင့်ပေးထားတယ်။ ကျနော်တို့လည်း လုပ်နေပါတယ်။ လူငယ်ပိုင်းတွေလည်း တပ်ထဲမှာ ရှိတယ်။ ရဲတပ်ဖွဲ့မှာလည်း ကျနော်တို့လူတွေရှိတယ်။ ကျောင်းဆရာထဲမှာလည်း သင်တန်းအတွက် ဖိတ်ခေါ်ထားတာရှိတယ်။ ပြီးရင် လျှောက်လွှာတွေလည်း တင်ထားတာရှိတယ်။ တခြား လိုအပ်တဲ့နေရာတွေမှာ မွတ်ဆလင်မှမဟုတ်ဘူး။ တခြားလူမျိုးတွေလည်း ပါဝင်ခွင့်ရှိတယ်။ 

မေး - အနာဂတ် အာရက္ခပြည်ကို ဘယ်လိုမျှော်လင့်ထားလဲ။

ကျနော်တို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ဒီနိုင်ငံကို နိုင်ငံအဖြစ် ထူထောင်မယ်။ ရအောင်လည်း ယူမယ်။ အဲလိုမျိုးနဲ့ ဒီအရာတွေက ဒီလောက်ထိ ဖြစ်လာတာပေါ့။ ကျနော်တို့တွေက အဲမှာ ဘယ်လောက် ပါဝင်နိုင်မလဲ၊ ကျနော်တို့တွေဟာ ဘယ်လောက်အရည်အချင်းရှိလဲ ဒါကိုယ်ကိုယ်တိုင်က တိုင်းတာရမယ်။ ကျနော်တို့ ဒီဖက်မှာဆို လူအင်အား နှစ်သောင်းရှိတယ်။ ဒီနှစ်သောင်းထဲမှာ ပညာအရည်အချင်းက ဘယ်လောက်ရှိလဲ၊ တစ်ရာခိုင်နှုန်းလား၊ နှစ်ရာခိုင်နှုန်းလား၊ ဒီသင်ထားတဲ့ပညာတွေက ဘယ်နေရာမှာ အသုံးဝင်မလဲ။ ဒါတွေကို ကျနော်တို့ ကြည့်ရမယ်။ သင်ထားတဲ့ပညာရှိတဲ့ ကလေးတွေကိုလည်း အခု ထပ်လာမယ့် ပညာရေးစနစ်ထဲမှာ ဒီထက်မက ကောင်းလာတဲ့ ပညာအရည်အချင်းရလာအောင် သူတို့တွေ ကိုလည်း အခွင့်အရေးပေးထားရမယ်။ တတ်ထားတဲ့လူတွေကိုလည်း တာဝန်ထမ်းဆောင်နိုင်အောင် အခွင့်အရေးတွေရလာအောင် သူတို့ဘက်ကလည်း ဖန်တီးပေးရပါမယ်။

မေး - ဖြည့်စွက်ပြီး ဘာတွေပြောပြချင်တာရှိပါလဲ။

ကျနော်တို့က မွေးကတည်းကနေ ဘာအခွင့်အရေးမှ မရှိခဲ့ဘူး။ အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရပေါ်ပေါက်ပြီးနောက် ဗိုလ်ချုပ်ကိုယ်တိုင်က ဒီရခိုင်နယ်နိမိတ်ထဲမှာရှိတဲ့ လူမျိုးတွေ အားလုံးဟာ ဘယ်သူ့ကိုမှ ပစ်မထားဘူး။ အားလုံးက အခွင့်အရေးရှိရမယ်။ ရင်ဘောင်တန်းပြီး အတူတူ သွားမယ်ဆိုတဲ့ အမှာစကားရှိတယ်။ ကျနော်တို့အားလုံး လူနည်းပါစေ၊ လူများပါစေ ခွဲခြားမှုမရှိဘဲ ကျနော်တို့ အနာဂတ် နိုင်ငံတော်ထူထောင်တဲ့အချိန်မှာ ခေတ်မီပညာတတ်တွေကအစ ရှိတဲ့လူတွေအားလုံးဟာ အတူတကွ ပူးပေါင်းပါဝင်ပြီးရင် လိုအပ်တဲ့နေရာတွေမှာ ပါဝင်ဆောင်ရွက်ဖို့ အခွင့်အရေးပေးဖို့နဲ့ အခွင့်အရေးတွေမရခဲ့တဲ့ ဒီလူမျိုးတွေကို တန်းတူအခွင့်အရေးပေးဖို့ပဲ ဖြည့်စွက်ပြီးပြောချင်ပါတယ်။