- AA နှင့် ဒေသခံများ ကြိုးပမ်းနေသည့် တောင်ကုတ်မြို့ ပြန်လည်ထူထောင်ရေး
- ရေကြည်တွင် AA ပူးပေါင်းတပ်များ အမတ ၃၄၄ စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲနေ
- ကျောက်ဖြူမြို့အနီး တိုက်ပွဲကပ်လာ၍ မြို့ပေါ်လုံခြုံရေး စစ်ကောင်စီ ပိုတင်းကျပ်
- ရခိုင်-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေး အားကောင်းရန် လိုအပ်နေ
- ကျောင်းမတက်ဖြစ်သူများ ကင်းမဲ့ဇုန် အလိုရှိသည်
ရေကြည်တွင် AA ပူးပေါင်းတပ်များ အမတ ၃၄၄ စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲနေ
ဧရာတီတိုင်း၊ ရေကြည်မြို့နယ်၊ မြောက်စမ်းရွာတွင် အခြေစိုက်ထားသည့် စစ်ကောင်စီ၏ အမှတ် (၃၄၄) အမြောက်တပ်ရင်းဌာနချုပ်ကို AA ပူးပေါင်းတပ်များက ထိုးစစ်ဆင်နေ၍ တိုက်ပွဲပြင်းထန်နေကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။
13 Jun 2025

DMG ၊ ဇွန် ၁၃
ဧရာတီတိုင်း၊ ရေကြည်မြို့နယ်၊ မြောက်စမ်းရွာတွင် အခြေစိုက်ထားသည့် စစ်ကောင်စီ၏ အမှတ် (၃၄၄) အမြောက်တပ်ရင်းဌာနချုပ်ကို AA ပူးပေါင်းတပ်များက ထိုးစစ်ဆင်နေ၍ တိုက်ပွဲပြင်းထန်နေကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။
အဆိုပါ စခန်းကို AA ပူးပေါင်းတပ်များက ဇွန်လ ၁၀ ရက်မှ စ၍ စတင်ထိုးစစ်ဆင်နေခြင်းဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း အမြောက်တပ်ရင်းဌာနချုပ်မကျရေး လေကြောင်းပစ်ကူများဖြင့် အသည်းအသန်ခုခံလျက်ရှိသည်။
" စစ်ကောင်စီက အမတ (၃၄၄) တပ်ရင်းက အမြောက်ကြီးတွေကို ကျုံပျော်မှာရှိတဲ့ ခလရ (၃၆) ကို ကြိုပြီးတော့ ရွေ့ပြောင်းနေကြပြီ။ အဓိကတော့ အမြောက်တပ်ကျသွားရင် လက်နက်ခဲယမ်းတွေ တော်လှန်ရေးတပ်တွေ ရရှိသွားမှာကို ကြောက်နေကြတာ" ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
AA ပူးပေါင်းတပ်များ၏ စခန်းသိမ်းတိုက်ပွဲပြင်းထန်မှုနှင့်အတူ စစ်ကောင်စီက မြေပြင်စစ်အင်အားဖြည့်တင်းမှုများလည်း ရှိနေကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။
အမတ (၃၄၄) တပ်ရင်းမှာ ဧရာဝတီနှင့် ရခိုင်နယ်စပ်ကြားတွင် တည်ရှိပြီး တိုက်ပွဲကြောင့် ပုသိမ် - မုံရွာလမ်းဆုံရှိ ရေနံသာစစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီက လုံခြုံရေးတိုးမြှင့်ကာ လမ်းခရီးသွားလာခွင့်ကိုပါ ကန့်သတ်ထားကြောင်း ဒေသခံများထံမှ သိရသည်။
"တိုက်ပွဲကတော့ ဒီရက်ပိုင်း အတော်လည်း ပြင်းထန်နေတယ်။ မြောက်စမ်းဖက်တော့ ဘယ်သူမှ မသွားရဲဘူး။ ရေနံ့သာ ဂိတ်မှာလည်း အင်အားတွေ ဖြည့်တင်းထားပြီး ဖြတ်သန်းသွားလာခွင့်တွေ ပိတ်ထားတယ်။ လက်နက်ကြီးသံတွေရော၊ လေယာဉ်သံတွေပါ အတိုင်းသားကြားနေရတယ်" ဟု ရေကြည်ဒေသခံတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် မတ်လအတွင်းက AA နှင့်ပူးပေါင်းတပ်များ၏ ထိုးစစ်ကြောင့် အမတ (၃၄၄) မှ ဒဏ်ရာရ စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြား ဆေးကုသခွင့်မရ၍ ထွက်ပြေးမှုများလည်းရှိခဲ့သည်။
အာရက္ခတပ်တော်နှင့် တော်လှန်ရေးအင်အားစုတို့သည် ဧရာဝတီ၊ မကွေး၊ ပဲခူးတိုင်းတို့တွင် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းမှစ၍ စစ်မျက်နှာဖွင့်ပြီး စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်လျက်ရှိနေသည်။