- ၃၄၄ အမြောက်တပ် တိုက်ခိုက်ခံရပြီးနောက် ရေကြည်တွင် စစ်ကောင်စီ အထိုင်ချခံစစ်ပြင်ထား
- ကျောက်ဖြူ၊ ရဲတပ်ရင်းတိုက်ပွဲ ပြင်းထန်နေဆဲ၊ စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား လက်နက်ချ
- AA နှင့် ဒေသခံများ ကြိုးပမ်းနေသည့် တောင်ကုတ်မြို့ ပြန်လည်ထူထောင်ရေး
- ရေကြည်တွင် AA ပူးပေါင်းတပ်များ အမတ ၃၄၄ စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲနေ
- ကျောက်ဖြူမြို့အနီး တိုက်ပွဲကပ်လာ၍ မြို့ပေါ်လုံခြုံရေး စစ်ကောင်စီ ပိုတင်းကျပ်
ကျောက်ဖြူ၊ ရဲတပ်ရင်းတိုက်ပွဲ ပြင်းထန်နေဆဲ၊ စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား လက်နက်ချ
အမှတ် (၃၂) ရဲတပ်ရင်းကို AA က ဇွန်လ အစောပိုင်းမှ စ၍ တရွ့ရွေ့ ထိုးစစ်ဆင်နေခြင်းဖြစ်ပြီး ဇွန် ၁၄ ရက်အထိ စစ်ကောင်စီတပ်ဖွဲ့ဝင် ရာနှင့်ချီကျဆုံးကာ ၃၀ ထက်မနည်းကို AA က ဖမ်းဆီးရမိထားကြောင်း မြေပြင်စစ်ရေးအခြေအနေသိသူ ကျောက်ဖြူဒေသခံတစ်ဦးက ပြောသည်။
14 Jun 2025

DMG ၊ ဇွန် ၁၄
အာရက္ခတပ်တော် (AA)က ထိုးစစ်ဆင်နေသော ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ အမှတ် (၃၂) ရဲတပ်ရင်းတိုက်ပွဲမှာ ပြင်းထန်နေပြီး စစ်ကောင်စီဘက်က အကျအဆုံးနှင့် လက်နက်ချသူ အများအပြားရှိကြောင်း စုံစမ်းသိရသည်။
အမှတ် (၃၂) ရဲတပ်ရင်းကို AA က ဇွန်လ အစောပိုင်းမှ စ၍ တရွ့ရွေ့ ထိုးစစ်ဆင်နေခြင်းဖြစ်ပြီး ဇွန် ၁၄ ရက်အထိ စစ်ကောင်စီတပ်ဖွဲ့ဝင် ရာနှင့်ချီကျဆုံးကာ ၃၀ ထက်မနည်းကို AA က ဖမ်းဆီးရမိထားကြောင်း မြေပြင်စစ်ရေးအခြေအနေသိသူ ကျောက်ဖြူဒေသခံတစ်ဦးက ပြောသည်။
" တိုက်ပွဲက ဇွန် ၉ ရက်နေ့လောက်ကနေ တောက်လျောက် ပြင်းထန်နေတယ်။ တပ်တော်(AA) ဘက်ကတော့ စစ်ကူတွေလာမယ့် လမ်းကိုပါ ဖြတ်တောက်စစ်ဆင်ရေး လုပ်ထားတယ်။ ဒီရက်တွေထဲမှာ စစ်ကောင်စီဖက်က လက်နက်ချ အလင်းဝင်တဲ့လူရော ဖမ်းဆီးရမိတဲ့ စစ်သုံးပန့်ရောဆို အယောက် ၃၀ ထက်မနည်းရှိမယ်" ဟု ၎င်းက ပြောသည်။
စစ်ကောင်စီသည် အမှတ် (၃၂) ရဲတပ်ရင်းထဲကို မေလကုန်ပိုင်းမှ စ၍ တပ်သားနှင့် ရဲတပ်ဖွဲ့ဝင်အင်အား ၃၀၀ ထက်မနည်း ဖြည့်တင်းထားပြီး ဓညဝတီရေတပ်ဖက်မှ စစ်ကြောင်းတစ်ကြောင်း၊ တရုတ်စီမံကိန်းရှိရာ မလကျွန်းနှင့် အုန်းတောရွာကြားမှာ စစ်ကြောင်းတစ်ကြောင်းနှင့် ရန်ကုန်- ကျောက်ဖြူ ကားလမ်းမှ စစ်ကြောင်းတစ်ကြောင်းစီဖြင့် ဝိုင်းကူနေသည်။
အလားတူ ဘင်္ဂလားပင်လယ်ဝနှင့် သံစစ်မြစ်အတွင်း နေရာယူထားသော စစ်သင်္ဘောများနှင့် လေကြောင်းမှ ပစ်ကူအပါအဝင် ဂုံးချိန်ကျေးရွာတွင် အခြေစိုက်ထားသော ခမရ (၅၄၂)၊ ခမရ (၅၄၃) တပ်ရင်းများမှလည်း လက်နက်ကြီးများ ပစ်ခတ်၍ စစ်ကောင်စီက ခုခံနေသည်။
" သူတို့ (စစ်ကောင်စီ) ပစ်တဲ့ လက်နက်ကြီးတွေရော၊ တပ်တော်က ပစ်တဲ့ လက်နက်ကြီးတွေရော အဲဒီရဲတပ်ရင်းထဲမှာ ကျပေါက်ကွဲလို့ အထဲမှာရှိတဲ့ အချုပ်ခန်း၊ ခန်းမဆောင်၊ နားနေဆောင် စတဲ့ အဆောက်အအုံတွေကတော့ တော်တော်လေးကို ပျက်စီးသွားပြီလို့ သိရတယ်" ဟု ကျောက်ဖြူဒေသခံတစ်ဦးက ပြောသည်။
အမှတ်(၃၂) ရဲတပ်ရင်းမှာ ပေ ၂၀၀ ခန့်မြင့်သော ဒေသအခေါ် ဒိုးတန်းတောင်ပေါ်တွင်ရှိကာ ၄ ဖာလုံခန့် ပတ်ပတ်လည်ကို အုတ်တံတိုင်း ကာရံ၍ ဝန်ထမ်းအိမ်ရာ၊ နားနေဆောင်၊ အစည်းအဝေးခန်းမ၊ ဧည့်ရိပ် သာ၊ ယာဉ်ရပ်နားဂိုတောင် စသည့် အဆောက်အအုံ ၁၀ ကျော်ဖြင့် တည်ဆောက်ထားသည်။
အဆိုပါ (၃၂) ရဲတပ်ရင်းမှာ ခမရ (၅၄၂)၊ ခမရ (၅၄၃) စစ်တပ်ရင်းရှိရာ ဂုံးချွိန်ရွာကို ၄ မိုင်ခန့်၊ ဓညဝတီရေတပ်ဌာနချုပ်ကို ၇ မိုင်ခန့်နှင့် ကျောက်ဖြူမြို့နှင့် (အဖြောင့်မိုင်) ၄ မိုင်ခန့်သာ ကွာသဖြင့် စစ်ရေးအရ အရေးပါသောနေရာလည်း ဖြစ်သည်။