- အပစ်ရပ်သက်တမ်းတိုးမြှင့်ခြင်းကို စစ်ကောင်စီ အခွင့်ကောင်းယူနေဟု TNLA ပြော
- ကျောက်ဖြူမြို့ရှိ ခလရ (၃၄) တပ်ရင်းထဲ လက်နက်ကြီး ကျရောက်ပေါက်ကွဲ
- စစ်တပ်အကြံ အောင်ပွဲခံမည်လား
- တော်လှန်ရေးတပ်များ လှုပ်ရှားစိုးမိုးမှုအောက်က မြန်မာအရှေ့တောင်ပိုင်းဒေသ
- ၃၄၄ အမြောက်တပ် တိုက်ခိုက်ခံရပြီးနောက် ရေကြည်တွင် စစ်ကောင်စီ အထိုင်ချခံစစ်ပြင်ထား
စစ်တပ်အကြံ အောင်ပွဲခံမည်လား
တပ်မတော်အဖို့ကတော့ ဤရွေးကောက်ပွဲသည် သူတို့အတွက် အောင်မြင်နိုင်ခြေ အရှိဆုံး ထွက်ပေါက်တစ်ရပ်အဖြစ် ရှုမြင်သည်။ ရွေးကောက်ပွဲ တစ်ရပ်ရပ်သာ ကျင်းပနိုင်သည် ဆိုလျှင် ဟန်ပြပင် ဖြစ်နေစေဦး သူတို့ကို ပိုမို တရားဝင်ဖြစ်သွားစေမည်ဟု ဗိုလ်ချုပ်ကြီးများက ယုံကြည်သည်။
16 Jun 2025

ပျက်စီးဆုံးရှုံးမှု ကြီးမားသည့် ငလျင်ဖြစ်ရပ်ကြီး နောက်ပိုင်း၌ မြန်မာစစ်ကောင်စီ ခေါင်းဆောင်များသည် ပြည်တွင်းတွင်သာမက ပြည်ပ၌ပါ ဖိအားများ ပိုတိုးလာသည်ကို ကြုံနေရသည်။ ဤအကျပ်အတည်းကြား၌ စစ်ကောင်စီသည် သူတို့၏ ဦးတည်ချက် ငါးရပ် အစီအစဉ်ကို အာဆီယံ၏ ငြိမ်းချမ်းရေးအစီအစဉ်နှင့်အပြိုင် အကောင်အထည်ဖော်ရန် ရှေ့ဆက်လျက်ရှိသည်။
၎င်းတို့ အစီအစဉ်၏ အရေးအကြီးဆုံးအပိုင်းမှာ ၂၀၂၅ ဒီဇင်ဘာနှင့် ၂၀၂၆ ဇန်နဝါရီ ကြားကာလတွင် အထွေထွေ ရွေးကောက်ပွဲကြီးတစ်ရပ် ကျင်းပရန် ဖြစ်သည်။ ဤအစီအစဉ်ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင်က အိန္ဒိယ၊ တရုတ်၊ ရုရှား၊ ဘဲလာရုစ်နှင့် အာဆီယံနိုင်ငံ ခေါင်းဆောင်များကို ကတိပေးထားသည်။
တပ်မတော်အဖို့ကတော့ ဤရွေးကောက်ပွဲသည် သူတို့အတွက် အောင်မြင်နိုင်ခြေ အရှိဆုံး ထွက်ပေါက်တစ်ရပ်အဖြစ် ရှုမြင်သည်။ ရွေးကောက်ပွဲ တစ်ရပ်ရပ်သာ ကျင်းပနိုင်သည် ဆိုလျှင် ဟန်ပြပင် ဖြစ်နေစေဦး သူတို့ကို ပိုမို တရားဝင်ဖြစ်သွားစေမည်ဟု ဗိုလ်ချုပ်ကြီးများက ယုံကြည်သည်။
အခြားနေရာများမှ ရွေးကောက်ပွဲများတွင် လူတန်းစေ့ အကျုံးဝင်ခြင်း မရှိ၊ လွတ်လပ်မျှတမှု မရှိခဲ့သည့်တိုင် အခြေခံစည်းမျှဉ်းအချို့ကို လိုက်နာခဲ့လျှင် ကမ္ဘာ့နိုင်ငံများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများသည် ထိုရွေးကောက်ပွဲများအား လက်ခံခဲ့ကြသည်ကို ဗိုလ်ချုပ်ကြီးများ သိထားသည်။
စစ်ကောင်စီခန့်အပ်ထားသည့် ရွေးကောက်ပွဲ ကော်မရှင်ထံ၌ ၂၀၂၅ နှစ်လယ်ပိုင်းအထိ မှတ်ပုံတင်ထားသည့် ပါတီပေါင်း ၈၀ အထိရှိသည်။ ရွေးကောက်ပွဲကာလ နီးကပ်လာချိန်၌ အရေအတွက် ထပ်တိုးလာဖွယ် ရှိသည်။
သို့သော် မဲပေးခြင်းကို စစ်ကောင်စီ ထိန်းချုပ်သည့် ဒေသများတွင်သာ ဆောင်ရွက်နိုင်မည် ဖြစ်သည်။ အဓိကအားဖြင့် မြို့ကြီးများနှင့် နိုင်ငံအလယ်ပိုင်း နေရာအချို့ဖြစ်သည်။ လေ့လာသူများက မြို့ပေါင်း ၃၃၀ ရှိသည့်အနက် ၁၄၅ မြို့တွင်သာ မဲပေးနိုင်ကြမည်ဟု ခန့်မှန်းထားသည်။ မကြာသေးခင်က ထွက်ရှိခဲ့သည့် သတင်းများအရ ဆိုလျှင်လည်း စစ်ကောင်စီသည် နိုင်ငံဧရိယာ၏ ၅၃ ရာခိုင်နှုန်းကိုသာ ထိန်းချုပ်ထားနိုင်ပြီး ကျန်ဧရိယာများမှာ တော်လှန်ရေးတပ်များ၏ ထိန်းချုပ်နယ်မြေ သို့မဟုတ် နှစ်ဘက် ပဋိပက္ခနယ်မြေများ ဖြစ်သည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် အာဏာစယူချိန်တည်းက မြန်မာစစ်တပ်သည် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အရေးပေါ် အခြေအနေကို ၆ လလျှင် တစ်ကြိမ်စီ တောက်လျှောက် သတ်မှတ်လာခဲ့သည်။ နောက်ဆုံးသတ်မှတ်ထားသည့် ကာလသည် ဇွန်လ ၃၀ ရက်နေ့တွင် ကုန်ဆုံးမည် ဖြစ်သည်။
စစ်ကောင်စီသည် လာမည့်ရွေးကောက်ပွဲများအတွက် ကြိုတင်ပြင်ဆင်နိုင်အောင် အရေးပေါ်သတ်မှတ်ချက်ကို ၂၀၂၅ ခုနှစ် ဇူလိုင်လတွင် အဆုံးသတ်ရန် စီစဉ်ထားသည်ဟု ၎င်းတို့နှင့် နီးစပ်သည့် သတင်းရင်းမြစ်များက ဆိုကြသည်။ ထို့နောက်တွင် စစ်ကောင်စီသည် အာဏာကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာလုံ) ထံသို့ လွှဲအပ်မည် ဖြစ်သလို ဦးမြင့်ဆွေကိုလည်း ယာယီအကြီးအကဲအဖြစ် ခန့်အပ်မည်ဟု ယူဆရသည်။
ဒေါ်အောင်ဆန်းစုကြည် လက်ထက်၌ ဒုတိယသမ္မတ ဖြစ်ခဲ့သူ ဦးမြင့်ဆွေသည် အငြိမ်းစားဗိုလ်ချုပ်ကြီးတစ်ဦး ဖြစ်ကာ စစ်တပ်နှင့် နီးကပ်သည့်ဆက်ဆံရေး ရှိသည်။ သူ့အနေဖြင့် ရွေးကောက်ပွဲ မတိုင်မီ လိုအပ်သည်များ ပြင်ဆင်ကာ စစ်တပ်နှင့် အနာဂတ် အရပ်သား ခေါင်းဆောင်များအကြား ကြားခံပုဂ္ဂိုလ်အဖြစ် ဆောင်ရွက်ဖွယ်ရှိသည်။
မှတ်ပုံတင်ထားသည့် ပါတီများအနက် အင်အားကောင်းသည့်အဖွဲ့ ငါးဖွဲ့ပါသည်။ အင်အားအကြီးဆုံးမှာ စစ်တပ်၏ နိုင်ငံရေးပါတီဖြစ်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ဖြစ်သည်။ ထင်ရှားသည့် နောက်တစ်ဖွဲ့မှာ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ဖြစ်သည်။ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ပြည်သူ့ပါတီနှင့် ဗိုလ်ချုပ်ကြီးနေဝင်း ဖွဲ့စည်းခဲ့သည့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) တို့သည်လည်း သူ့နယ်မြေများ၌ နေရာများ အနိုင်ရမည်ဟု ယူဆရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီဝင်ဟောင်း ဖြစ်ခဲ့ဖူးသူ ဒေါ်သက်သက်ခိုင်၊ ကျောင်းသားခေါင်းဆောင်ဟောင်း ဦးကိုကိုကြီးတို့ ကဲ့သို့ လူဟောင်းများသည်လည်း နိုင်ငံရေး နယ်ပယ်ထဲသို့ ပြန်ဝင်လာကြသည်။
စစ်ကောင်စီသည် မဲပေး၍ရနိုင်ခြေ ရှိသည့် နေရာများ သတ်မှတ်ရန်အတွက် မကြာသေးမီကမှ သန်းခေါင်စာရင်း ကောက်ယူထားသည်။ ရွေးကောက်ပွဲကို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ကျင်းပမည်ဟုလည်း ပြောထားသည်။ ဤအခြေခံဥပဒေမှာ စစ်တပ်က လွှတ်တော်နှစ်ရပ်လုံးတွင် ၂၅ ရာခိုင်နှုန်း နေရာရထားပြီးသည့် ဥပဒေလည်း ဖြစ်သည်။ အဆိုပါ ရပြီးသား လွှတ်တော်နေရာများတွင် စစ်တပ်က သူတို့စိတ်ကြိုက် စစ်အရာရှိများကို ရွေးချယ်ခန့်ထားခြင်းဖြစ်ပြီး မဲပေးရွေးချယ်ခြင်း မဟုတ်ပေ။
အခြားနိုင်ငံများသည် စစ်ကောင်စီရွေးကောက်ပွဲကို ပုံစံအမျိုးမျိုးဖြင့် တုံ့ပြန်ကြသည်။ အိန္ဒိယ၊ တရုတ်၊ ရုရှားနှင့် ဘဲလာရုစ်တို့က ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူများ စေလွှတ်မည့်သဘော ပြသကြသည်။ ဤသို့ စေလွှတ်မှုက တပ်မတော်အတွက် နိုင်ငံတကာ ကျောထောက်နောက်ခံအချို့ ရရှိစေမည် ဖြစ်သည်။
အာဆီယံကမူ ဤကိစ္စကို မဆွေးနွေးသေးပေ။ သို့သော်လည်း မည်သည့်ရွေးကောက်ပွဲမဆို လူတိုင်းအကျုံးဝင်ရမည်၊ လွတ်လပ်မျှတရမည်ဟု အဖွဲ့က ရှင်းရှင်းလင်းလင်း ပြောထားသည်။ အဖွဲ့ဥက္ကဌ မလေးရှားကမူ တိုက်ပွဲရပ်ဆိုင်းနိုင်ရေး အတွက် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ဦးစားပေးရန်၊ နိုင်ငံရေး ဆွေးနွေးမှုများ မြန်မြန်ဆန်ဆန် စတင်ရန် ပြောကြားထားသည်။
ကွာလာလမ်ပူသည် အာဆီယံရာထူး ရယူစဉ်တည်းက ဘန်ကောက်နှင့် အနီးကပ်ဆောင်ရွက်ကာ မြန်မာဦးဆောင်သည့် အားလုံးအကျုံးဝင်သော လုပ်ငန်းစဉ် ဖြစ်မြောက်ရေးကို လုပ်ဆောင်လျက်ရှိသည်။ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နှင့် မကြာသေးမီက တွေ့ဆုံအပြီး၌ မလေးရှားဝန်ကြီးချုပ် အန်နဝါအီဗရာဟင်သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ခေါင်းဆောင်များနှင့်ပါ ဗီဒီယိုကောဖြင့် တွေ့ဆုံခဲ့သည်။ အာဆီယံသည် ယခုအခါ မတူကွဲပြားသည့် အုပ်စုအမျိုးမျိုးနှင့် ဆက်သွယ်ဆွေးနွေးရန် အသင့်ရှိနေသည်။
၂၀၂၁ ခုနှစ် ဧပြီလတွင် ချမှတ်ခဲ့သည့် အာဆီယံ ဘုံသဘောတူညီချက် ငါးရပ်သည် တိုးတက်မှု အရှိန်ရလာနေသည်။ သို့သော်လည်း စစ်ကောင်စီသည် ဤသဘောတူညီချက်၏ အစိတ်အပိုင်း တချို့ကိုသာ အကောင်အထည် ဖော်နေပြီး ကူညီကယ်ဆယ်ရေးအဖွဲ့များမှာ ပဋိပက္ခနယ်မြေများကို လက်လှမ်းမီရန် အခက်တွေ့နေရဆဲ ဖြစ်သည်။ ဇွန်လကုန်အထိ သက်တမ်းတိုးထားသည့် နောက်ဆုံး အပစ်ရပ်မှုသည် ငလျင်ဒဏ်သင့် ဒေသများအတွက် ပြန်လည်ထူထောင်ရေးနှင့် စာနာမှုအကူအညီများ ပေးအပ်နိုင်ရေးအတွက် ရည်ရွယ်ခြင်း ဖြစ်သည်။
သို့စေကာမူ မြန်မာစစ်တပ်ကသာ ပိုမိုကျယ်ပြန့်သည့် အပစ်အခတ် ရပ်စဲရေးကို သဘောတူပြီး စာနာမှု အကူအညီများ ပိုမိုလက်လှမ်းမီနိုင်အောင် ခွင့်ပြုပေးမည် ဆိုပါက အာဆီယံအနေဖြင့် အဖွဲ့တွင်း မြန်မာ၏ အဆင့်နေရာကို ပြန်သုံးသပ်ပေးဖွယ် ရှိသည်။ ဤလုပ်ရပ်များက ယုံကြည်မှုကို ပြသမည် ဖြစ်သလို အာဏာသိမ်းမှု နောက်ပိုင်းတည်းက ထိပ်သီးအစည်းအဝေးများတွင် ဘေးဖယ်ခံထားရသည့် မြန်မာအတွက်လည်း အာဆီယံထဲသို့ ပြန်ဝင်နိုင်ရေးအတွက် အလှည့်အပြောင်း တစ်ရပ် ဖြစ်သွားနိုင်သည်။
အာဆီယံဥက္ကအဖြစ် နောက်တက်လာမည့် ဖိလစ်ပိုင်သည် တောင်တရုတ်ပင်လယ် အငြင်းပွားမှုကို ဖြေရှင်းနေရသည့် တချိန်တည်း၌ မြန်မာ့အကျပ်အတည်းကိုပါ စီမံဆောင်ရွက်ရန် ခက်ခဲနိုင်သည်။ ဖိလစ်ပိုင်အတွက် ဆိုလျှင် အဖွဲ့ဝင်များအားလုံး စည်းလုံးညီညွတ်ရေးအတွက် အာဆီယံသည် ဘုံသဘောတူညီချက် ငါးရပ်အတွက် ထိရောက်သောတိုးတက်မှု ရရှိရေးတွင် အားလုံးရပ်တည်ချက် တူရမည် ဖြစ်သည်။
သို့အတွက်ကြောင့် မြန်မာကသာ အာဆီယံမိသားစုထဲသို့ ပြန်ဝင်လိုသည် ဆိုပါက လက်ရှိဥက္ကဌ မလေးရှား၏ လက်ကျန်သက်တမ်း ကာလသည် အထူးအရေးပါသည်။ အာဆီယံသည် မြန်မာ့အရေးအတွက် အမြဲတမ်းသံတမန်တစ်ဦး ခန့်အပ်ရေး လုပ်ငန်းစဉ်ကိုလည်း ဆောင်ရွက်ရန် ကျန်နေသေးသည်။ အာဆီယံအဖွဲ့ဝင် အချို့ကတော့ သံတမန် နှစ်ယောက်ထားရန် အကြံပြုကြသည်။ စစ်ကောင်စီအတွက် တစ်ယောက်၊ NUG အတွက် တစ်ယောက်ဖြစ်သည်။
တကယ်တမ်း ဆိုရလျှင် အရှေ့တီမောကို အာဆီယံ၏ ၁၁ ဦးမြောက် အဖွဲ့ဝင် နိုင်ငံအဖြစ် အောက်တိုဘာလတွင် လက်ခံမည့် အစီအစဉ်သည် ဆုံးဖြတ်ချက် ချမှတ်ရေးတွင် ရှုပ်ထွေးသည့် နောက်ထပ် ကိစ္စတစ်ရပ် ဖြစ်နေသည်။ အာဆီယံအဖွဲ့တွင် အရှေ့တီမောသည် အာဏာရှင်အဆန်ဆုံး မြန်မာနှင့် ယှဉ်ပါက လစ်ဘရယ် အကျဆုံးနိုင်ငံ ဖြစ်လာမည်။ အာဆီယံတွင် ကာလရှည်ကြာ ကျင့်သုံးလာခဲ့သော ဆုံးဖြတ်ချက်များ အားလုံးကို ဘုံသဘောတူညီချက်ဖြင့် ချမှတ်ရေးမူမှာလည်း ဆိုခဲ့ပါ အစွန်းနှစ်ဘက်ကြား၌ ဝိဝါဒကွဲစရာ ကိစ္စအသစ် ဖြစ်လျက်ရှိသည်။
စစ်ကောင်စီသည် ရွေးကောက်ပွဲကို သူစီစဉ်ထားသည့်အတိုင်း ဆက်လက်ကျင်းပသွားမည် ဖြစ်ရာ တိုင်းရင်းသားအုပ်စုများ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် အတိုက်အခံ ပါတီများကအစ ကျယ်ကျယ်ပြန့်ပြန် ပါလာဝင်ရန် လိုအပ်နေသည်။ နေပြည်တော်သည် အာဏာသိမ်းမှု နောက်ပိုင်းနှင့် လတ်တလော ငလျင်ဖြစ်ရပ် နောက်ပိုင်း၌ ယခုရွေးကောက်ပွဲက အခင်းအကျင်းသစ် ဖန်တီးပြီး ဒိုင်ယာလော့အသစ်နှင့် ဖွဲ့စည်းမှု အပြောင်းအလဲသစ်များ ကွင်းဖွင့်နိုင်မည်ဟု မျှော်လင့်လျက်ရှိသည်။
လတ်တလောတွင်ကား မြန်မာစစ်တပ်က အဆုံးသတ်ကစားပွဲအတွက် ပြင်ဆင်နေချိန်၌ အာဆီယံအနေဖြင့်လည်း သက်ဆိုင်ရာ အင်အားစုများအားလုံးနှင့် ထိတွေ့ဆက်ဆံထားရမည် ဖြစ်လေသည်။
စောသန္တာအေး
Bangkok Post တွင် ဖော်ပြထားသော သဘောထားအမြင်ဆောင်းပါး Will Myanmar's military plan succeed? ကို ဘာသာပြန်ဆိုပါသည်။ ဆောင်းပါးရှင် Kavi Chongkittavorn သည် ဒေသတွင်းရေးရာများ သုံးသပ်ရေးသားနေသည့် ဝါရင့် သတင်းသမားတစ်ဦး ဖြစ်သည်။