"တခါတလေကျရင် ကိုယ့်ဘဝကိုယ် အဆုံးစီရင် ပစ်ချင်တယ်"

စစ်တွေမြို့နယ်၊ ဗျိုင်းဖြူရွာက အသက် (၇၀) အရွယ် ဒေါ်ရွှေသိန်းလှမှာ နေရပ်စွန့်ခွာချိန်မှ စ၍ ယနေ့အထိ ရွှေ့ပြောင်းစစ်ဘေးရှောင်နေရသည်မှာ တစ်နှစ်ခန့်ရှိခဲ့ပါပြီ။

By Admin 28 May 2025

"တခါတလေကျရင် ကိုယ့်ဘဝကိုယ် အဆုံးစီရင် ပစ်ချင်တယ်"

DMG ၊ အင်တာဗျူး

ယခုအခါ AA က ရခိုင်မြို့နယ် ၁၄ ခုကို သိမ်းပိုက်ထိန်းချုပ်ထားပြီး ထိုဒေသများကို စစ်ကောင်စီက လေကြောင်း ဗုံးကြဲနေ၍ လုံခြုံရေးအန္တရာယ်က ပြည်သူများအတွက် နေ့စဉ်ခြိမ်းခြောက်လျက်ရှိသည်။

ထိုအခြေအနေများကြောင့် နေရပ်စွန့်ခွာသူများမှာ နှစ်ထပ်ကွင်းစစ်ဘေးရှောင်ဖြစ်နေကြရပြီး ဒုက္ခအဖုံဖုံကြားတွင် ဖြတ်သန်းနေကြရသည်။ စစ်တွေမြို့နယ်၊ ဗျိုင်းဖြူရွာက အသက် (၇၀) အရွယ် ဒေါ်ရွှေသိန်းလှမှာ နေရပ်စွန့်ခွာချိန်မှ စ၍ ယနေ့အထိ ရွှေ့ပြောင်းစစ်ဘေးရှောင်နေရသည်မှာ တစ်နှစ်ခန့်ရှိခဲ့ပါပြီ။

မေလ ၁၄၊ ၁၅ နှစ်ရက်ဆက်တိုက် ကျောက်တော်မြို့ကို စစ်ကောင်စီဗုံးကြဲမှုကြောင့် တစ်မြို့လုံးနီးပါး ဘေးလွတ်ရာ တိမ်းရှောင်ခဲ့ကြသည်။ ယခုတစ်ကြိမ်လည်း ဒေါ်ရွှေသိန်းလှတစ်ယောက် စစ်ဘေးထပ်ရှောင်နေရပြန်သည်။

လက်ရှိ ဒေါ်ရွှေသိန်းလှမှာ မိသားစုနှင့်အတူ ကျောက်တော်မြို့နယ်က နေရာတစ်ခုတွင် စစ်ဘေးရှောင်လျက်ရှိသည်။

စစ်ဘေးတိမ်းရှောင်လာသည့် အချိန်မှ စပြီး ယခုအချိန်ထိ နေထိုင်စားသောက်ရေး၊ လုံခြုံရေးစိန်ခေါ်ချက်များအပြင် ရှေ့ဆက်ဖြတ်သန်းမည့်အရေးစသည့် အကြောင်းရာများနှင့် ပတ်သက်၍ ဒေါ်ရွှေသိန်းလှအား DMG မှ မေးမြန်းထားသည်ကို တင်ဆက်ပေးလိုက်သည်။

DMG - ရွာကနေ ဘယ်အချိန်က စလို့ ထွက်ပြေးလာခဲ့တာလဲ။

စစ်တွေဗျိုင်းဖြူရွာကနေ ၂၀၂၄ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့က ထွက်ပြေးလာတာ။ စစ်တွေကနေ အငူမော် (ရသေ့တောင်)ကို စစ်ဘေးရှောင်လာတာကနေ မင်းဖူး (ရသေ့တောင်)ကို ထပ်ပြီး စစ်ဘေးရှောင်တယ်။ မင်းဖူးကို ရောက်တော့ တောင်တက်ပြီး အလုပ် မလုပ်ကိုင်တတ်ဘူး။ ပါလာတဲ့ ပိုက်ဆံတွေနဲ့ပဲ မသေထမင်း မသေဟင်း စားပြီး နေခဲ့ရတယ်။ ကိုယ်တိုင်ကလည်း ကျန်းမာရေးမကောင်းဘူး။ နေစရာကလည်းမရှိတော့ သူများအိမ်မှာ ကပ်ပြီးနေရတယ်။ အဲဒီနေရာကနေ သမီးနဲ့အတူ ဒီနေရာကို ရောက်လာကြတာ။

DMG - ဘာကြောင့် ထွက်ပြေးလာရတယ်ဆိုတာကိုလည်း သိပါရစေ။

(ဗျိုင်းဖြူရွာမှာ) စစ်ကောင်စီတပ်သားတွေ ရွာထဲဝင်လာပြီး ခြိမ်းခြောက်တယ်။ အခြေအနေတွေ ဆိုးဝါးလာမှာမြင်လို့ ကိုယ်တိုင်ကလည်း ကျန်းမာရေးမကောင်းတော့ ထွက်ပြေးလာရတယ်။ အိုးခွက်၊ ပန်းကန်တွေဆိုတာ မမြင်ဖူးဘူး။ ဇွန်းလေး တစ်ချောင်းတောင် ပါမလာဘူး။ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ထွက်ပြေးလာရတာ။ နေထိုင်မဲ့နေရာ ရောက်တော့ ဆွေမျိုးသားချင်းတွေက နည်းနည်းပါးပါး ပေးကမ်းကြတယ်။ ဒုက္ခခံနေကြရတာမှာ ဆွေမျိုးတွေက ဘယ်လောက်ထိ ပေးကမ်းနိုင်မှာလဲ။ စစ်ဘေးရှောင်စခန်းကိုရှာပြီး စစ်ဘေးရှောင်စခန်းမှာ ထမင်းတစ်နပ်ဆိုလည်း တစ်နပ်စားမယ်။ အမိုးအကာတစ်စိတ်တစ်ပိုင်းပဲ ရှိရင်တောင် ရတဲ့ နေရာမှာနေမယ်။ သေရမယ်ဆိုရင်တောင် သေပစ်မယ် ဒီလိုစိတ်နဲ့ ကျောက်တော်ကို ရောက်လာတာ။

DMG - ကျောက်တော်မြို့ကနေ အခုလက်ရှိ ဒီနေရာကို ဘာကြောင့် ရောက်လာတာလဲ။ စားရေးသောက်ရေးအခြေအနေကိုလည်း သိပါရစေ။

ကျောက်တော်မြို့ကို ဗုံး ၂ ရက်ဆက်တိုက်ကြဲတော့ နောက်ဆုံးကြဲတဲ့ နေ့မှာပဲ ဒီနေရာကို ထပ်ပြီးတိမ်းရှောင်လာကြတာ။ ဒီမှာ မိသားစု ၃ စုပေါင်းပြီး နေတယ်။ တစ်ယောက်မှာ ရှိသလောက်လေးကို စုပြီး ဈေးဝယ်စားကြတယ်။ အခုက ကျမ သမီးကလည်း အလုပ်မရှိဘူး။ တခြားမိသားစုတွေကလည်း အကုန်လုံး မိန်းမသားတွေချည်းပဲ။ အတူတူနေကြတဲ့ မိသားစုမှာ ယောက်ျားတစ်ယောက်ပဲ ပါတယ်။ သူအလုပ်ရရင်တော့ သူ့လုပ်အားခနဲ့ ကျမတို့ အကုန် မျှဝေပြီး စားကြရတယ်။ သူတို့ငတ်ရင် ငတ်ကြရမယ်။ သူတို့စားရရင် အတူတူ စားရမယ်။ သေရင်လည်း အတူတူသေကြမယ်ပေါ့။ အဲလိုမျိုး နေနေရတယ်။

DMG - ကျောက်တော်ကို ဗုံးကြဲတဲ့အချိန် ကြုံတွေ့ခဲ့ရတဲ့ အခြေအနေကိုလည်း ပြေပြပေးပါလား။

ကျောက်တော်ဗုံးကြဲခံရတဲ့နေ့က ရထားဘူတာ(အဆောင်) အောက်မှာ နေမကောင်းလို့ လှဲနေတာ။ အဲဒီအချိန် လေယာဉ်က အသံအကျယ်ကြီးနဲ့ ဆင်းလာတယ်။ ဗုံးကြဲတော့ တုန်ခါမှုတွေကြောင့် ရထားဘူတာ အပေါ်ထက်က ဘိလပ်မြေခဲတွေ ပြိုဆင်းလာတယ်။ ကျမ လှဲနေရာကနေ အောက်ကိုလှိမ့်ချလိုက်လို့ ကံကောင်းသွားလို့ ပြောရမယ်။ ဒီမှာနေလည်း မလုံခြုံဘူး။ ပုန်းခိုဖို့ နေရာတွေကို ရှာပြီးနေရတယ်။

DMG - အရင် စစ်ဘေးရှောင်စခန်းမှာနေတုန်းက စားဝတ်နေရေးကို ဘယ်လိုဖြေရှင်းခဲ့လဲ။

ကျောက်တော်ကို စစ်ဘေးရှောင်လာတုန်းက အလုပ်တစ်ခုခုရှာပြီး လုပ်စားမယ် အတွေးနဲ့ လာတာ။ ကျမသမီး အလုပ် မလုပ်နိုင်ဘူးဆိုရင် ကျမမှာ ဒီတိုင်းပဲ နေရတယ်။ ကျန်းမာရေးမကောင်းတော့ ဆေးခန်းလည်း မပြနိုင်ဘူး။ ပိုက်ဆံ ၅၀၀ ပဲ တတ်နိုင်တယ်။ ပိုက်ဆံ ၅၀,၀၀၀ ဆိုတာ မရှိဘူး။ ဒီနေ့အချိန်ထိ ကိုယ်လည်း အလုပ် မလုပ်နိုင်ဘူး။ သမီးက အလုပ်တော့ လုပ်နိုင်တယ်။ အလုပ်မလုပ်နိုင်တဲ့ အခါကျရင် အတူတူနေကြတဲ့ စစ်ဘေးရှောင် မိသားစုတွေဆီက မျှဝေစားသောက်ပြီး နေနေကြရတာ။ ညီတူညီမျှ အေးတူအေးမျှ သေရင်လည်း အတူတူ သေမယ်ဆိုပြီး နေခဲ့ကြတာ။

DMG - မိသားစုအရေးတွေကို ဖြေရှင်းနိုင်ဖို့ ဘယ်လို ရုန်းကန်နေရလဲ။

မိသားစုအရေး အစအဆုံးဖြေရှင်းနိုင်ဖို့ အစွမ်းဆိုတာ လုံးဝမရှိဘူး။ ကိုယ့်ကျန်းမာရေးကိုတောင် ကိုယ် မနိုင်တာ။ မိသားစုအတိုင်းအတာနဲ့ ကျမဖြေရှင်းနိုင်ဖို့ အရည်အချင်း လုံးဝမရှိတော့ဘူး။ တခါတလေကျရင် ကိုယ့်ဘဝကိုကိုယ် အဆုံးစီရင်ပစ်ချင်တယ်။ မလုပ်နိုင် မကိုင်နိုင်လို့ ဝန်ထုပ်ဝန်ပိုးတစ်ခုဖြစ်တယ်လို့ ခံစားရတယ်။ ဘဝပြောင်းသွားရင် ကျန်လိုက်တဲ့ သားသမီးမြေးမြစ်တွေ လုပ်စားကိုင်စားဖို့အတွက် အငြိအတွယ် မရှိတော့ဘူး။ အခု ကျမရှိနေတော့ သူတို့ကို ဝန်ထုပ်ဝန်ပိုး တစ်ခုပေးနေရသလို ခံစားရတယ်။ နေချင်စိတ် မရှိတော့ဘူး။ တိုင်းပြည်အေးချမ်းသွားရင်တောင် ကျန်လိုက်တဲ့သူတွေ အကျိုးခံစားခွင့် ရှိစေချင်တယ်။

DMG - ရှေ့ဆက်ဖြတ်သန်းရမယ့် အရေးနဲ့ပတ်သက်လို့ ဘယ်လိုတွေးထားလဲ။

ကိုယ့်နေရာကို ပြန်ဖို့အတွက် ခန့်မှန်းချက်မရှိဘူး။ အခုရောက်တဲ့ အရပ်မှာ အလုပ်ကို မှန်မှန်ကန်ကန်လုပ်ပြီး ထမင်းကိုကြော်စားနေရလည်း ကျေနပ်နေရတာ။ စစ်တွေကိုရောက်ရင်လည်း ဘာလုပ်မယ်ဘာကိုင်မယ်ဆိုပြီး မျှော်လင့်ချက် လုံးဝမရှိဘူး။ အခုလောလောဆယ် စားဝတ်နေရေးအဆင်ပြေဖို့အတွက်ကိုပဲ နေ့တိုင်းပူပန်နေရတယ်။ စားဖို့သောက်ဖို့က အဓိက ဖြစ်နေတယ်။ စားဖို့ရှိမှ အဆင်ပြေမယ်။ နေစရာ နေရာကတော့ အခုလို ရောက်တဲ့ နေရာမှာ နေကြရတာပဲ။ စားဖို့သောက်ဖို့အတွက် ထောက်ပံ့ရင် ပိုလို့ အဆင်ပြေတယ်။ ရှေ့ဆက်ပြီးတော့ မျှော်လင့်ချက်ဆိုတာ မထားချင်ဘူး။

DMG - အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။