ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးနှင့် Development Media Group တို့ အမေးအဖြေ

“ဒယ်လ်တာဆိုတဲ့ မျိုးရိုးဗီဇပြောင်းပိုးက အဆိုးဆုံးဖြစ်ပါတယ်။ ဒယ်လ်တာက ကူးစက်မှုလည်းမြန်တယ်။ မိသားစုအတွင်းမှာ အစုလိုက်ကူးစက်တာကလည်း ဒယ်လ်တာပဲဖြစ်ပါတယ်။ ဒယ်လ်တာကြောင့် အောက်စီဂျင်လိုအပ်မှုတွေလည်း များလာတယ်”

04 Sep 2021

“ဒယ်လ်တာဆိုတဲ့ မျိုးရိုးဗီဇပြောင်းပိုးက အဆိုးဆုံးဖြစ်ပါတယ်။ ဒယ်လ်တာက ကူးစက်မှုလည်းမြန်တယ်။ မိသားစုအတွင်းမှာ အစုလိုက်ကူးစက်တာကလည်း ဒယ်လ်တာပဲဖြစ်ပါတယ်။ ဒယ်လ်တာကြောင့် အောက်စီဂျင်လိုအပ်မှုတွေလည်း များလာတယ်”

လက်ရှိမြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ကိုဗစ်တတိလှိုင်းအတွင်း မျိုးရိုးဗီဇပြောင်းဗိုင်းရပ်စ်ပိုးတွေ့ရှိနေရမှုအခြေအနေနှင့် ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဌာန ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးနှင့် Development Media Group တို့ အမေးအဖြေများကို စာဖတ်ပရိတ်သတ်များ ဖတ်ရှုနိုင်အောင် တင်ဆက်ပေးလိုက်ပါသည်။

DMG - လက်ရှိမြန်မာနိုင်ငံမှာ ကိုဗစ်တတိယလိူင်းအခြေအနေက ဘယ်လိုရှိပါသလဲ။

ဒေါက်တာခင်ခင်ကြီး - လက်ရှိမှာဆိုလို့ရှိရင် ကိုဗစ်ရောဂါနဲ့ပတ်သက်လို့ ပိုးတွေ့ရှိမူဟာ ဆယ်ရာခိုင်နှုန်းအောက် ရောက်သွားတာကို သတိထားမိမှာဖြစ်ပါတယ်နော်။ ဘာဖြစ်လို့လဲဆိုတော့ ပိုးတွေ့စစ်ဆေးမှုတွေက များများလုပ်လာနိုင်တယ်ပေါ့။ ဒီရက်ပိုင်းမှာဆိုလို့ရှိရင် စစ်ဆေးနိုင်မူ လေးသောင်းငါးထောင်ရှိတယ်ဆိုတာကို တွေ့ရမှာဖြစ်ပါတယ်။ စစ်ဆေးနိုင်မှုကများတယ်။ ပိုးတွေ့ရှိမှုအနေနဲ့ဆိုရင် တစ်ဆယ်ရာခိုင်နှုန်းအောက်ရောက်နေတယ်။ သေဆုံးမှုတွေကလည်း ကျလာတယ်။ နောက်တစ်ခုက တွေ့ရှိမှုတွေ၊ စစ်ဆေးနိုင်မှုတွေကို ဂရက်တွေဆွဲလိုက်တဲ့ အခါမှာလည်း အခုကလိုင်းတစ်ခုကပြန်ကျတဲ့ အလယ်လောက်ကိုရောက်နေပြီဆိုတာကို တွေ့ရှိရမှာဖြစ်ပါတယ်။ ရောဂါပိုးတစ်ခုဖြစ်ပြီဆိုလို့ရှိရင် တက်ရင်သာမြန်တယ်။ တက်ရင်သာ ဟိုးထိပ်ထိရောက်သွားတယ်။ ကျလို့ရှိရင် နှေးတတ်တာပေါ့။ တခါတလေ့ကျလို့ရှိရင် လှိုင်းရဲ့အလယ်လောက်မှာတင် သူကအောက်ထိ မဆင်းသေးဘဲနဲ့လည်း တန့်နေတာမျိုးလည်းရှိတတ်ပါတယ်။ ဒါကြောင့် ကျွန်မတို့အနေနဲ့ တတိယလှိုင်းအမြန်ဆုံးထိန်းချုပ်နိုင်ဖို့အတွက် ဆောင်ရွက်နေပါတယ်။ အခုလက်ရှိအနေအထားက ကျဆင်းလာတဲ့အနေအထားတော့ရှိပါတယ်။ သို့သော် လှိုင်းရဲ့ အောက်ခြေအထိရောက်ဖို့ဆိုတာကတော့ အချိန်ယူရဦးမှာဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီရက်ပိုင်းမှာ စစ်ဆေးမှုတွေကို ပိုပြီးတော့လုပ်နေပါတယ်။ စစ်ဆေးမှုတွေကိုလည်း မကျန်ရအောင် ပိုပြီးတော့စစ်ဆေးနေပါတယ်။ အဲဒီလိုဆောင်ရွက်တာဟာ တတိယလှိုင်းကို အမြန်ဆုံးထိန်းချုပ်ဖို့အတွက် ဆောင်ရွက်နေတာဖြစ်ပါတယ်။

DMG - နောက်တစ်ခုက ကိုဗစ်ကာကွယ်ဆေးထိုးထားတဲ့လူတွေနဲ့ မထိုးထားတဲ့လူတွေရဲ့ ကွာဟချက်ကဘာရှိမလဲ။ ဘယ်လိုမျိုး ကွာခြားမှုတွေရှိလဲ။ ဥပမာ- ရောဂါခံနိုင်စွမ်းအားကို ဘယ်လောက်ထိ ကာကွယ်ပေးနိုင်လဲပေါ့။

ဒေါက်တာခင်ခင်ကြီး - ဒါနဲ့ပတ်သက်လို့ရှိရင် ကာကွယ်ဆေးထိုးသူနဲ့ မထိုးသူကတော့ ကွာခြားချက်တွေအများကြီးပေါ့။ ကာကွယ်ဆေးတစ်ခုရဲ့ အာနိသင်ဆိုလို့ရှိရင် ကျွန်မတို့ WHO ကနေ အသိအမှတ်ပြုတဲ့ ကာကွယ်ဆေးတွေ၊ အရေးပေါ် အသုံးပြုခွင့်ပေးတဲ့ ကာကွယ်ဆေးတွေဟာ ဒီကိုဗစ်ရောဂါကို ရ၀ ကနေ ၉၀ ရာခိုင်နှုန်းအထိ ကာကွယ်ပါတယ်။ ကာကွယ် ဆေးထိုးထားပြီးဆိုတော့ သူဟာ ကူးစက်ခံရမယ့်အခွင့်အရေးပေါ့နော်။ ရ၀ ကနေ ၉၀ အထိ ကာကွယ်တယ်ဆိုတာကို သိစေချင်ပါတယ်။ ဒါဆိုလို့ရှိရင် ဆေးရုံတက်ရောက်မူတွေ၊ ရောဂါပြင်းထန်မှုတွေ၊ ခံစားရမူတွေ၊ သေဆုံးမူတွေကတော့ ဘယ်လောက်ကာကွယ်လဲဆိုလို့ရှိရင် ၉၀ ရာခိုင်နှုန်းကျော် ကာကွယ်ပါတယ်။ ဒါဆိုလို့ရှိရင် ၉၀ ရာခိုင်နှုန်းကာကွယ်နိုင်တယ်၊ ၁၀၀ ရာခိုင်နှုန်း မကာကွယ်နိုင်ဘူးလားဆိုတော့ ကျွန်မတို့ ဆေးပညာလောကမှာကော ကာကွယ်ဆေး၊ ကုသဆေးက ဘယ်အရာမှ ၁၀၀ ရာခိုင်နှုန်း ကုသပေးနိုင်တာ၊ ကာကွယ်နိုင်တယ်ဆိုတာမရှိပါဘူး။ ကျန်တဲ့ ၁၀ ရာခိုင်နှုန်းကတော့ပေါ့နော်။ တချို့ကာကွယ်ဆေးတွေဆိုရင် ပြောကြပါတယ်။ ၅ ရာခိုင်နှုန်း ၁၀ ရာခိုင်နှုန်းဝန်းကျင်ကတော့ ကာကွယ်ဆေးထိုးပေးပေမယ့် သူတို့က သေဆုံးနိုင်ပါတယ်။ ဘာဖြစ်လိုလဲဆိုတော့ နဂိုကတည်းက ရောဂါအခံရှိတယ်။ ကျန်းမာရေးမကောင်းဘူး။ ကျောက်ကပ်ဆေးနေရတဲ့လူတွေ၊ နဂိုကတည်းက ကင်ဆာဝေဒနာခံစားနေရတဲ့လူတွေ၊ နာတာရှည်ရောဂါတွေ ခံစားနေရတဲ့ လူတွေဟာ  ၅ ရာခိုင်နူန်း၊ ၁၀ ရာခိုင်နှုန်းထဲပါနိုင်ပါတယ်။ အခုဆိုလို့ရှိရင် ဆေးရုံတက်ရောက်တဲ့ လူတွေကိုကြည့်လိုက်ရင် ဆေးရုံတက်ရောက်တဲ့လူတွေရဲ့ ၉၀ ရာခိုင်နှုန်းက ကာကွယ်ဆေးမထိုးထားဘူးဆိုတာကို တွေ့ရှိရပါတယ်။ ကာကွယ်ဆေး ထိုးတာဟာ တကယ်ကိုထိရောက်ပါတယ်။ ကောင်းမွန်တယ်။ အထူးသဖြင့် ဗိုင်းရပ်စ်မျိုးဗီဇကွဲဆိုလို့ရှိရင်လည်း ကာကွယ်ဆေးတွေဟာ ၆၀ ရာခိုင်နှုန်းအထက် ကာကွယ်တယ်ဆိုပြီးတော့ WHO ကလည်း ပြောထားပြီးဖြစ်ပါတယ်။ ကာကွယ်ဆေးမထိုးထားလို့ရှိရင် သူများထက်ရောဂါကူးစက်မူ ငါးဆပိုမယ်ပေါ့။ ထိုးထားတဲ့လူက အေးအေးဆေးဆေး ဖြစ်နေတဲ့အချိန်မှာ သူက လူများထက်ပိုပြီးတော့ ရောဂါပိုးကူးစက်ခံရနိုင်တယ်။ နောက်တစ်ခုက ဆေးရုံတက်ရောက်မူက ဘယ်လောက်ရှိလဲဆိုတော့။ ကာကွယ်ဆေးထိုးထားတဲ့လူထက် မထိုးထားတဲ့လူက ပိုပြီးတော့ဆေးရုံတက်ရနိုင်ခြေရှိတယ်။ ဒါကိုလည်း ထုတ်ပြန်ထားပါတယ်။ ကာကွယ်ဆေးထိုးထားတာဟာ ဆေးရုံတက်ရောက်မှုကိုလည်း လျော့စေသလို ရောဂါကူးစက်မူကိုလည်း လျော့စေတဲ့အတွက်ကြောင့်မို့ ကာကွယ်ဆေးကတော့ မဖြစ်မနေထိုးနှံသင့်တယ်ဆိုတာကို သိစေချင်ပါတယ်။

DMG -  တခြားနိုင်ငံတွေမှာ မျိုးရိုးဗီဇပြောင်းပိုးရောဂါပိုးတွေ တွေ့ရတယ်လို့ပြောထားပါတယ်ဆရာမ။ အဲဒီထဲမှာ မြန်မာပြည်မှာ ကာကွယ်ဆေးထိုးထားတဲ့လူတွေက အကျိုးသက်ရောက်မူ ဘယ်လောက်ရှိပါသလဲ။

ဒေါက်တာခင်ခင်ကြီး - ဒါကိုလည်း ကျမအရှေ့မှာလည်း ပြောပြီးပါပြီ။ ကာကွယ်ဆေးက ထိုးထားမယ်ဆိုလို့ရှိရင် ဗီဇပြောင်းရောဂါပိုးကို ကျွန်မတို့ ၆၀ ရာခိုင်နှုန်းထိ ကာကွယ်တယ်ဆိုတာကို ပြောထားပြီးဖြစ်ပါတယ်။ ဒါက ဗီဇပြောင်းပိုးတွေကို ကာကွယ်တာဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးထားပြီးရင်ကော ပြန်ပြီးတော့ ကူးစက်မှုတွေ မဖြစ်နိုင်ဘူးလားဆိုတော့ ဒါကပြန်ပြီးတော့ ကူးစက်မှုတွေဖြစ်နိုင်ပါတယ်။ နဂိုကတည်းက ရောဂါအခံရှိတဲ့လူတွေ၊ နဂိုက ကိုယ့်ခံအားကျဆင်းနေတဲ့လူတွေ၊ အသည်းတို့၊ ကျောက်ကပ်တို့ လှဲထားတာကြောင့် ကိုယ့်ခံအားကျဆင်းပြီးတော့ ဆေးသောက်နေရတဲ့လူတွေ၊ တချို့ကျတော့ ကိုယ့်ခံအားကိုကျစေတဲ့ဆေးတွေသောက်သုံးနေရတယ်။ အဲဒီလို လူတွေဆိုလို့ရှိရင် ပြန်ပြီးတော့ကူးစက်လာနိုင်ပါတယ်။ ပုံမှန်အားဖြင့်တော့ လူကောင်းပေါ့နော်၊ အသက်အားဖြင့် ငယ်တယ်၊ ရောဂါအခံမရှိဘူးဆိုရင် ပြန်ကူးစက်နိုင်မှုအခြေအနေက နည်းပါတယ်။ အခုလက်ရှိ အမေရိကမှာဆိုလို့ရှိရင် သြဂုတ် ၂၃ ရက်နေ့ထိပေါ့နော်။ ကာကွယ်ဆေးထိုးပြီးတဲ့ လူဆိုလို့ရှိရင် ၁၇၁ သန်းရှိပါတယ်။ အဲဒီ ၁၇၁ သန်းမှာ ကိုဗစ်ဆေး ထိုးထားရက်သားနဲ့ ပြန်ပြီးတော့ကူးစက်တဲ့လူက တစ်သောင်းနှစ်ထောင့်ငါးဆယ်ရှိတယ်။ ဒါဆိုလို့ရှိရင် ၁၇၁ သန်းမှာ တစ်သောင်းတစ်ထောင်ကျော်ပဲဖြစ်တဲ့အတွက်ကြောင့်မို့ ဒီကာကွယ်ဆေးထိုးပြီးသူတစ်သန်းမှာ ဖြစ်နိုင်တဲ့လူက ၆၄ ယောက်ပဲရှိပါတယ်။ ရာခိုင်နှုန်းအားဖြင့် ၀ ဒသမ ၀၅ လောက်ပဲဖြစ်ပါတယ်။ အလွန်နည်းပါတယ်။ ကာကွယ်ဆေးထိုးပြီးတော့ ပြန်ဖြစ်ပြီးတော့ ဆေးရုံတက်ရတယ်ဆိုတဲ့ အနေအထားသည် အလွန်နည်းပါတယ်။ ဒါကြောင့် ကာကွယ်ဆေးက မဖြစ်မနေ ထိုးဖို့လိုတယ်ဆိုတာပြောချင်ပါတယ်။

DMG - ကျနော်တို့ ရခိုင်ပြည်မှာဆိုရင်လည်း အသက် ၆၅ နှစ်အရွယ်တွေက ကိုဗစ်ကာကွယ်ဆေးထိုးရမှာကို ကြောက်တာတွေရှိပါတယ်။ ထိုးလိုက်ရင် တစ်ခုခုဖြစ်မှာကြောက်တယ်။ အဲဒါကို ဘယ်လိုမျိုး ပြောချင်တာရှိပါသလဲ။

ဒေါက်တာခင်ခင်ကြီး - ဟုတ်ကဲ့၊ အဲဒါနဲ့ပတ်သက်လို့ရှိရင် ကျွန်မတို့ ဒီဆေးတွေသည် ရောဂါပိုးဝင်ရောက်ခြင်းကနေ ကာကွယ်ပေးနိုင်ဖို့ အကောင်းဆုံးလက်နက်တစ်ခုဖြစ်ပါတယ်။ ပြီးလို့ရှိရင် ကာကွယ်ဆေးထိုးထားတယ်ဆိုတာက ရောဂါပိုး အခြေအနေ၊ ရောဂါကိုဖြစ်စေနိုင်တဲ့အရာတွေကို ထည့်သွင်းပေးတာမဟုတ်ပါဘူး။ ဒါလေးကို ရှင်းရှင်းလင်းလင်း သိစေချင်ပါတယ်။ ကာကွယ်ဆေးကိုဖော်စပ်တယ်ဆိုကတည်းက သူရဲ့ဖော်စပ်နည်းအဆင့်ဆင့်မှာ ရောဂါပိုး ဝင်ရောက်ခြင်းကနေ ကာကွယ်နိုင်အောင် ကာကွယ်ဆေးထိုးပြီးလို့ရှိရင် ခန္ဓာကိုယ်ကနေ တုံ့ပြန်နိုင်တဲ့ ကိုယ်ခံအားတွေရှိအောင် ဖန်တီးထားတာဖြစ်ပါတယ်။ ရောဂါပိုး မဝင်ခင်ကတည်းက ကာကွယ်ဆေးထိုးထားမယ်။ ကာကွယ်ဆေးဟာခန္ဓာကိုယ်ထဲ ရောက်သွားပြီးတော့ ဗိုင်းရစ်ပိုးကိုတိုက်ခိုက်ဖို့အတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားတာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကိုယ်ကိုဒုက္ခပေးမယ့်အခြေအနေဖြစ်လာပြီဆိုရင် ခန္ဓာကိုယ်ထဲမှာ ပိုးကိုတိုက်ထုတ်နိုင်တဲ့ ကိုယ့်ခံအားရှိတဲ့အတွက် ရောဂါးကူးစက်ခံရတဲ့အခြေအနေတွေ မရောက်တော့ဘဲ သာမန်လက္ခဏာနဲ့ ပြီးသွားနိုင်တယ်။ အထူးသဖြင့်ဆိုရင် အသက် ၆၀ ၊ ၆၅ နှစ်ဆိုလို့ရှိရင် အများအားဖြင့်တော့ နောက်ဆက်တွဲအနေနဲ့ ကိုယ်ခံအားကိုလည်း ကောင်းကောင်းမွန်မွန်ရှိဖို့လိုတယ်။

ကယ်လီဖိုးနီးယားက ထုတ်ပြန်ချက်အရဆိုလို့ရှိရင် ကိုဗစ်ပိုးခံစားရတဲ့လူတွေ၊ အထူးသဖြင့် အသက်ငယ်တဲ့လူတွေ ပါလာတယ်ပေါ့နော်။ သူတို့က ကာကွယ်ဆေး မထိုးထားဘူးပေါ့။ ပြင်းပြင်းထန်ထန်၊ ဆိုးဆိုးဝါးဝါးတွေ ခံစားရတယ်။ အဲဒီတော့မှ ဘာဖြစ်လိုဆေးမထိုးခဲ့မိပါလဲ။ ဘာဖြစ်လိုငါ့တို့ ဆေးထိုးပါလို့ပြောတဲ့ကိစ္စကို ဘာကြောင့်နားမထောင်ခဲ့မိပါလဲ အဲဒီလိုနောင်တရပြီးတော့ လူနာတွေရဲ့ပြောဆိုချက်တွေကို ထုတ်ပြန်လာတာရှိပါတယ်။ ဒီလိုမဖြစ်ရအောင် မိဘဘိုးဘွားတွေကို ကာကွယ်ဆေးထိုးဖို့တိုက်တွန်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့တွေက လူငယ်တွေလို ရောဂါကို တိုက်ထုတ်နိုင်တဲ့အခြေအနေ နည်းပါတယ်။ ရောဂါ ၁၀၀ ဖြစ်ရင် ၁၀၀ လုံးကတော့ ဆိုးဆိုးဝါးဝါးဖြစ်ပြီးတော့ သေတာ မဟုတ်ပါဘူး။ ၈၅ ဦးလောက်ကတော့ ပြန်ကောင်းပါတယ်။ သို့သော် အသက်ကြီးတဲ့ ၈၅ နှစ်မှာ သူဟာနဲ့သူ ပြန်ကောင်းနိုင်မူဟာ ပါဝင်ဖို့ရာခိုင်နှုန်း တော်တော်နည်းပါတယ်။ သူတို့က ဆိုးဆိုးဝါးဝါးခံစားရတာတို့ ICU ထဲရောက်တာတို့ သေဆုံးတဲ့အထိဖြစ်ဖို့က ပိုများပါတယ်။ ဒါကြောင့် လူကြီးတွေကို ထိပ်ပိုင်းတွေမှာထားပြီးတော့ ထိုးနှံတာဖြစ်ပါတယ်။ ဒါကြောင့် အတွေးမမှားပါနဲ့လို့ ကျွန်မအနေနဲ့ တိုက်တွန်းလိုပါတယ်။

DMG - တခြားနိုင်ငံတွေမှာဆိုရင် ကိုဗစ်မျိုးရိုးဗီဇပြောင်း ပိုးတွေ့လူနာတွေရှိတယ်လို့ ကြားနေရတယ်။ အဲဒီ မျိုးရိုး ဗီဇပြောင်းပိုးတွေက ကူးစက်မြန်တယ်။ ဖြစ်လာရင်ရောဂါပြင်းထန်တယ်လို့သိရတယ်။ အဲဒီမျိုးရိုးဗီဇပြောင်းပိုးတွေ မြန်မာနိုင်ငံကို မကူးစက်ရအောင် ဆရာမတို့အနေနဲ့ ဘယ်လို့မျိုးဆောင်ရွက်ထားတာတွေရှိလဲ။

ဒေါက်တာခင်ခင်ကြီး - ဒီမျိုးရိုးဗီဇပြောင်းပိုးတွေမှာ လူကိုအဓိကဒုက္ခပေးတာက (၄)မျိုးရှိတယ်။ အဲဒါကတော့ “ အယ်လ်ဖာ၊ ဗီတာ၊ ဂါမာနဲ့ ဒယ်လ်တာ” ပေါ့နော်။ အဲဒီဒုက္ခပေးတဲ့မျိုးရိုးဗီဇပြောင်း (၄)မျိုးထဲမှာ ကျွန်မတို့နိုင်ငံမှာ (၃)မျိုးရှိပါတယ်။ အယ်လ်ဖာဆိုတဲ့ UK ကပြောင်းလာတဲ့ ဗီဇပြောင်းပိုးရယ်၊ ဗီတာဆိုတဲ့ တောင်အာဖရိကပြောင်းလာတဲ့ ဗီဇပြောင်းပိုးရယ်၊ ဒယ်လ်တာဆိုတဲ့ အိန္ဒိယကပြောင်းလာတဲ့ ဗီဇပြောင်းပိုးရယ်ဆိုပြီးတော့ (၃)မျိုးရှိတယ်။ ဗီဇပြောင်းပိုးထဲမှာမှ ဒယ်လ်တာက နိုင်ငံပေါင်း ၁၆၄ နိုင်ငံမှာ ရောက်ရှိနေပြီဖြစ်ပါတယ်။ ဒယ်လ်တာဆိုတဲ့ မျိုးရိုးဗီဇပြောင်းပိုးက အဆိုးဆုံးဖြစ်ပါတယ်။ ဒယ်လ်တာက ကူးစက်မှုလည်းမြန်တယ်။ မိသားစုအတွင်းမှာ အစုလိုက်ကူးစက်တာကလည်း ဒယ်လ်တာပဲဖြစ်ပါတယ်။ ဒယ်လ်တာကြောင့် အောက်စီဂျင်လိုအပ်မှုတွေလည်းများလာတယ်။ ဒီလိုကူးစက်မှုတွေမဖြစ်နိုင်ဖို့အတွက် ကျွန်မတို့အနေနဲ့ နိုင်ငံခြားကဝင်လာနိုင်တဲ့ ဝင်ပေါက်တွေကိုပိတ်ထားရပါတယ်။ ပြောချင်တာကတော့ ကူးစက်နှုန်းတွေ ကိုယ့်နိုင်ငံထဲကို ဝင်ရောက်မလာနိုင်ဖို့အတွက် လုပ်တာဖြစ်ပါတယ်။ ပြီးတော့ နယ်စပ်ဝင်ပေါက်၊ ထွက်ပေါက်တွေရှိတယ်။ ဒါတွေကိုလည်း ကြီးကဲကြပ်မတ်ပြီးတော့ စစ်ဆေးတာတို့၊ Stay at Home သတ်မှတ်ထားတဲ့ မြို့နယ်တွေလာတဲ့သူတွေဆိုရင် သေချာစစ်ဆေးပြီးမှ ပိုးမတွေ့ဘူးဆိုရင် ဝင်ခွင့်ပြုပါတယ်။ နောက်ပြီးတော့ သက်ဆိုင်ရာတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိပါတယ်။ ပြည်သူတွေအနေနဲ့လည်း ရောဂါကူးစက်မှုမဖြစ်ရအောင် ကာကွယ်ဖို့လိုတယ်။ နောက်ထပ်လည်း ဗီဇပြောင်းပိုးတွေ တွေ့လာနိုင်တယ်။ အဲဒါကြောင့် ပြည်သူလူထုတွေအနေနဲ့ ကိုဗစ်စည်းကမ်းတွေကို လိုက်နာဖို့ လိုအပ်တယ်။ မိမိကိုယ်ကတည်းက ပေ့ါဆနေမယ်ဆိုရင် ဗိုင်းရပ်စ်ကူးစက်ဖို့အတွက် အသုံးချခံခန္ဓာကိုယ်ဖြစ်သွားနိုင်တယ်။ ဒါကြောင့်မို့ အထူးသတိထားပြီးတော့ နေထိုင်ဖို့ဆိုတာကို အသိပေးချင်ပါတယ်။

DMG - အခုလို့ အချိန်ပေးပြီးတော့ဖြေပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ နောက်ထပ် ဆရာမအနေနဲ့ ဖြည့်စွက်ပြီး ဘာများပြောချင်ပါသလဲ။

ဒေါက်တာခင်ခင်ကြီး - ကျွန်မအနေနဲ့ နောက်ဆုံးပြောချင်တာကတော့ အခုလက်ရှိမှာလည်း ကာကွယ်ဆေးတွေက လက်ထဲမှာ ၁၁ ဒဿမ ၂ သန်းစာ လက်ထဲမှာရှိပြီးတော့ ထိုးနှံပေးနေပါတယ်။ ထိုးနှံပေးတဲ့အခါမှာ ၈ လပိုင်း ၂၈ ရက်နေ့ အထိဆိုရင် ကာကွယ်ဆေးနှစ်ကြိမ်းထိုးနှံပေးတဲ့သူတွေဟာ ၁ ဒဿမ ၈၅ သန်းလောက်ရှိနေပါပြီ။ တစ်ကြိမ်ထိုးနှံ ပေးတဲ့သူတွေအနေနဲ့ဆိုရင် ၂ ဒဿမ ၁၄ သန်းလောက်ရှိနေပါပြီ။ စုစုပေါင်းကာကွယ်ဆေးထိုးထားတဲ့ သူတွေဆိုရင် ၄ ဒဿမ ရ သန်းလောက်ရှိနေပါပြီ။ အခုလက်ရှိမှာတော့ ကာကွယ်ဆေး ၃ သန်းကျော်ရှိပါတယ်။ အဲဒါတွေကိုလည်း ထိုးနှံပေးသွားမှာဖြစ်ပါတယ်။ ထိုးနှံပေးတဲ့အခါမှာ ရရှိတဲ့အခွင့်အလမ်းတွေကို အပြည့်အဝရယူဖို့ပြောချင်ပါတယ်။

ဗီဒီယိုများ