- ကျောက်တော်က စာသင်ကျောင်းကို တိုက်ခိုက်ခြင်းမှာ အကြမ်းဖက်မှုဖြစ်ကြောင်း UNICEF ပြော
- ဆေးဝါးပြတ်လပ်နေ၍ စစ်တွေမြို့ခံများ ဆေးဖက်ဝင် အပင်ကို မှီဝဲနေရ
- ဒေါက်တာအေးမောင် အမတ်လောင်း ဝင်ခွင့်ရရေး စစ်ခေါင်းဆောင် ဖြေရှင်းပေး
- ကျောက်တော် ဗုံးကြဲခံရမှုတွင် ကျောင်းသားအပါအဝင် သေဆုံးသူ ၂၂ ဦးနှင့် ဒဏ်ရာရသူ ၂၆ ဦးရှိလာ
- AA အရာရှိပါ သတ်ဖြတ်ခံရသည့် ဘင်္ဂလားဒေ့ရှ် ခိုးဝင်ငါးဖမ်းပြဿနာ
ဆေးဝါးပြတ်လပ်နေ၍ စစ်တွေမြို့ခံများ ဆေးဖက်ဝင် အပင်ကို မှီဝဲနေရ
စစ်ကောင်စီ ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ စစ်တွေမြို့တွင် အခြေခံဆေးဝါးပြတ်လပ်နေ၍ ဒေသခံများမှာ ဆေးဖက်ဝင် အပင်များကို ကြိုချက်က မှီဝဲသောက်သုံးနေရကြောင်း သတင်းရရှိသည်။
13 Sep 2025

DMG ၊ စက်တင်ဘာ ၁၃
စစ်ကောင်စီ ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ စစ်တွေမြို့တွင် အခြေခံဆေးဝါးပြတ်လပ်နေ၍ ဒေသခံများမှာ ဆေးဖက်ဝင် အပင်များကို ကြိုချက်ကာ မှီဝဲသောက်သုံးနေရကြောင်း သတင်းရရှိသည်။
ရန်ကုန်ကနေ စစ်တွေမြို့သို့ ပြေးဆွဲနေသည့် လေကြောင်းလိုင်းများတွင် ဆေးဝါးနှင့် အခြေခံစားသောက်ကုန်အပါဝင် အခြားကုန်ပစ္စည်းတင်ပို့မှုကို စစ်ကောင်စီသည် ဩဂုတ်လမှ စတင်ကာ ပိတ်ပင်လိုက်၍ မြို့အတွင်း ဆေးဝါးရှားပါးလာနေကြောင်း မြို့ခံများက ပြောသည်။
" ဆေးဝါး မလုံလောက်တာကတော့ ဆိုးဆိုးရွားရွား ခံနေကြရတယ်။ တချို့ကျတော့ တိုင်းရင်းဆေး သောက်နေကြရတယ်။ ဆေးဖက်ဝင် အပင်တွေကို စိုက်ပြီး အရည်ကြိုချက်သောက်နေကြတာတွေလည်း ရှိတယ်။ ပါရာဆေးလည်း ရှာမရတော့ ဆနွင်းကို အစားထိုး သောက်နေကြတာလည်း ရှိတယ် " ဟု စစ်တွေမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။
လက်ရှိ စစ်တွေမြို့တွင် ပါရာတစ်ကတ်ကို ငွေကျပ် ၁၀,၀၀၀ ဝန်းကျင်အထိ ဈေးနှုန်းမြင့်တက်နေပြီး အခြေခံဆေးဝါးများ၊ အရိုး၊ အဆစ်အတွက် လိမ်းဆေးများပါ ပြတ်လပ်နေခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ ဆေးဝါးပြတ်လပ်မှုနှင့်အတူ လက်ရှိ မြို့ခံအချို့မှာလည်း ရာသီတုတ်ကွေးရောဂါများဖြစ်နေကြောင်း မြို့ခံများ ပြောပြချက်အရ သိရသည်။
" ဆီးချို၊ သွေးတိုးသူတွေလည်း ဒီဆေးဖက်ဝင်အပင်တွေကို မှီခိုနေရတယ်။ အသည်းရောင် အသားဝါတွေအတွက် သဝင်ပင်က အခေါက်ကို ကြိုသောက်တာ။ ဆင်နှာမောင်းရွက်ကို ထုအုံပြီး ဖျားတာသက်သာအောင် လုပ်ရတာ။ ဖော့ရောင်တာတွေအတွက် ထိကရုန်းပင်တွေကို ကြိုချက်သောက်ကြတယ် " ဟု စစ်တွေမြို့ခံ နောက်ထပ်အမျိုးသမီးတစ်ဦးက ပြောသည်။
ဆက်လက်ပြီး ၎င်းက " ချောင်းဆိုးပျောက်ဖို့ အောင်မဲညိုပန်းတွေကို ကြိုချက်သောက်ကြတယ်။ သွားကိုက်၊ သွားနာကအစ အကုန်လုံးပဲ။ အရင်က ဒီအပင်တွေကို အသုံးမချဘဲ ခြံရှင်းရင်း ရှင်းလိုက်ကြတာရှိတယ်။ အခုဆိုရင် တမင်လိုက်ရှာပြီး သေချာဂရုတစိုက်နဲ့ စိုက်ပျိုးနေကြတယ် " ဟု ပြောသည်။
ယခင်က ရန်ကုန်- စစ်တွေ ပြေးဆွဲနေသည့် လေကြောင်းလိုင်းအားလုံးနီးပါးတွင် ဆေးဝါးနှင့် အခြားကုန်ပစ္စည်း တင်ပို့မှုအနည်းငယ် ရရှိခဲ့သော်လည်း လက်ရှိတွင် အားလုံးကို ပိတ်ပင်လိုက်ခြင်းကြောင့် ဆေးဝါးပြတ်လပ်သည့် ဒဏ်ကို ဆိုးရွားစွာ ကြုံတွေ့နေရခြင်းဖြစ်သည်။
စစ်ကောင်စီ၏ ကန့်သတ်ပိတ်ဆို့ထားမှု လုပ်ရပ်များမှာ စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်မြို့နယ်တို့တွင် ပြုလုပ်မည့် စစ်ကောင်စီရွေးကောက်ပွဲအတွက် ဆိုးကျိုးများစွာ သက်ရောက်လာနိုင်ကြောင်း ရခိုင်နိုင်ငံရေးသမားများက ရှုမြင်သည်။
" လူသားချင်းစာနာမှု အထောက်အပံ့တွေ လုံလောက်စွာမရနိုင်တဲ့ နယ်မြေတစ်ခုမှာ ထပ်ပြီး ကုန်စည်စီးဆင်းမှုကို ပိတ်လိုက်တာက ဒေသခံပြည်သူတွေကို အမျိုးမျိုး ညှဉ်းပန်းနှိပ်စက်ရာ ရောက်တယ်။ အစိုးရလို့ ခံယူထားသူ အနေနဲ့ ပြည်သူကို အကူအညီပေးမယ့် တာဝန်ဝတ္တရားပျက်ကွက်တဲ့အပြင် ထပ်ပြီး ပြည်သူကို နှိပ်စက်နေတာက မဖြစ်သင့်တဲ့ ကိစ္စ။ ဒါဟာ ရခိုင်ပြည်သူတွေအပေါ် Genocide (လူမျိုးတုန်းသတ်ဖြတ်မှု) ကျူးလွန်တဲ့ လုပ်ရပ်လို့ပဲ မြင်တယ် " ဟု ရခိုင် နိုင်ငံရေးလေ့လာသုံးသပ်သူ တစ်ဦးက ပြောသည်။
လက်ရှိ စစ်တွေမြို့တွင် ဆေးဝါးရှားပါးမှုနှင့်အတူ အသည်းရောင်အသားဝါ (အေ) ရောဂါဖြစ်သူအချို့ သေဆုံးမှုအထိ ရှိလာနေသည်။ စက်တင်ဘာ ၆ ရက်က စစ်တွေမြို့၊ ဓညဝတီရပ်ကွက်မှ အသက် ၂၉ နှစ်အရွယ် အမျိုးသားတစ်ဦးမှာ အသည်းရောင်အသားဝါ (အေ) ရောဂါဖြင့် သေဆုံးသွားခဲ့သည်။
စစ်တွေမြို့သည် အာရက္ခတပ်တော် ထိန်းချုပ်ရာ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ပေါက်တောမြို့နယ်တို့နှင့် ထိစပ်နေပြီး ပထဝီ အနေအထားရ ပင်လယ်ပြင်၊ မြစ်ချောင်းတို့က ဝိုင်းပတ်ထားသည့် ကျွန်းမြို့ဖြစ်သည်။ လက်ရှိ စစ်တွေမြို့နယ်တွင် စစ်ကောင်စီနှင့် AA တို့မှာလည်း နှစ်ဖက်စစ်ရေးတင်းမာမှုများ ရှိနေသည်။
ရခိုင်မြို့သိမ်းတိုက်ပွဲများ ပြင်းထန်ချိန်က စစ်တွေမြို့ခံများမှာ ရရာနည်းဖြင့် တိမ်းရှောင်ကြသူများ ရှိသော်လည်း ငွေကြေး၊ လမ်းခရီး အဆင်မပြေမှုစသည့် အကြောင်းအမျိုးမျိုးဖြင့် ထွက်မရောက်ဘဲ ပိတ်မိနေသူများလည်း အများအပြားရှိနေသည်။
ထို့အတူ စစ်တွေမြို့နယ်ရှိ ရခိုင်ကျေးရွာ ၂၀ ကျော်က ဒေသခံများကို ၂၀၂၄ ဇွန်လ နောက်ပိုင်းတွင် စစ်ကောင်စီက အတင်းအဓမ္မ နှင်ထုတ်ခဲ့ပြီး မြို့တွင်း၌ လူသားဒိုင်းသဖွယ် ပိတ်လှောင်ထားသေးသည်။