သဘာဝဓာတ်ငွေ့ထွက်တဲ့ ရခိုင်ပြည်မှာ လျှပ်စစ်မီးမကြာခဏပြတ်တောက်နေတဲ့အပေါ် ပြည်သူ့အသံ

သဘာဝဓာတ်ငွေ့များထွက်သည့် ရခိုင်ပြည်တွင် လျှပ်စစ်မီးမကြာခဏပြတ်တောက်လျက်ရှိသည့်အတွက် ဒေသခံပြည်သူများ၏ စီးပွားရေး၊ ပညာရေး၊ လူမှုရေးက အစစအရာရာအခက်အခဲများဖြစ်ပေါ်လျက်ရှိသည်။

11 Mar 2022

DMG ၊ မတ် ၁၁

(Vox Pop)

သဘာဝဓာတ်ငွေ့များထွက်သည့် ရခိုင်ပြည်တွင် လျှပ်စစ်မီးမကြာခဏပြတ်တောက်လျက်ရှိသည့်အတွက် ဒေသခံပြည်သူများ၏ စီးပွားရေး၊ ပညာရေး၊ လူမှုရေးက အစစအရာရာအခက်အခဲများဖြစ်ပေါ်လျက်ရှိသည်။

လျှပ်စစ်မီး မကြာခဏပြတ်တောက်မှုများကြောင့် လုပ်ငန်းများလုပ်ကိုင်ရာတွင်လည်း အချိန်ကြန့်ကြာမှုများ ရှိလာခြင်း၊ ကိုယ်ပိုင်မီးစက်များဖြင့် အလုပ်လုပ်ကိုင်ရာတွင်လည်း စက်သုံးဆီဈေးနှုန်းမြင့်တက်နေ၍ ငွေကြေးကုန်ကျမှုပိုများလာကြောင်း ဒေသခံများကဆိုကြသည်။
သဘာဝဓာတ်ငွေ့ထွက်ရှိသည့် ရခိုင်ပြည်တွင် လျှပ်စစ်မီးမကြာခဏပြတ်တောက်နေခြင်းအပေါ် ဒေသခံ ပြည်သူများ၏ သဘောထားအမြင်များကို DMG မှ မေးမြန်းတင်ဆက်လိုက်ရသည်။

ဦးထွန်းကြည် (အမှုဆောင်ဒါရိုက်တာ) ကျောက်ဖြူမြို့ ငြိမ်းချမ်းရေးနှင့် ဖွံဖြိုးရေးစင်တာ

ကျနော်တို့က ၂၀၁၃၊ ၂၀၁၄၊ ၂၀၁၅ ခုနှစ်တွေက သဘာဝဓာတ်ငွေ့နဲ့ ရခိုင်ပြည်ကို သီးသန့်မီးပေးရမယ်ဆိုပြီး တောက်လျှောက်တောင်းဆိုခဲ့တာရှိတယ်။ ဒါပေမယ့် လိုက်လျောပေးခဲ့တာမရှိဘူး။ အခုအာဏာသိမ်းထားတဲ့ ကာလမှာ ကမ္ဘာ့ပဋိပက္ခကြောင့် ဆီဈေးနှုန်းတွေလည်းထိုးတက်နေတယ်။ တခြားတစ်ဖက်မှာ စစ်ကောင်စီမှာ ပိုက်ဆံမရှိတော့ဘူးလို့မြင်တယ်။ ပိုက်ဆံမရှိတဲ့အခါ လျှပ်စစ်မီးပေးဖို့အတွက် လိုအပ်တဲ့အရင်းအမြစ်ကိုသုံးဖို့ မီးဖြတ်ပြီး တဖြည်းဖြည်းလျော့ချလာတာကို သိသိသာသာမြင်လာရတယ်။ လက်ရှိ မြန်မာနိုင်ငံရဲ့ မီးဖြတ်နေတဲ့ ပြဿနာဟာ အာဏာသိမ်းထားတဲ့စစ်ကောင်စီနဲ့ တိုက်ရိုက်သက်ဆိုင်တယ်။ သူတို့က ရှိနေပြီးသားကို သေချာ စီမံမခန့်ခွဲတတ်တဲ့အတွက် လက်ရှိအဖြစ်အပျက်ဖြစ်ပေါ်နေတာဖြစ်တယ်။ ဆိုတော့ ဒီမီးက ရနိုင်ခြေသိပ်မရှိဘူး။
သေချာတာက ကိုဗစ်နဲ့ နလန်မထူနိုင်သေးတဲ့ကာလမှာ အာဏာသိမ်းခံလိုက်ရတဲ့အတွက် ဝင်ငွေတွေက အများကြီးပျက်ထွက်သွားတယ်။ လက်ရှိစစ်ကောင်စီကိုဝင်နေတဲ့ပိုက်ဆံတွေက ရခိုင်ကထုတ်နေတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့လမ်းကြောင်းက အကြီးဆုံးဝင်ငွေလမ်းကြောင်းအဖြစ်မြင်ရတယ်။ ဆိုတော့ ဒီလမ်းကြောင်း တစ်ခုတည်းနဲ့ စစ်ကောင်စီရဲ့ငွေကြေးလိုအပ်ချက်အားလုံးကို ဖြည့်ဆည်းဖို့ဆိုတာမဖြစ်နိုင်ဘူး။ ဒါကြောင့်လည်း လက်ရှိလျှပ်စစ်မီးတွေအများကြီး ပျက်လာရတယ်။ ကျနော်မြင်တာက ရခိုင်ပြည်အတွက်လည်း သီးသန့်ရစရာ အကြောင်းမရှိသလို တချို့သီးသန့်(Transfer)မှာထိုင်ထားတဲ့ပုဂ္ဂိုလ် ရင်းနှီးမြှုပ်နှံထားတဲ့သူတွေအတွက် ရချင်ရမယ်။ ပြည်သူအတွက်တော့ လက်ရှိစစ်ကောင်စီရဲ့အုပ်ချုပ်ရေးယန္တရားအောက်မှာ လျှပ်စစ်မီးရဖို မျှော်လင့်ချက် အလွန်တရာနည်းသွားဖို့မြင်တယ်။

ဆရာဦးသိန်းဝင်း ကောင်းမြတ်ဟိန်းကိုယ်ပိုင်အထက်တန်းကျောင်း၊ စစ်တွေမြို့

သူတို့က မီးဖြတ်မယ့်အချိန်ကိုထုတ်ပြန်ပေးထားတာရှိတယ်။ အစပိုင်းက ပုံမှန်မီးပျက်တယ်။ နောက်ပိုင်းကျတော့ အဲဒီအချိန်မှာ ဖြတ်တာတော့မှန်တယ်။ မီးပြန်ရမယ့်အချိန်မှာ ပြန်မရဘူး။ နောက်ပြီး တစ်ရက်မှာ တစ်ချိန်ပဲဖြတ်မယ့်ဟာကို အခုနောက်ပိုင်းမှာ နှစ်ချိန်၊သုံးချိန်လောက်ဖြတ်တယ်။ ဒါက သူတို့ထုတ်ပြန်ထားတဲ့အပေါ်မှာ စီမံမှုလွဲချော်တာဖြစ်တယ်။ ရခိုင်မှာ သဘာဝဓာတ်ငွေ့တွေထွက်တယ်။ ရခိုင်မှာ မီးမရဘူး။ ရခိုင်ပြည်ကပေးတဲ့ သဘာဝဓာတ်ငွေ့တွေက ရခိုင်ကိုကျော်လွန်ပြီးတော့ ပြည်မ၊ ပြည်မကတစ်ဆင့် နိုင်ငံခြားကိုရောက်သွားတယ်။ ဒီအပေါ်မှာ ရခိုင်ပြည်မှာထွက်တဲ့သဘာဝဓာတ်ငွေ့ကို ရခိုင်လူထုတွေ လျှပ်စစ်လုံလောက်စွာရရှိချင်တယ်ဆိုတာကတော့ ရခိုင်သူ၊သားတွေရဲ့ အဓိကဆန္ဒဖြစ်တယ်။
ပြည်တွင်းမှာဖူလှုံလို့ ပြည်ပကိုရောင်းတာကို မပြောလိုဘူး။ ပြည်တွင်းမှာ မဖြစ်စလောက်ပေးပြီးတော့ အကုန်လုံးကို တစ်ဖက်သို့ရောင်းချရတဲ့အခါကျတော့ ဒေသခံတွေအတွက် အောင့်သက်သက်ဖြစ်တယ်။ အခုက မီး ရထားပြီးသားအချိန်ကနေ မီးမရဘူးဆိုတော့ ကျနော်တို့အတွက် သင်ကြားရေးမှာရော၊ ကျောင်းသားတွေအတွက်ရော အကုန်လုံးကမောက်ကမောက်ဖြစ်တယ်။ အခုက စာမေးပွဲအရမ်းနီးစပ်နေတဲ့ အချိန်ဆိုတော့ စာဖတ်ဖို့အတွက် လျှပ်စစ်မီးအလုံအလောက်လိုတယ်။ လိုအပ်တဲ့လျှပ်စစမီးမရတော့ စိုးရိမ်ရတာပေါ့။ တချို့ဆို ဖယောင်းတိုင်မီး၊ ဆီမီးခွက်မီးတွေနဲ့သုံးနေရတဲ့အတွက် ဒီအချိန်မှာ ကလေးတွေ အိပ်ငိုက်တာတွေ၊ စိတ်ပင်ပန်းတာတွေအတွက် စိုးရိမ်ရတယ်။ မီးအန္တရာယ်အထိ စိုးရိမ်ရတယ်။ ဘာပဲဖြစ်ဖြစ် ဒီစာမေးပွဲကာလစာဖတ်ချိန်တွေမှာ လျှပ်စစ်မီးကို အလုအလောက်ရစေချင်တယ်။

ဒေါ်သင်းသင်း (အမည်လွဲ) အလယ်တန်းပြဆရာမ၊ သံတွဲမြို့နယ်

စာမေးပွဲစစ်မယ့်နေ့တွေမှာ ညနေဘက်မီးပျက်သွားတယ်လို့ရှိရင် ကလေးတွေအတွက် စာကျက်ဖို့အတွက် အခက်အခဲရှိနိုင်တယ်။ စာမေးပွဲကာလအတွင်း ညနေဘက်တွေမှာ မီးပျက်နေမယ်ဆိုရင် ကလေးတွေအတွက် အနှောက်အယှက်ဖြစ်သွားမှာကိုစိုးရိမ်ရတယ်။ ညနေပိုင်းမှာ ဖယောင်းတိုင်းမီးနဲ့ အစားထိုးမယ်ဆိုရင်လည်း အိပ်ငိုက်ကြတဲ့အတွက် နည်းနည်းစိုးရိမ်ရတယ်။ အဓိက ဓာတ်အားလျော့ချတယ်ဆိုရင်လည်း လျှပ်စစ်မီးကို ညနေပိုင်းတွေမှာမဖြတ်ဘဲနဲ့ လူတွေအိပ်ချိန်ဖြစ်တဲ့ ၁၂ နာရီကနေ မနက်လေးနာရီလောက်ထိ ပုံမှန်အဲလိုလေး ဓာတ်အားလျှော့ချတယ်ဆိုရင် ပိုပြီးအဆင်ပြေတာပေါ့။ အခုက အဲလိုမဟုတ်ဘဲ လူတွေအလုပ်လုပ်တဲ့အချိန်၊ ကျောင်းတွေ၊ရုံးတွေသွားတဲ့အချိန်၊ ထမင်းချက်ပြုတ်တဲ့အချိန်တွေမှာ မီးကဖြတ်သွားတဲ့အခါကျတော့ တော်တော်အဆင်မပြေဖြစ်တယ်။ ဒါပေမယ့် မီးဖြတ်မယ့်အချိန်ဇယားလေးတွေရထားပြီး ကြိုပြီးလုပ်ထားရတာပေါ့။ ရခိုင်ကနေ သဘာဝဓာတ်ငွေ့တွေထုတ်ပြီးတော့ ရခိုင်ပြည်မှာ ဒီလိုမျိုးလျှပ်စစ်ဓာတ်အားလျှော့ချပြီး မီးဖြတ်နေတယ်ဆိုတာက မဖြစ်သင့်ဘူးပေါ့။ အခုခေတ်ကလည်း တိုးတက်လာတဲ့အခါကျတော့ လျှပ်စစ်နဲ့ အကုန်လုံးကအလုပ်လုပ်နေရတယ်ဆိုတော့ အများကြီး အခက်အခဲဖြစ်တယ်။ ဖြစ်နိုင်ရင် မီးကို အချိန်မှန်လေးရစေချင်တယ်။ မဖြစ်မနေမီးဖြတ်ရမယ်ဆိုရင်လည်း အချိန်တစ်ခုကို ကန့်သတ်ပြီးတော့ ဖြတ်စေချင်တယ်။

ကိုမောင်မောင်သန်း၊ (မဒေးကျွန်းဒေသခံ)၊ ကျောက်ဖြူမြို့

ကျနော်တို့မဒေးကျွန်းဟာ သဘာဝပိုက်လိုင်းစီမံကိန်းတွေ၊ တရုတ်စီမံကိန်းကြီးတွေရှိတဲ့ ဒေသတစ်ခုဖြစ်တယ်။ ဆိုတော့ အရင်စစ်အာဏာမသိမ်းတဲ့အချိန်ကတော့ ပုံမှန်မီးပျက်တာကနည်းတယ်။ အခုစစ်အာဏာသိမ်းပြီး နောက်ပိုင်းကာလ ၂၀၂၂ ပတ်ဝန်းကျင်လောက်မှာ မီးရတာပုံမှန်မရှိတော့ဘူး။ ဒီနှစ် တစ်လပိုင်းလောက်မှာ တစ်ရက်ကို လေးနာရီလောက်ဖြတ်တောက်မှုတွေရှိတယ်။ အခုလပိုင်းမှာတော့ တစ်ရက်ကို နေ့ခင်းမဟုတ်ရင်ညနေ၊ ညနေမဟုတ်ရင် ညဉ့်အချိန် ၅ နာရီလောက် ဖြတ်တောက်မှုတွေရှိလာတယ်။ ကျနော်တို့အနေနဲ့က စီးပွားရေး၊ လူမှုရေး၊ ပညာရေးတွေကအစ မီးနဲ့အလုပ်လုပ်နေရတယ်ဆိုတော့ ဖြစ်နိုင်လို့ရှိရင် မီးဖြတ်တောက်မှုမရှိစေချင်ဘူး။ ပုံမှန်ရစေချင်တယ်။

ဦးခင်မောင်ကြီး (ဒုတိယဥက္ကဋ္ဌ) ရခိုင်စီးပွားရေးဦးဆောင် အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်(REIC)

စီးပွားရေးသမားတွေအတွက်လည်း အများကြီးသက်ရောက်မှုရှိတယ်။ ကျနော်တို့ကုမ္ပဏီရဲ့ ဆန်စက်ဆိုရင် မီးမရတဲ့အတွက် မလည်ပတ်ရတဲ့ရက်များတယ်။ မလည်ရတဲ့အတွက် ဆန်စက်ကိုမိခိုနေရတဲ့ အလုပ်သမား၊ ဝန်ထမ်းတွေကအစ စားဝတ်နေရေးအတွက်အခက်အခဲဖြစ်တယ်။ ဒီနေ့အခြေအနေမှာ လျှပ်စစ်ကို အဓိကထားပြီးသွားနေတဲ့ လူ့အဖွဲ့အစည်းဖြစ်သွားပြီ။ လျှပ်စစ်ကိုအသုံးပြုမှုဟာ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ စက်မှုကုန်ထုတ်မှုလောကတွေအစ ကျယ်ကျယ်ပြန့်ပြန့် လျှပ်စစ်ကိုအားကိုးပြီးလုပ်နေရတယ်။ ဒါကြောင့် နယ်ပယ်အများကြီးမှာ ဒီလျှပ်စစ်မီးမရတာဟာ အများကြီးထိခိုက်တယ်။ အဲဒါကို လူတွေရဲ့ အခြေခံဝင်ငွေတွေကိုထိခိုက်သွားတယ်။ နောက်တစ်ခုက ရခိုင်ပြည်အနေနဲ့ပြောမယ်ဆိုရင် လျှပ်စစ်ဓာတ်အားကို ပြည်မဘက်ပေးတာထက် ရခိုင်အတွက် သီးသန့်ခွဲပေးနိုင်မယ့် အနေအထားတစ်ရပ် ရောက်အောင် တောင်းဆိုရမယ့်အနေအထားတစ်ရပ်ဖြစ်လာတယ်လို့မြင်တယ်။ ဒါကနိုင်ငံရေးနဲ့ပတ်သက်သွားတဲ့အခြေအနေဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုရင် အခုသွားနေတာက တန်းတူညီမျှပြည်နယ်၊ တိုင်းဒေသကြီးအားလုံးတစ်ပြေးညီဘာညှာပေ့ါ။ အဲဒီလိုပေါ်လစီတွေနဲ့ သွေးနေတယ်ဆိုတော့ အဲဒီပေါ်လစီတွေရဲ့ထိရောက်မှုဟာ နှစ်ပေါင်းမြောက်များစွာ ဘာမှထိရောက်မှုမရှိဘဲ လုံလောက်တဲ့အနေအထား အကျိုးခံစားခွင့်ကိုမရနိုင်သေးဘူးလို့မြင်တယ်။ အဲဒီအတွက် ဒါတွေကိုပြန်ပြီး သုံးသပ်ဖို့လိုတယ်လို့မြင်တယ်။

ဗီဒီယိုများ