ရခိုင်အမျိုးသားပါတီ ဥက္ကဌနှင့် တွေဆုံမေးမြန်းခြင်း

“မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြဿနာဟာ နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးအဖြေရှာမှု အားနည်းခဲ့အတွက် ဖြစ်ပေါ်လာတဲ့ ပြဿနာဖြစ်တယ်။ နိုင်ငံရေးအရဆွေးနွေးတဲ့အခါလည်း တစ်ဖက်နဲ့တစ်ဖက် အပြစ်တင်ပြောဆိုနေရုံနဲ့ မပြီးဘူး”           
ဦးသာထွန်းလှ (ဥက္ကဋ္ဌ) ၊ ရခိုင်အမျိုးသားပါတီ (ANP)

04 Jul 2022

အင်တာဗျူး၊ ဇူလိုင် ၄ရက်

အာဏာသိမ်းမှု၏ အကျိုးဆက်ကြောင့် ဖြစ်ပေါ်လာသော ရှုပ်ထွေးလှသည့် မြန်မာ့နိုင်ငံရေးပြဿနာကို ဖြေရှင်းရန် ကြိုးပမ်းနေကြသော်လည်း တစ်နှစ်ကျော်အထိကြာမြင့်လာခဲ့သည့်တိုင် မရေရာမသေချာမှုနှင့်သာ ခရီးရှည်နေသည်။

အာဆီယံကလည်း ဘုံသဘောတူညီချက် (၅)ရပ်ချကာ မြန်မာ့အရေးဖြေရှင်းရန် ဆောင်ရွက်လျက်ရှိနေသည်။ မြန်မာ့အရေးဖြေရှင်းရန် တာဝန်ပေးခန့်ခံထားရသည့် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် မစ္စတာ ပရက်ဆော့ခွန်း ပြီးခဲ့သည့် ဇွန်လ ၂၉ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ထပ်မံရောက်ခဲ့ပြီး စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့သည်။

ယင်းနောက် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်(၇)ဖွဲ့နှင့် တွေ့ဆုံခဲ့သလို နိုင်ငံရေးပါတီ (၇)ပါတီနှင့်လည်း တွေ့ဆုံခဲ့သည်။ အာဆီယံအထူးကိုယ်စားလှယ်နှင့်တွေ့ဆုံရာတွင် ရခိုင်မှ အင်အားကြီး နိုင်ငံရေးပါတီဖြစ်သော ရခိုင့်ဦးဆောင်ပါတီ (AFP)နှင့် ရခိုင်အမျိုးသားပါတီ(ANP)တို့ တက်ရောက်ခဲ့ကြသည်။

အာဆီယံအထူးကိုယ်စားလှယ်နှင့် မြန်မာနိုင်ငံရေးပါတီများတွေ့ဆုံမှုက မည်သို့ရှိခဲ့သနည်း။ မြန်မာ့အရေးဖြေရှင်းနိုင်ရေး မည်သို့အကြံပြုဆွေးနွေးခဲ့ကြသည်နှင့် ပတ်သက်၍ ဆွေးနွေးပွဲသို့ ကိုယ်တိုင်သွားရောက်ခဲ့သော ရခိုင်အမျိုးသားပါတီ (ANP) ပါတီ ဥက္ကဌ ဦးသာထွန်းလှကို DMG မှ တွေ့ဆုံမေးမြန်းထားသည်။

မေး။   ။အာဆီယံအထူးကိုယ်စားလှယ်နဲ့ နိုင်ငံရေးပါတီတချို့တွေ့ဆုံခဲ့ကြတယ်လို့သိရတယ်။ ဘာတွေ ဆွေးနွေးဖြစ်ခဲ့ကြလဲ။

ဖြေ။     ။အာဆီယံအထူးကိုယ်စားလှယ်က မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး သဘောတူညီချက် (၅)ချက်ကို ဘယ်လိုအကောင် အထည်ဖော်နိုင်မလဲဆိုတာကို သဘောထားအမြင်တွေနဲ့ အပြန်အလှန်ဆွေးနွေးကြတာဖြစ်တယ်။ အဲဒါကို ဘယ်လို အကောင်အထည်ဖော်မလဲဆိုတာကို နိုင်ငံရေးပါတီတွေနဲ့တွေ့ပြီး အာဆီယံဘုံသဘောတူညီချက် ၅ ချက်အပေါ်မှာ အကောင်အထည်ဖော်ဖို့အတွက် ဘယ်လိုအကောင်အထည်ဖော်မှာလဲဆိုတာကို သူ့ဘက်က (အာဆီယံအထူးကိုယ်စားလှယ်) လေ့လာတဲ့သဘောဖြစ်တယ်။

မေး။   ။ANP ပါတီအနေနဲ့ ဘာတွေဆွေးနွေးခဲ့တာရှိလဲ။

ဖြေ။     ။ကျွန်တော်တို့ကတော့ အာဆီယံဘုံသဘောတူညီချက်ထဲမှာပါတဲ့အကြမ်းဖက်မှုရပ်တန့်ရေးကိစ္စနဲ့ပတ်သက်ပြီး ရင် လက်ရှိမြန်မာနိုင်ငံမှာ အကြမ်းဖက်မှု၊ အပြစ်မဲ့ပြည်သူတွေသေဆုံးနေရမှု ပြီးရင် ပြည်သူတွေရဲ့ရပ်ရွာတွေ မီးရှို့ခံနေရတဲ့အခြေအနေတွေ ၊ကိုယ်ရပ်ရွာမီးရှို့ခံရတာ တိုက်ပွဲတွေရှိတဲ့အတွက်ကြောင့် ပြည်သူတွေ စစ်ဘေး ရှောင်နေရတဲ့အခြေအနေတွေဟာ မြန်မာနိုင်ငံမှာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းအရ မဖြေရှင်းနိုင် သေးတဲ့အတွက်ကြောင်း ဖြစ်ပေါ်လာတဲ့ပြဿနာဖြစ်တယ်။

အဲဒီဖြစ်ပေါ်လာတဲ့ပြဿနာကလည်း လက်နက်ကိုင် တပ်ဖွဲ့တွေအနေနဲ့ လက်နက်ကိုင်တပ်ဖွဲ့တစ်ခုမှာရှိတဲ့ စည်းမျဉ်းစည်းကမ်းနဲ့အညီ ပြည်သူလူထုကို အကာအကွယ်ပေးဖို့တာဝန်ရှိတယ်။ အဲဒါကြောင့် ပြည်သူလူထုကို အကာအကွယ်ပေးဖို့ တာဝန်ရှိတဲ့ လက်နက်ကိုင်အဖွဲ့တွေက ကိုယ့်အဖွဲ့မှာရှိတဲ့ ပြည်သူကို တာဝန်ပေးရမယ်ဆိုတဲ့ စည်းမျဉ်းစည်းကမ်းနဲ့အညီသာ လိုက်နာဆောင်ရွက်မယ်ဆိုရင် အခုလိုအကြမ်းဖက်မှုလုပ်ရပ်တွေ၊ အပြစ်မဲ့ပြည်သူတွေ အိုးအိမ်တွေကိုစွန့်ခွာပြီး ထွက်ပြေးနေရတဲ့အခြေအနေတွေ၊ ရပ်ရွာတွေမီးရှို့ခံနေရတဲ့အခြေအနေတွေဟာ ဖြစ်ပေါ်လာနိုင်စရာ အကြောင်းမရှိဘူး။ ဒါကြောင့် လက်နက်ကိုင်တပ်ဖွဲ့ဆိုတာ တချို့ကနိုင်ငံတကာမှာပြောကြတယ် EAOsတွေ၊ လက်ကိုင်တပ်ဖွဲ့ဆိုတာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ကိုပဲ ဆိုတဲ့သဘောမျိုးအဓိပ္ပာယ်မှတ်ယူကြတာတွေ ရှိတယ်။

လက်နက်ကိုင်တပ်ဖွဲ့ဆိုတာ အခုပဋိပက္ခဖြစ်နေတဲ့အထဲမှာရှိနေတဲ့ မြန်မာတပ်မတော်အပါအဝင် လက်နက်ကိုင်ဆောင်ထားတဲ့ အဖွဲ့အစည်းတွေအကုန်လုံးက ပြည်သူတွေကို ကာကွယ်ပေးဖို့တာဝန်ရှိတာနဲ့အညီ ကိုယ့်လက်နက်ကိုင်တပ်ဖွဲ့ထဲမှာရှိတဲ့ အဖွဲ့ဝင်တွေကို စည်းကမ်းတကျလိုက်နာဆောင်ရွက်ဖို့ တာဝန်ရှိတဲ့အတွက်ကြောင့် အဲဒီလို လိုက်နာဆောင်ရွက်နိုင်တဲ့ အခြေအနေကို ဖန်တီးရင် မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုတွေ၊ ရပ်ရွာတွေမီးရှို့ခံနေရမှုတွေလျော့နည်းသွားမယ် ပြည်သူတွေ စစ်ဘေးရှောင်ဘဝမှ ကင်းဝေးမှာဖြစ်တယ်လို့ ဆွေးနွေးခဲ့တယ်။

မေး။   ။နောက်ထပ်ရော ဘယ်ကိစ္စတွေကို ဆွေးနွေးတင်ပြခဲသေးလဲ။

ဖြေ။     ။လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးနဲ့ပတ်သက်ပြီး အခုပဋိပက္ခကြားထဲမှာ အပြစ်မဲ့ပြည်သူတွေက လူသားချင်းစာနာထောက်ထားမှုရရှိဖို့အတွက် အလွန်တရာအရေးကြီးတဲ့အခြေအနေမှာ ရောက်နေတယ်လို့မြင်တယ်။ အဲဒါကြောင့် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးတဲ့လုပ်ရပ်တွေကို လက်နက်ကိုင်တပ်ဖွဲ့တွေက ကိုယ့်တပ်ဖွဲ့လုံခြုံရေးအတွက် ပိတ်ဆို့မှုတွေမလုပ်ဖို့ ပိတ်ဆို့ဟန့်တားတဲ့လုပ်ရပ်တွေကို မလုပ်ရင်တော့ အပြစ်မဲ့ပြည်သူတွေ လိုအပ်နေတဲ့ လူသားချင်းစာနာထောက်ထားရေး အကူအညီတွေကို မြန်မြန်ဆန်ဆန် အကူအညီပေးနိုင်မယ်လို့မျှော်လင့်တယ်။ အဲဒါကြောင့် နည်းလမ်းပေါင်းစုံနဲ့ အပြစ်မဲ့ပြည်သူတွေ အကူအညီရရှိရေး ကြိုးပမ်းဆောင်ရွက်ဖို့လိုတယ်လို့ ပြောဆိုခဲ့တယ်။

နောက်တစ်ချက်က မြန်မာနိုင်ငံမှာ အာဆီယံသဘောတူညီချက် (၅)ချက်ထဲမှာပါတဲ့ အားလုံးပါဝင်တဲ့တွေ့ဆုံဆွေးနွေးရေးက မဖြစ်မနေလိုအပ်တယ်လို့ပြောဆိုခဲ့တယ်။ အဲဒီလို တွေ့ဆုံဆွေးနွေးရေး မလုပ်နိုင်ရင် ကျွန်တော်ရှေ့က ပြောခဲ့သလို အကြမ်းဖက်မှုလုပ်ရပ်တွေ၊ အပြစ်မဲ့ပြည်သူတွေ ခံစားနေရတဲ့ ဒုက္ခတွေက ရပ်တန့်မှာမဟုတ်ဘူးလို့။ အဲဒါကြောင့် အားလုံးပါဝင်တဲ့ နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးပြီးမှ နိုင်ငံရေးအရ ကတိကဝတ်တွေ ဆောင်ရွက်ဖို့လိုတယ်လို့။ အဲဒီလိုနိုင်ငံရေးအရ ကတိကဝတ်တွေရရှိအောင် ဆောင်ရွက်နိုင်တဲ့အခါမှ ကြုံတွေ့နေရတဲ့ ဒုက္ခတွေ ကျွန်တော်တို့ဖြေရှင်းနိုင်မှာ ဖြစ်တယ်။ ဒါကြောင့်လည်း ကျွန်တော်တို့အနေနဲ့ အာဆီယံထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ ဘုံသဘောတူညီချက်မှာပါဝင်တဲ့ ဒီအချက်တွေအပေါ် ကျွန်တော်တို့အနေနဲ့ လက်ခံတယ်။အဲဒါကြောင့် အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေး လုပ်ငန်းတွေကို မဖြစ်မနေဆောင်ရွက်ပြီးခါမှ မြန်မာနိုင်ငံ နိုင်ငံရေးပြဿနာတွေလည်း အဖြေရှာနိုင်မယ်လို့ သုံးသပ်ပြီး အကြံပြုဆွေးနွေးခဲ့တယ်။

မေး။   ။ အာဆီယံအထူးကိုယ်စားလှယ်ဘက်က ဒီဆွေးနွေးမှုတွေအပေါ်မှာ ဘာတွေ တုန့်ပြန်ပြောဆိုခဲ့လဲ။

ဖြေ။     ။ အာဆီယံအထူးကိုယ်စားလှယ်ဘက်ကတော့ ကျွန်တော်တို့ဆွေးနွေးခဲ့တဲ့ အားလုံးပါဝင်တဲ့တွေ့ဆုံဆွေးနွေးမှု နဲ့ပတ်သက်လို့ မှတ်တမ်းတင်ထားတယ်။ ဒီအချက်လည်း အာဆီယံထိပ်ပိုင်းခေါင်းဆောင်တွေ ဆုံးဖြတ်ချက်မှာလည်း ပါဝင်တယ်လို့ ပြန်ပြောခဲ့တယ်။ ပြီးရင် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးအပိုင်းကတော့ စတင်အကောင်အထည်ဖော်လို့ရတဲ့ အခြေအနေမှာရှိနေပြီလို့ပြောဆိုတယ်။ အဲဒီလို လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးမှာ ရခိုင်ပြည်နယ်အတွက်လည်း အစီအစဉ်ရေးဆွဲနေတဲ့အထဲမှာ ပါဝင်တယ်လို့အဖြေပေးခဲ့တယ်။ပြီးတော့ အားလုံးပါဝင်တဲ့တွေ့ဆုံဆွေးနွေးမှုကို လောလောဆယ်မှာ အကုန်လုံးမပါဝင်နိုင်တဲ့ အခင်းအကျင်းရှိနေရင်တောင်မှ အဓိကအုပ်စုကြီးတွေနဲ့ စတင်ပြီး တွေ့ဆုံဆွေးနွေး အဖြေရှာဖို့လိုအပ်တယ်လို့လည်း အာဆီယံအထူးကိုယ်စားလှယ်က ကမ္ဘောဒီးယား ငြိမ်းချမ်းရေးဖြစ်စဉ်တွေနဲ့ ယှဉ်တွဲပြီး သူ့ရဲ့အမြင်ကိုပြောဆိုခဲ့တယ်။

မေး။   ။ ဒီကိစ္စတွေနဲ့ပတ်သက်လို့ နောက်ထပ်ဘာများ ဖြည့်စွက်ပြောလိုတာ ရှိပါသလဲ။

ဖြေ။     ။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြဿနာဟာ နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးအဖြေရှာမှု အားနည်းခဲ့အတွက် ဖြစ်ပေါ်လာတဲ့ပြဿနာဖြစ်တယ်။ ဒါကြောင့် နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးမှု လုပ်ငန်းစဉ်တွေကို မြန်မြန်ဆန်ဆန် လုပ်ကိုင်ဆောင်ရွက်ဖို့လိုတယ်။ အဲဒီလို ဆောင်ရွက်တဲ့အခါလည်း တစ်ဖက်နဲ့တစ်ဖက် ပြစ်တင်ပြောဆိုနေရုံနဲ့မပြီးဘူး။ တစ်ဘက်နဲ့တစ်ဘက်အပြစ်တင်နေမယ့်အစား အားလုံးပါဝင်တဲ့နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးပွဲလုပ်ပြီးရင် နိုင်ငံရေးကတိကဝတ်တွေ၊ သဘောတူညီချက်တွေ ရယူနိုင်ခါမှ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပျက်နေတဲ့ ပြဿနာတွေက ပြီးဆုံးမှာဖြစ်တယ်။

ဗီဒီယိုများ