လူသားအကျိုးပြုလုပ်ငန်းများဆိုင်ရာ ပရဟိတဒေါက်တာဘွဲ့ ရရှိသူ ဦးမင်းထည်ဝါနှင့် တွေ့ဆုံမေးမြန်းခြင်း

“ပရဟိတမှာ ကျနော်တို့ ရွှေရောင်မေတ္တာဟာ မူကြိုအဆင့်လောက်ပဲ ရှိပါသေးတယ်” 

By Admin 13 Mar 2023

လူသားအကျိုးပြုလုပ်ငန်းများဆိုင်ရာ ပရဟိတဒေါက်တာဘွဲ့ ရရှိသူ ဦးမင်းထည်ဝါနှင့် တွေ့ဆုံမေးမြန်းခြင်း

DMG (အင်တာဗျူး)

ရခိုင်ပြည်၊ စစ်တွေမြို့အခြေစိုက်  လူမှုကူညီရေးအသင်းတစ်ခုဖြစ်သည့် ရွှေရောင်မေတ္တာဖောင်ဒေးရှင်း တည်ထောင်သူ၊ အသင်းဥက္ကဌ ဦးမင်းထည်ဝါ သည် လူသားအကျိုးပြုလုပ်ငန်းများဆိုင်ရာ ပရဟိတဒေါက်တာဘွဲ့ Doctor of Humane Social Services (D. H. S. S) ကို ချီးမြှင့်ခံခဲ့ရသည်။ 

Emmaus International Theological University (Kalay Myanmar)မှ ပေးအပ်ချီးမြှင့်ခြင်းဖြစ်ပြီး အဆိုပါ ဒေါက်တာဘွဲ့ကို စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ရှိ Emmaus ဓမ္မတက္ကသိုလ်တွင် မတ်လ ၅ ရက်နေ့က သွားရောက် လက်ခံရယူခဲ့သည်။ 

ဦးမင်းထည်ဝါ ဦးဆောင်သည့် ရွှေရောင်မေတ္တာလူမှုကူညီရေးအသင်းသည် သာရေး၊ နာရေး၊ ကျန်းမာရေး စသည့် ကိစ္စရပ်များအပြင် ဒေသတွင်းလူမှုရေးလုပ်ငန်းများကို တက်ကြွစွာ ကူညီဆောင်ရွက်ပေးနေသည့် ပရဟိတအသင်းဖြစ်သည်။ အဆိုပါအသင်းကို ၂၀၁၉ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့တွင် ပရဟိတအလုပ်ကို စိတ်ဝင်စားသည့် လူ(၁၀)ဦးဖြင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ 

လူသားအကျိုးပြုလုပ်ငန်းများဆိုင်ရာ ပရဟိတဒေါက်တာဘွဲ့ ချီးမြှင့်ခံရခြင်းနှင့် ပတ်သက်၍ ရွှေရောင်မေတ္တာ လူမှုကူညီရေးအသင်း တည်ထောင်သူ ဦးမင်းထည်ဝါ ၏ ဝမ်းသာပီတိစကားသံများ အပါအဝင် အသင်း၏ ရှေ့ဆက်ဆောင်ရွက်သွားမည့် အခြေအနေများကို DMG မှ တွေ့ဆုံမေးမြန်းထားပါသည်။ 

■ ပရဟိတဒေါက်တာဘွဲ့ ချီးမြှင့်ခံရတဲ့အပေါ် ဦးမင်းထည်ဝါရဲ့ ဝမ်းသာပီတိစကားသံလေး ကြားပါရစေ။ 

ဒီဆုကို ရတဲ့အတွက် အတိုင်းမသိ ဝမ်းသာပါတယ်။ ကျနော်နဲ့အတူ အဖွဲ့သားတွေ၊ အသင်းသူ/သားတွေ အကုန်လုံး၊ အကုန်လုံး ဝမ်းသာကြပါတယ်။ 

■ ဒီပရဟိတဒေါက်တာဘွဲ့ကို ဘာကြောင့်ချီးမြှင့်တာလို့ သိရပါသလဲ။ 

သူတို့က ကျနော်တို့ ရွှေရောင်မေတ္တာအသင်းရဲ့ လုပ်ရည်ကိုင်ရည်တွေပေါ့နော်။ ကျနော်တို့ရဲ့ လူသားဆန်မှုတွေ၊ လူမျိုးမခွဲခြားဘဲ လူသားတွေအကုန်လုံးကို ကူညီစောင့်ရှောက်ပေးတဲ့အတွက် ပေးတယ်လို့ သိရပါတယ်။ ဒီဆုဟာ လူသားဆန်မှုပေါ့။ လူသားအကျိုးပြုလုပ်ငန်းတွေ လုပ်ဆောင်သူတွေကို ပေးတဲ့ Doctor of Humane Social Services ဘွဲ့ (လူသားအကျိုးပြုလုပ်ငန်းများဆိုင်ရာ ပရဟိတ ဒေါက်တာဘွဲ့) ဖြစ်ပါတယ်။ 

■ ဘွဲ့ချီးမြှင့်မယ်လို့ ဘယ်လိုမျိုး အကြောင်းကြားခံရပြီး လက်ခံရရှိခဲ့တာလဲ။  

ကျနော့်ကို ပြီးခဲ့တဲ့ အောက်တိုဘာလက သူတို့ ဖုန်းဆက်သွယ်ပြီးတော့ အင်တာဗျူးပုံစံမျိုးနဲ့ မေးကြပါတယ်။ အသင်းရဲ့လုပ်ဆောင်ချက်တွေကိုပေါ့။ နောက် ဖွဲ့စည်းထားတဲ့ အသင်းပုံစံကို မေးပါတယ်။ ကျနော်တို့ရဲ့ လုပ်တာကိုင်တာလေးတွေကို မေးပါတယ်။ ပြီးရင် ကျနော်တို့ Facebook Page ကို သူတို့ဝင်ကြည့်ထားတဲ့အကြောင်း၊ သူတို့လေ့လာစုံစမ်းထားတဲ့ အကြောင်းတွေကို ပြောပြတယ်။ အဲဒီနောက် နိုဝင်ဘာလမှာ သူတို့က ကျနော့်ကို ဒေါက်တာဘွဲ့ ချီးမြှင့်မယ်လို့ အကြောင်းကြားလာတာ ဖြစ်တယ်။

■ ဦးမင်းထည်ဝါ ဦးဆောင်တဲ့ ရွှေရောင်မေတ္တာလူမှုကူညီရေးအသင်းအနေနဲ့ လူမှုကူညီရေးလုပ်ငန်းတွေကို တိုးချဲ့လုပ်ဆောင်သွားဖို့ စီစဉ်ထားတာတွေရှိလား။

ကျနော်တို့က လူသားအကျိုးပြုလုပ်ငန်းဆိုတော့ လူသားတွေရဲ့ ကျန်းမာရေး၊ ရှင်ရေး/နာရေးတွေကို အဓိက ဆောင်ရွက်ပေးတယ်။ ကျနော်တို့ အခုနောက်ပိုင်းမှာ ပညာရေးပိုင်းတွေကိုလည်း နည်းနည်းလုပ်လာတယ်။ နောက် သဘာဝဘေးအန္တရာယ်ပေါ့။ အဲဒါတွေကိုလည်း ကျနော်တို့ လုပ်လာဖို့အတွက် စီစဉ်ထားပါတယ်။

■ ရခိုင်ပြည်က လူမှုကူညီရေး ပရဟိတအသင်းတွေ အားကောင်းလာဖို့အတွက် ဘာတွေလိုအပ်နေတယ်လို့ မြင်လဲ။ 

ပရဟိတမှာ ကျနော်တို့ ရွှေရောင်မေတ္တာဟာ မူကြိုအဆင့်လောက်ပဲ ရှိပါသေးတယ်။ ရခိုင်မှာ တချို့သော (ပရဟိတ)အသင်းကြီးတွေ အများကြီး ရှိပါတယ်။ ကျနော်တို့အမြင်က အကုန်လုံး ပူးပေါင်းပါဝင်ပြီး တစ်ဦးနဲ့တစ်ဦး လက်ချင်းချိတ်ကာ ကွန်ယက်ပုံစံမျိုးဖွဲ့ပြီးတော့ ပြည်သူလူထုကို ထိထိရောက်ရောက် ကူညီနိုင်ရင် ကောင်းပါတယ်။ တကယ့် တကယ် ပရဟိတစိတ်ဓာတ်နဲ့ လူသားဆန်မှုကိစ္စတွေပါ အကုန်လုံးပါလာပြီး ကူညီနိုင်ရင်တော့ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။  

■ လက်ရှိမှာ ရွှေရောင်မေတ္တာအသင်းရဲ့ လူမှုကူညီရေးအခြေအနေက ဘယ်လိုအနေအထားမှာ ရှိတယ်လို့ ပြောလို့ရလဲ။ 

ကျနော်တို့ ရွှေရောင်မေတ္တာက ပရဟိတမှာ မူကြိုအဆင့်လောက်ပဲ ရှိပါတယ်။ ပရဟိတမှာ ကျနော်တို့ကို ခေါ်တဲ့သူတွေ၊ ခိုင်းတဲ့သူတွေရှိလို့ လုပ်ရကိုင်ရတာပါ။ ကျနော်တို့အပေါ်မှာ မိဘပြည်သူ အကုန်လုံးက ကျေးဇူးရှိပါတယ်။ 

■ ရွှေရောင်မေတ္တာလူမှုကူညီရေးအသင်းနဲ့ပတ်သက်လို့ ပြည်သူတွေကို ဘာများပြောချင်တာတွေရှိလဲ။ 

ကျနော်တို့ ရွှေရောင်မေတ္တာဖောင်ဒေးရှင်းအနေနဲ့ ဆက်လက်ပြီး ဒီထက်ပေါ့နော် ပြည်သူတွေရဲ့ ကျန်းမာရေး၊ ပညာရေးတွေကို လုပ်သွားမယ့် အစီအစဉ်တွေရှိပါတယ်။ အဲဒါကြောင့် ကျနော်တို့ကို ခေါ်ပါ၊ အကူအညီတောင်းပါ။ အကူအညီပေးချင်လို့လည်း ရွှေရောင်မေတ္တာဆိုတဲ့ အသင်းကြီးကို ဖွဲ့ထားရတာပါ။ ကျနော်တို့ကို ဘယ်အချိန်ဖြစ််ဖြစ် ၂၄ နာရီ အကူအညီ တောင်းခံနိုင်ပါတယ်လို့ ပြောချင်ပါတယ်။

■ ဖြည့်စွက်ပြီး ဘာများပြောချင်တာတွေ ရှိပါသလဲ။ 

ဖြည့်စွက်ပြီးပြောချင်တာက ကျနော်တို့ကို လှူဒါန်းနေကြတဲ့ အလှူရှင်တွေ၊ မိဘပြည်သူ အကုန်လုံးပေါ့။ အသင်းအပေါ်မှာ ကျနော်တို့ထားတဲ့ စေတနာ၊ မေတ္တာနဲ့ ရင်ဘတ်ချင်းတူလို့ သူတို့က ကျနော့်တို့ကို လစဉ်ကြေးတွေ ထည့်တယ်၊ အလှုငွေထည့်တယ်၊ လူနာတင်ယာဉ်တွေ လှူပေးတယ်။ သူတို့ရဲ့ပံ့ပိုးမှုကြောင့် ပြည်သူလူထုကို ထိထိရောက်ရောက် ကူညီနိုင်တာဖြစ်တယ်။ ဒါကြောင့် သူတို့တွေကိုလည်း ကျေးဇူးအများကြီး တင်ပါတယ်။ ကျနော်တို့အသင်းမှာ လစဉ်ကြေးတွေထည့်ပြီး ဝန်းရံကြတဲ့ မိဘပြည်သူတွေ၊ လူနာတင်ကား အလှူတွေ၊ ကျနော်တို့ လုပ်ရည်ကိုင်ရည်ကို ယုံကြည်မှုပေးပြီး အလှူအတန်းတွေ လုပ်ပေးတဲ့ မိဘပြည်သူတွေ၊ ကျနော်တို့နောက်ကွယ်က ပရဟိတသမားလူကြီးမင်းတွေ အကုန်လုံးကို ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။

■ အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

#I001

ဗီဒီယိုများ