“ရခိုင်ပြည်သူအများစုနဲ့ ကင်းကွာတဲ့ အစိုးရမျိုးဆိုရင် ဒီပဋိပက္ခ၊ ပြဿနာတွေ ပြေလည်အောင်ဆောင်ရွက်ဖို့ အခက်အခဲရှိလိမ့်မယ်”

ဘယ်လိုလွှတ်တော်အခင်းအကျင်း ဖြစ်လာမလဲဆိုတဲ့ အခြေအနေပါ်မှာလည်း မူတည်သေးတယ်။ လာမယ့်ပြည်နယ်လွှတ်တော်မှာဆိုရင် ကျနော်တို့ ANP ပါတီက ၇ ဦးရှိမယ်။ NLD ပါတီက ၅ ဦးရှိတယ်။ ရခိုင့်ဦးဆောင်ပါတီက ၂ ဦး၊ ကြံ့ခိုင်ရေးပါတီက ၁ ဦး၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ပါလာဦးမယ်ဆိုတော့ လွှတ်တော်အခင်းအကျင်းပုံစံအပေါ်မှာ မူတည်လိမ့်မယ်လို့ ပြောလိုတယ်။

By မင်းထွန်း 19 Dec 2020

၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲရလဒ်များအရ နောက်ထပ် ငါးနှစ်သက်တမ်း အစိုးရအဖွဲ့ကို ဖွဲ့စည်းခွင့်ရမည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD ) ပါတီအနေနဲ့ တိုင်းရင်းသားပါတီတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့အတွက် NLD ပါတီအတွင်းရေးမှူး (၃) ဒေါက်တာအောင်မိုးညို အပါအဝင် ထိပ်တန်းတာဝန်ရှိသူသုံးကို ရွေးချယ်လိုက်တယ်လို့ ဒီဇင်ဘာလ ၁၂ ရက်နေ့က ကြေငြာခဲ့ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၂ ရက်နေ့ကလည်း တိုင်းရင်းသားပါတီ(၄၈) ခုကို "နောင်အနာဂတ် မြန်မာနိုင်ငံအတွက် ရှေးရှုရမည့် ပြည်ထောင်စုအရေးကိစ္စ" ခေါင်းစဉ်နဲ့ အိတ်ဖွင့်ပေးစာပေးပို့ခဲ့ပြီး တိုင်းရင်းသားပါတီတွေကို ပူးပေါင်းပါဝင်ဖို့ NLD ပါတီက ဖိတ်ခေါ်ထားပါတယ်။

ဒါကြောင့် ရခိုင်ပြည်နယ်အတွင်း မဲဆန္ဒနယ်အများဆုံး အနိုင်ရရှိထားတဲ့ ရခိုင်အမျိုးပါတီ (ANP) အနေဖြင့် NLD ပါတီနဲ့ ဆွေးနွေးဖြစ်ခဲ့ရင် ပြည်နယ်အစိုးရဖွဲ့စည်းရေး၊ လွှတ်တော်အခင်းအကျင်း ကိစ္စတွေအတွက် ဘာတွေကို အဓိကဆွေးနွေးဖို့ ပြင်ဆင်ထားသလဲ၊ တောင်းဆိုသွားဖို့ရှိလဲ စတာတွေကို DMG သတင်းထောက် မင်းထွန်းက ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဦးသာထွန်းလှကို သွားရောက်တွေ့ဆုံ မေးမြန်းထားပါတယ်။

မေး - ရွေးကောက်ပွဲအနိုင်ရ NLD ပါတီဟာ တိုင်းရင်းသားပါတီတွေနဲ့ ညှိနှိုင်းဆွေးနွေးသွားဖို့ ပြင်ဆင်နေတယ်ဆိုတော့ ANP ပါတီနဲ့ဆွေးနွေးဖို့ အကြောင်းကြားလာတာမျိုးရှိပြီလား၊

ဖြေ - အာဏာရပါတီ NLD က တိုင်းရင်းသားပါတီတွေနဲ့ ဆွေးနွးဖို့ ဒေါက်တာအောင်မိုးညို ပါဝင်တဲ့ လူပုဂ္ဂိုလ်သုံးဦးကို တာဝန်ပေးထားတယ်ဆိုတာကို သတင်းမီဒီယာကတစ်ဆင့် ကြားရတယ်။ ဒါပေမယ့် ANP ကို တွေ့ဆုံဆွေးနွေးဖို့အတွက် လောလောဆယ် တရားဝင်ကမ်းလှမ်းထားတာ မရှိသေးဘူး။ တရားဝင်ရောက်တဲ့စာဆိုလို့ ရွေးကောက်ပွဲအလွန် နိုဝင်ဘာ ၁၂ ရက်နေ့က အွန်လိုင်းပေါ်မှာတင်ခဲ့တဲ့ "နောင်အနာဂတ်မြန်မာနိုင်ငံအတွက် ရှေးရှုရမည့် ပြည်ထောင်စုအရေးကိစ္စ" စာတစ်စောင်တော့ တရားဝင်ရောက်လို့ရှိတယ်။ အဲဒီစာအပေါ်မှာတော့ စာကိုလက်ခံရရှိတဲ့အကြောင်းကို NLD ပါတီကို ပြန်ပြီးစာပို့ထားတာရှိတယ်။ အဲဒီနောက်ပိုင်း ထပ်ပြီး တရားဝင်တွေ့ဆုံဆွေးနွေးဖို့အတွက် လောလောဆယ် ကမ်းလှမ်းမှုမရှိသေးဘူး။

မေး - တကယ်လို့ ANP ပါတီဟာ NLD ပါတီနဲ့ ဆွေးနွေးဖြစ်ခဲ့ရင် ဘာတွေကို ဆွေးနွေးညှိနှိုင်းသွားမှာလဲ။

ဖြေ - အခုလောလောဆယ်တော့ ANP ပါတီကို တရားဝင်ကမ်းလှမ်းမှုတွေလည်း မရှိသေးတဲ့အခြေအနေမှာ NLD ပါတီရဲ့ တာဝန်ရှိပုဂ္ဂိုလ်တွေက သတင်းမီဒီယာတွေကို ပြောကြားတဲ့ အချက်တွေကိုပဲ သိရတဲ့အခြေအနေရှိတယ်။ အဲဒါကြောင့် NLD ပါတီက သတင်းမီဒီယာတွေမှာ ပြောဆိုထားတဲ့အချက်တွေပေါ်မှာ မူတည်ပြီး ပါတီအနေနဲ့ လေ့လာသုံးသပ်နေတဲ့ အခြေအနေပဲရှိသေးတယ်။

မေး - NLD ပါတီနဲ့ တွေ့ဆုံဆွေးနွေးဖြစ်ခဲ့ရင်ရော ဘာတွေကို တောင်းဆိုသွားဖို့ရှိလဲ။

ဖြေ - အဲဒါက တွေ့ဆုံဆွေးနွေးတဲ့ အခင်းအကျင်းပေါ်မှာ မူတည်လိမ့်မယ်လို့မြင်တယ်။ ပြီးရင် တွေ့ဆုံဆွေးနွေးတဲ့ ပုဂ္ဂိုလ်တွေရဲ့ လုပ်ပိုင်ခွင့်၊ ဆုံးဖြတ်ပိုင်ခွင့် ဘယ်လောက်ရှိလဲဆိုတဲ့ အတိုင်းအတာပေါ်မှာ မူတည်တယ်။ အခု သိထားသလောက်ဆိုရင် တိုင်းရင်းသားပါတီတွေရဲ့ သဘောထားတွေ၊ ဆန္ဒတွေကို နားထောင်ပြီး သဘောတူညီချက်ရအောင် စုစည်းပြီးမှ NLD စီအီးစီ (ဗဟိုအလုပ်အမှုဆောင်အဖွဲ့) က အတည်ပြုမယ်ဆိုတဲ့ သဘောထားမျိုးကို မီဒီယာကတစ်ဆင့်သိရတဲ့ အခြေအနေဖြစ်တဲ့အတွက် NLD ပါတီက တိုင်းရင်းသားပါတီအလိုက် တွေ့ဆုံမယ်ဆိုတာကို သိနေရတယ်။ ရခိုင်ပြည်နယ်ကိုတော့ လုံခြုံရေးအရ မလာနိုင်ဘူးဆိုတဲ့ ဖြေကြားချက်တွေကို ကြားနေရသလို ကမ်းလှမ်းမှုတွေလည်း မရှိသေးပါဘူး။

မေး - တကယ်လို့ ANP ပါတီက လွှတ်တော်ကိုယ်စားလှယ်တွေကို ပြည်နယ်ဝန်ကြီးချုပ် ခန့်အပ်ဖို့အတွက် NLD ကနေ အဆိုပြုလာရင် ANP ရဲ့သဘောထားက ဘယ်လိုရှိလဲ၊ ဘယ်လိုလူမျိုးကို ရွေးချယ်ထားပြီလဲ။

ဖြေ - ရခိုင်ပြည်နယ်အစိုးရက ပြည်နယ်လွှတ်တော်ရဲ့ လွှတ်တော်ကိုယ်စားလှယ် အများစုကသဘောတူတဲ့ ဝန်ကြီးချုပ်ဖြစ်ဖို့ အရေးကြီးတယ်။ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်က ခန့်အပ်တဲ့ ဝန်ကြီးချုပ်မျိုးဆိုရင် ဒါဟာ ဒီမိုကရေစီအခင်းအကျင်းနဲ့ နည်းနည်းလွဲချော်မှုရှိတယ်။ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံတော်သမ္မတက အဆိုပြုတဲ့လူက ဝန်ကြီးချုပ်ဖြစ်တယ်ဆိုလို့ ဘယ်လောက်ပင်ရေးထားပါစေ အဲဒီအခင်းအကျင်းကို ကျော်လွှားဖို့လည်း အရေးကြီးတယ်။ ရခိုင်ပြည်နယ်လွှတ်တော်က လွှတ်တော်ကိုယ်စားလှယ်အများစု သဘောတူတဲ့ ပုဂ္ဂိုလ်ဖြစ်မှ အဲဒီလွှတ်တော်ကိုလည်း  အဲဒီဝန်ကြီးချုပ်က တာဝန်ယူမှု၊ တာဝန်ခံမှုရှိမှာဖြစ်တယ်။ အဲဒါကြောင့် အရေးကြီးတဲ့အချက်က ရခိုင်ပြည်နယ်လွှတ်တော်က အများစုသဘောတူတဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ဝန်ကြီးချုပ်ဖြစ်ဖို့ အရေးကြီးတယ်လို့ မြင်တယ်။

မေး - ANP ပါတီက ပြည်နယ်ဝန်ကြီးချုပ်နေရာမရခဲ့ရင် ၂၀၁၅ တုန်းကလို အတိုက်အခံပါတီအဖြစ်နဲ့ ရပ်တည်သွားမှာလား။

ဖြေ - ဘယ်လိုလွှတ်တော်အခင်းအကျင်း ဖြစ်လာမလဲဆိုတဲ့ အခြေအနေပါ်မှာလည်း မူတည်သေးတယ်။ လာမယ့်ပြည်နယ်လွှတ်တော်မှာဆိုရင် ကျနော်တို့ ANP ပါတီက ၇ ဦးရှိမယ်။ NLD ပါတီက ၅ ဦးရှိတယ်။ ရခိုင့်ဦးဆောင်ပါတီက ၂ ဦး၊ ကြံ့ခိုင်ရေးပါတီက ၁ ဦး၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ပါလာဦးမယ်ဆိုတော့ လွှတ်တော်အခင်းအကျင်းပုံစံအပေါ်မှာ မူတည်လိမ့်မယ်လို့ ပြောလိုတယ်။

မေး - ဝန်ကြီးချုပ်နေရာမပေးဘဲ ဝန်ကြီးနေရာတွေသာ ပေးခဲ့ရင်ရော ANP ပါတီက လက်ခံမှာလား။

ဖြေ - လောလောဆယ် ကျနော်တို့ပါတီက ရွေးကောက်ပွဲရှုထောင့်ကိုပဲ အဓိကထားနေတဲ့ အခြေအနေပဲရှိသေးတယ်။ အဲဒါကြောင့် အစိုးရဖွဲ့စည်းရေးကိစ္စက နောက်လာမယ့် မတ်လအတွင်းဆိုတော့ အချိန်အများကြီး ရှိနေပါသေးတယ်။ အဲဒါကြောင့် ကျနော်တို့ကတော့ ရွေးကောက်ပွဲပြန်လည်ကျင်းပဖို့ ကိစ္စကိုပဲ အလေးပေးစဉ်းစားနေတာရှိတယ်။ ရွေးကောက်ပွဲကျင်းပဖို့ ရက္ခိုင့်တပ်တော်(AA) နဲ့ တပ်မတော်တို့က ထုတ်ပြန်ကြေငြာပြီးနောက်ပိုင်းမှာလည်း ANP ပါတီအနေနဲ့ အဲဒီထုတ်ပြန်ချက်တွေအပေါ်မှာ ရွေးကောက်ပွဲ ပြန်လည်ကျင်းပဖို့ကိစ္စကို ကြိုဆိုတဲ့အကြောင်းကို သဘောထားထုတ်ပြန်ခဲ့တာရှိတယ်။

မေး - ANP ပါတီက ဝန်ကြီးချုပ်နေရာ မရခဲ့ရင် ရခိုင်ဒေသဖွံ့ဖြိုးမှု အပါအဝင် လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခတွေက ပိုဆိုးလာနိုင်လား။

ဖြေ - ရခိုင်ပြည်နယ်အစိုးရက ရခိုင်ပြည်သူအများစုကို ကိုယ်စားပြုတဲ့ အစိုးရဖြစ်ဖို့အရေးကြီးတယ်၊ အဲဒါက အဓိကကျတဲ့ အချက်ဖြစ်တယ်။ ရခိုင်ပြည်သူအများစုကို ကိုယ်စားပြုမှ အဲဒီအစိုးရလည်း ဂုဏ်သိက္ခာရှိတဲ့ အစိုးရတစ်ရပ် ဖြစ်လာမှာဖြစ်တယ်။ ရခိုင်ပြည်သူအများစုကို ကိုယ်စားမပြုတဲ့၊ ရခိုင်ပြည်သူအများစုနဲ့ ကင်းကွာတဲ့ အစိုးရမျိုးနဲ့ဆိုရင် ဒီပဋိပက္ခ၊ ပြဿနာတွေ ပြေလည်အောင်ဆောင်ရွက်ဖို့အတွက် အခက်အခဲရှိလိမ့်မယ်လို့ မြင်တယ်။

မေး- ဖြည့်စွက်ပြီးတော့ ဘာများပြောချင်ပါသလဲ။

ဖြေ - အခုလက်ရှိ NLD ပါတီက ကော်မတီဝင်သုံးဦးဖွဲ့ပြီး တိုင်းရင်းသားပါတီတွေနဲ့ ထိတွေ့ဆက်ဆံဖို့အတွက် ကြိုးစားလာတာကိုတော့ ကြိုဆိုတယ်လို့ ပြောလိုတယ်။ ဘာကြောင့်လဲဆိုရင် လက်ရှိအာဏာရ NLD ပါတီကလည်း ၂၀၁၅  ရွေးကောက်ပွဲအလွန်တုန်းက တစ်စုံတစ်ရာ တိုင်းရင်းသားပါတီတွေနဲ့ ထိတွေ့ဆက်ဆံမှု လုံးဝမရှိခဲ့တဲ့အခြေအနေက အခုချိန်မှာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုအတွက် တိုင်းရင်းသားပါတီတွေနဲ့ လက်တွဲပြီး ကြိုးစားဆောင်ရွက်ဖို့အတွက် အဲလိုသဘောထားအပြောင်းအလဲတစ်ရပ် ရှိလာတယ်ဆိုတဲ့ အခြေအနေကို ထုတ်ဖော်ပြသတယ်လို့ သုံးသပ်လို့ရတဲ့အတွက်ကြောင့် အခုလိုတိုင်းရင်းသားပါတီတွေကို တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ဆောင်ရွက်နေတာကို ကြိုဆိုပါတယ်။

ဗီဒီယိုများ