ရခိုင်ပြည်လွတ်မြောက်ရေးနှင့် မြေစာပင်တို့၏ အတိဒုက္ခ

ပြင်းထန်လှသည့် တိုက်ပွဲများနှင့်အတူ နေရပ်စွန့်ခွာသူဦးရေမှာလည်း မြင့်တက်နေဆဲဖြစ်ပြီး လူသားချင်းစာနာမှု အကူအညီနည်းပါးခြင်း၊ အလုပ်အကိုင်ရှားပါးခြင်းနှင့် ကုန်ဈေးနှုန်းမြင့်တက်မှုတို့ကြောင့် စစ်ဘေးရှောင်များမှာ အတိဒုက္ခဖြစ်နေကြရသည်။

By Admin 14 May 2025

ရခိုင်ပြည်လွတ်မြောက်ရေးနှင့် မြေစာပင်တို့၏ အတိဒုက္ခ

DMG ၊ အင်တာဗျူး

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလက အစပျိုးခဲ့သည့် ရခိုင်တိုက်ပွဲသည် ယနေ့တွင် တစ်နှစ်နှင့် ခြောက်လနီးပါးကြာလာခဲ့ပြီ ဖြစ်သည်။

ပြင်းထန်လှသည့် တိုက်ပွဲများနှင့်အတူ နေရပ်စွန့်ခွာသူဦးရေမှာလည်း မြင့်တက်နေဆဲဖြစ်ပြီး လူသားချင်းစာနာမှု အကူအညီနည်းပါးခြင်း၊ အလုပ်အကိုင်ရှားပါးခြင်းနှင့် ကုန်ဈေးနှုန်းမြင့်တက်မှုတို့ကြောင့် စစ်ဘေးရှောင်များမှာ အတိဒုက္ခဖြစ်နေကြရသည်။ 

အာရက္ခတပ်တော်၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) သည် ရခိုင်ပြည် ပြန်လည်ထူထောင်ရေးတွင် လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းများကို အဓိက လုပ်ဆောင်နေသည့် ယန္တယားတစ်ခုလည်း ဖြစ်သည်။ 

စစ်ရေးကြားက စစ်ဘေးရှောင်များ၏ အခြေအနေ၊ စာနာမှုရရှိရေးအပိုင်း၊ ရှေ့ဆက်ဖြတ်သန်းကြရမည့်အရေး စသည်တို့နှင့် ပတ်သက်၍ HDCO နှင့် DMG တို့ ဆက်သွယ်မေးမြန်းထားသည်ကို တင်ဆက်ပေးလိုက်ရသည်။

DMG - ပထမဆုံး HDCO အနေနဲ့ ရခိုင်ပြည်အရေးနဲ့ ပတ်သက်လို့ ဘာတွေလုပ်ဆောင်နေလဲဆိုတာ သိပါရစေ။

HDCO ဆိုတာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ ရခိုင်ပြည်သူတွေအတွက် လူသားချင်းစာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်တွေကို လုပ်နေတဲ့ ရုံးတစ်ရုံး ဖြစ်ပါတယ်။ HDCO ရဲ့ အဓိက လုပ်ငန်းတွေထဲမှာ စစ်ဘေးရှောင်တွေကို အရေးပေါ်အကူအညီထောက်ပံ့ရေးကိစ္စ၊ သက်ဆိုင်တဲ့ လူသားချင်းစာ နာထောက်ထားရေးလုပ်ငန်းနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို လုပ်ကိုင်နေတဲ့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေ အဓိက ပါဝင်ပါတယ်။

DMG - လက်ရှိ ရခိုင်မှာ စစ်ဘေးရှောင် ဘယ်လောက်ထိ ရှိနေပြီလဲ။

၂၀၂၅ မတ်လအထိ HDCO ဖက်က ကောက်ခံရရှိထားတဲ့ အချက်အလက်တွေအရ အိမ်ထောင်စု ၈၀,၀၀၀ ကျော်၊ လူဦးရေ (၃၁၀,၀၀၀) ကျော်ရှိပါတယ်။ ထပ်တိုးတဲ့ စစ်ဘေးရှောင်တွေ အပါအဝင် ဖုန်း/ အင်တာနက် အခက်အခဲတွေကြောင့် မြေပြင်မှာ စစ်ဘေးရှောင်ဦးရေဟာ ခန့်မှန်းခြေ ၅ သိန်းကျော်ရှိမှာ ဖြစ်ပါတယ်။ ဂွ၊ ကျောက်ဖြူ၊ ပုဏ္ဏားကျွန်း၊ ပေါက်တောမြို့နယ်တွေမှာ စစ်ဘေးရှောင်အရေအတွက် ပိုပြီး တိုးလာပါတယ်။ မြောက်ဦး၊ ကျောက်တော်၊ ပလက်ဝ၊ ရမ်းဗြဲ၊ သံတွဲ၊ မင်းပြား၊ အမ်း၊ ဘူးသီးတောင်၊ ရသေ့တောင်၊ မောင်တောမြို့နယ်တွေမှာလည်း စစ်ဘေးရှောင် တချို့လျော့လာတာ တွေ့ရပါတယ်။

DMG - စစ်ဘေးရှောင်တွေရဲ့ နေထိုင်စားသောက်ရေး အခြေအနေဘယ်လိုရှိနေလဲ။

စစ်ဘေးရှောင်တွေအနေနဲ့ လက်ရှိမှာ စားနပ်ရိက္ခာ၊ အမိုးအကာ၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ စားဝတ်နေရေးအတွက် အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်အခွင့်အလမ်းတွေ ရှားပါးလာတဲ့ အခြေအနေတွေ ရှိသလို သောက်သုံးရေ ရှားပါးတာကြောင့် နောက်ဆက်တွဲ ဝမ်းပျက်၊ ဝမ်းလျှော့ရောဂါဖြစ်တာ၊ အရေပြား ရောဂါဖြစ်တာတွေကို ထပ်လောင်း ကြုံနေကြရတာ ရှိနေပါတယ်။ မိုးရာသီလည်း ရောက်တော့မယ်ဆိုတော့ သွေးလွန်တုပ်ကွေး၊ ငှက်ဖျားရောဂါတွေလဲ ထပ်ဖြစ်လာနိုင်ပါတယ်။

DMG - စစ်ဘေးရှောင်တွေ စာနာမှု အကူအညီရရှိရေး ဘယ်လိုလုပ်ဆောင်နေတာရှိလဲ။ စိန်ခေါ်မှုတွေက ဘာဖြစ်မလဲ။

HDCO အနေနဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းအားလုံးနဲ့ ပူးပေါင်းဆောင်ရွက်မှု လုပ်ပါတယ်။ စစ်ဘေးရှောင်တွေရဲ့ အကူအညီလိုအပ်နေတဲ့ အခြေအနေတွေကို သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေသိရှိပြီး အကူအညီပေးနိုင်အောင်၊ ပေးလာတဲ့ အကူအညီတွေဟာ လိုအပ်ချက်ရှိတဲ့ နေရာကို ချော့ချော့မွေ့မွေ့ ရောက်အောင် အာရက္ခပြည်သူ့အစိုးရရဲ့ သက်ဆိုင်တဲ့ဌာနတွေနဲ့ အဖွဲ့အစည်းတွေကို ချိတ်ဆက်ပေးတာတွေကို ပူးပေါင်းဆောင်ရွက်နေပါတယ်။ ပူးပေါင်းဆောင်ရွက်မှု အားကောင်းတဲ့ အဖွဲ့အစည်းရှိသလို၊ အားနည်းတဲ့ အဖွဲ့အစည်းတွေလည်း ရှိပါတယ်။

အဓိက စိန်ခေါ်မှုနေနဲ့ တွေ့ရတာက အဖွဲ့အစည်းအများစုက ရခိုင်ပြည်ရဲ့ ပြောင်းလဲလာတဲ့ အခြေအနေနဲ့အညီ အကူအညီတွေ လက်တွေကျကျ ပေးနိုင်အောင် လုပ်နိုင်စွမ်းအားနည်းတာ၊ ရန်ဘုံငွေ မလုံလောက်တာ၊ စစ်ကောင်စီရဲ့ ဖြတ် ၄ ဖြတ်ကြောင့် ကုန်စည်စီးဆင်းမှု ခက်ခဲပြတ်တောက်သွားတာကြောင့် အကူအညီပေးရေးပစ္စည်းတွေ အရင်းအမြစ်တွေ ရှားပါးလာတာ နိုင်ငံတကာ အဖွဲ့အစည်းတွေ အလှူရှင်အဖွဲ့အစည်းတွေနဲ့ ဒေသခံ အရပ်ဖက်အဖွဲ့အစည်းတွေကြားမှာ ခိုင်မာအားကောင်းတဲ့ ရေရှည်ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်တွေ လက်တွေကျကျ ရှိမနေတာစတဲ့ အခြေအနေတွေကို စိန်ခေါ်မှုအဖြစ်တွေ့ ရပါတယ်။

DMG - အခု သံတွဲက စစ်ဘေးရှောင်တွေ အငတ်ဘေးကြုံနေကြတယ်လို့ သိရတယ်။ သူတို့ရဲ့ နေထိုင်စားသောက်ရေး အခြေအနေ ဘယ်လိုရှိနေလဲ။

သံတွဲမြို့နယ်မှာ စစ်ဘေးရှောင်ဦးရေ ၂၀,၀၀၀ ကျော် (နှစ်သောင်း) ရှိနေပြီးတော့ အဖွဲ့အစည်းတွေရဲ့ အရေးပေါ် ထောက်ပံ့မှု စီမံကိန်းဝင်ရောက်မှုနည်းပါးတဲ့ မြို့နယ် ဖြစ်ပါတယ်။ သံတွဲမြို့နယ်က ပြည်သူတွေဟာ ပင်လယ်ကို အဓိက အမှီပြု လုပ်ကိုင်စားသောက်နေရတဲ့အတွက် လက်ရှိမှာ စစ်ကောင်စီ နေဗီအန္တရာယ်ကြောင့် ငါးဖမ်းလုပ်ငန်းတွေ မလည်ပတ်နိုင်တာ၊ အလုပ်အကိုင်ရှားပါးတာတွေကြောင့် စစ်ရှောင်ကာလ တစ်နှစ်ကျော်အတွင်းမှာ စားဝတ်နေရေး အခက်အခဲကို ရင်ဆိုင်နေကြရပါတယ်။ အဲဒါကြောင့် မြောက်ပိုင်းမြို့နယ်တွေဘက်ကို တချို့ ပြောင်းရွှေ့လာကြတာတွေလည်း တွေ့ရပါတယ်။

DMG - လက်ရှိ စစ်ဘေးရှောင်တွေ နေရပ်ပြန်ဖို့ကလည်း မသေချာတဲ့ အနေအထားမှာရှိနေတယ်ဆိုတော့ သူတို့ မိုးရာသီကာလဖြတ်ကျော်ရေးအတွက် ဘယ်လိုစီစဉ်ထားလဲ။

နေရပ်/အိမ် မပြန်နိုင်သေးတဲ့ စစ်ဘေးရှောင်တွေအတွက် အရေးပေါ်အကူအညီတွေ ထပ်ပေးဖို့ ကိစ္စ၊ မိုးရာသီ အချိန်မီ သင့်တော်တဲ့ အမိုးအကာအောက်ကို ရောက်ရှိနိုင်ဖို့ကိစ္စ၊ ကျန်းမာရေးစောင့်ရှောက်မှုကိစ္စ၊ အလုပ်အကိုင်အခွင့်အလမ်းကိစ္စတွေကို လုပ်ဆောင်နေသလို ဆက်လက်လို့လည်း လုပ်ဆောင်သွားဖို့ ဖြစ်ပါတယ်။

တချို့ နေရပ်ပြန်နိုင်ခြေရှိတဲ့ အခြေအနေတွေအတွက် နေရပ်ပြန်နိုင်အောင် မိုင်းရှင်းလင်းတာ၊ အမိုးအကာ ပြုပြင်တာ၊ အသစ်ဆောက်ပေးတာ၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ ပြန်လည်ထူထောင်းပေးတာစတဲ့ ပြန်လည်ထူထောင်းရေး အကူအညီတွေရရှိအောင် သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်လို့ စီစဉ်ပေးတာတွေ ဆက်လုပ်ပေးသွားဖို့ ရှိပါတယ်။

DMG - တစ်ဆက်တည်းမှာပဲ စစ်ဘေးရှောင် ကလေးတွေရဲ့ ပညာရေးကဏ္ဍ ဘယ်လို ထည့်တွက်ထားလဲ။

လက်ရှိမှာ အာရက္ခပြည်က မြို့နယ်အားလုံးဟာ လေကြောင်းအန္တရာယ် အထူးစိုးရိမ်ရတဲ့အတွက် ပညာရေး ကဏ္ဍအတွက်နဲ့ စာသင်ကျောင်းတွေ ပုံမှန်ဖွင့်ပြီးတော့ ကျောင်းသားလူငယ်တွေ လူစုပြီး ပညာသင်ကြားဖို့ သင့်တော်တဲ့ အခြေအနေ မဟုတ်သေးပါ။ သူ့ဒေသ၊ သူ့မြို့နယ်နဲ့ လိုက်လျောညီထွေဖြစ်တဲ့ အစီအစဉ်တွေနဲ့ ပညာရေး အဆက်မပြတ်သွားရအောင် အာရက္ခပြည်သူ့အစိုးရ ပညာရေးဌာနအနေနဲ့ ဦးဆောင်လုပ်ကိုင်နေပါတယ်။

DMG - အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။