“လက်နက်မကိုင်ဘဲ အကြမ်းမဖက်နည်းနဲ့ နိုင်ငံရေးအရ ဆက်ပြီးသွားဖို့ရှိတယ်။ လိုအပ်ရင် လိုအပ်သလို မြေပြင်မှာ နိုင်ငံရေးတိုက်ပွဲတွေ ဆက်လုပ်သွားဖို့ ရှိတယ်”

AASYC သည် ရခိုင်ပြည်၏ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးတို့အပြင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးနှင့် ပတ်သက်ပြီး လှုပ်ရှားဆောင်ရွက်နေသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။

By Admin 07 Oct 2023

“လက်နက်မကိုင်ဘဲ အကြမ်းမဖက်နည်းနဲ့ နိုင်ငံရေးအရ ဆက်ပြီးသွားဖို့ရှိတယ်။ လိုအပ်ရင် လိုအပ်သလို မြေပြင်မှာ နိုင်ငံရေးတိုက်ပွဲတွေ ဆက်လုပ်သွားဖို့ ရှိတယ်”

DMG ၊ အင်တာဗျူး

၁၉၉၅ ခုနှစ် အောက်တိုဘာ ၆ ရက်နေ့၊ ဘန်ကောက်မြို့တွင် ဖွဲ့စည်းခဲ့ကြသည့် ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များအစည်းအရုံး (AASYC) သည် အောက်တိုဘာလ ၆ ရက်နေ့က (၂၈) နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ 

AASYC သည် ရခိုင်ပြည်၏ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးတို့အပြင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးနှင့် ပတ်သက်ပြီး လှုပ်ရှားဆောင်ရွက်နေသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။

ထို့ကြောင့် ကျောင်းသားလူငယ်များဖြင့် ဖွဲ့စည်းထားသည့် AASYC ၏ နိုင်ငံရေးဖြတ်သန်းမှု၊ လက်ရှိ လှုပ်ရှားဆောင်ရွက်နေမှုနှင့် ရခိုင်ပြည် နိုင်ငံရေးအခြေအနေများနှင့်ပတ်သက်ပြီး သဘောထားအမြင်တို့ကို (AASYC) ဥက္ကဋ္ဌ ကိုစောထွန်းနှင့် DMG တို့ မေးမြန်းထားသည်ကို တင်ဆက်ပေးလိုက်ပါသည်။

DMG - AASYC အနေနဲ့ ရခိုင်အရေးနဲ့ပတ်သက်လို့ လက်ရှိ လှုပ်ရှားဆောင်ရွက်နေတဲ့ အခြေအနေတွေကို ပြောပြပေးပါ။ 

KST - အခုက ရခိုင်မှာရှိတဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေကို ရနိုင်သလောက် မှတ်တမ်းကောက်ခံတာတွေ ရှိတယ်။ လူအခွင့်အရေးနဲ့ပတ်သတ်ပြီး စည်းရုံးလှုံ့ဆော်တာ၊ ပညာပေးတာ စဉ်ဆက်မပြတ် ဒီနေ့အထိ လုပ်နေပါတယ်။ မဟာမိတ်တွေနဲ့ချိတ်ဆက်ပြီး သဘာဝပတ်ဝန်ကျင်အရေး လှုပ်ရှားမှုတွေ၊ ဌာနေတိုင်းရင်းသားတွေအရေး နှိုးဆော်တာတွေ လုပ်ဆောင်နေတာရှိတယ်။ 

လူ့အခွင့်အရေးနဲ့ပတ်သတ်လို့ မှတ်တမ်းတွေကောက်ပြီး ရခိုင်မှာဖြစ်နေတဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေကို နိုင်ငံတကာကိုရောက်အောင် စဉ်ဆက်မပြတ် ပေးပို့နေကြတာတွေရှိတယ်။ အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်အာဏာသိမ်းမှုကို လက်မခံနိုင်တာကြောင့် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး လုပ်နေတာတွေရှိကြတယ်။ နောက် စစ်ကောင်စီကပြုလုပ်မဲ့ အတုအယောင်ရွေးကောက်ပွဲနဲ့ပတ်သတ်ပြီး ရနိုင်သလောက် ဆန့်ကျင်လုပ်ဆောင်နေတာတွေ ရှိပါတယ်။

ပြီးရင် ရခိုင်တစ်ပြည်လုံးနဲ့ဆက်စပ်မဲ့ ရခိုင်တမျိုးသားလုံးနဲ့ နိုင်ငံရေးပါတီတွေ၊ EAO တွေ၊ CSO တွေ၊ တသီးပုဂ္ဂလတွေကအစ အကုန်လုံးစုစည်းပြီး စုဖွဲ့တဲ့ ရခိုင်တိုင်းရင်းသားရေးရာမူဝါဒကော်မတီမှာ AASYC အနေနဲ့ ထဲထဲဝင်ဝင် ပါဝင်တယ်။ နည်းပညာအရ ထောက်ပံ့ပြီးတော့ ၂၀၁၈ ခုနှစ်ကတည်းက ဒီနေ့အထိ ထဲထဲဝင်ဝင် ပါဝင်လုပ်ဆောင်မှုတွေ ရှိပါတယ်။ 

DMG – AASYC အနေနဲ့ တခြားကျောင်းသားအဖွဲ့အစည်းတွေနဲ့ ပူပေါင်းဆောင်ရွက်တာတွေ ရှိလား။ 

KST - မဟာမိတ်ကျောင်းသားတွေနဲ့တော့ ရှိပါတယ်။ ကျနော်တို့ အဖွဲ့အစည်းကို စတင်ဖွဲ့စည်းစဥ်ကတည်းက နယ်စပ်ဒေသမှာရှိတဲ့ လူငယ်တွေနဲ့ ရနိုင်သမျှ မဟာမိတ်ဖွဲ့တာတွေ၊ ဝင်ရောက်ဖွဲ့စည်းတာတွေ လုပ်တယ်။ တစ်နိုင်ငံလုံးနဲ့ဆိုင်တဲ့ ကျောင်းသားလူငယ်များကွန်ဂရက် (SYCB)နဲ့ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေး၊ တိုင်းပြည်တည်ဆောက်ရေး၊ အာဏာရှင်ဆန့်ကျင်ရေး၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရရှိရေးတွေကို ချိတ်ဆက်ပြီး လုပ်ဆောင်နေပါတယ်။

DMG - AASYC ရဲ့ နိုင်ငံရေးဖြတ်သန်းမှု အခြေအနေနဲ့ ကြုံတွေ့ခဲ့ရတဲ့ အခြေအနေတွေကို ပြောပြပေးပါ။  

KST - အဖွဲ့ကို ဖွဲ့စည်းကတည်းက ကာလတလျှောက်၊ တည်ဆဲနိုင်ငံရေး အခြေအနေအတွေအလျှောက် အခက်အခဲစိန်ခေါ်မှုတွေ အများကြီးကြုံခဲ့ရတယ်။ ရခိုင်မှာ တိုက်ပွဲတွေဖြစ်ပြီးတဲ့နောက်ပိုင်းမှာ ပိုပြီးလုပ်ကိုင်ရတာတွေ တော်တော်လည်း ကျပ်တည်းတဲ့ အနေအထားပါ။ မြေပြင်မှာ နှစ်ဖက်လက်နက်ကိုင်တွေကြား လုပ်ရတဲ့ စိန်ခေါ်မှု၊ ခြိမ်းခြောက်မှု၊ အန္တရာယ်ပြုမှုတွေ ခံရတယ်။ အဓိကတော့ ဖမ်းဆီးချုပ်နှောင်ခံရတာတွေဖြစ်တယ်။ စစ်ကောင်စီကတော့ သူတို့ရဲ့ဆန့်ကျင်ဘက် အဖွဲစည်းဖြစ်တဲ့အတွက် ရန်သူအလုပ်ကို သူတို့က ပီပီပြင်ပြင်လုပ်နေတယ်။

တစ်ဖက်မှာ ကိုယ့်အမျိုးသားထဲက ခြိမ်းခြောက်မှုဆန်တဲ့ လုပ်ရပ်တွေ အန္တရာယ်ပြုမှုဆန်တဲ့ လုပ်ရပ်တွေနဲ့ ရင်ဆိုင်ရတယ်။ တချို့က ရခိုင်မှာ တစ်ဖွဲ့တည်းဘဲ ရှိရမယ်။ ကျန်တဲ့အဖွဲ့ လက်မခံဘူး။ မလိုချင်ဘူးဆိုတဲ့ အနေအထားဆိုတော့ ကိုယ့်အချင်းချင်းကြားမှာ မိတ်ဖက်ဆက်ဆံရေးသဘောက အပြုသဘော မဆောင်တော့ဘဲ ဖြစ်ပါမလားဆိုတဲ့ အတွေးတွေနဲ့ လုပ်ကိုင်ရတယ်။ တစ်ဖက်မှာ အသက်အန္တရာယ်ပြုတဲ့ အနေအထားအထိ ကြုံတွေ့ရတယ်။ ဖမ်းဆီးချုပ်နှောင်ခံရတာတွေ ရှိတယ်။ တခြားသော ပြဿနာရှာပြီး နှောက်ယှက်တာတွေ  ရှိတယ်။

DMG - နိုင်ငံရေးလှုပ်ရှားမှုကာလမှာ AASYC အဖွဲ့ဝင်တွေ ဖမ်းဆီးခံရတာတွေရှိတယ်လို့ သိရတယ်။ အဲဒီအခြေအနေနဲ့ပတ်သက်ပြီး ပြောပြပေးပါ။

KST - AASYC စတင်ဖွဲ့တဲ့ ကာလကနေ ဒီနေ့အချိန်အထိ ပြန်ကြည့်ရင်တော့ လူအရေအတွက်အားဖြင့် ၂၀ လောက် ဖမ်းဆီးခံခဲ့ရတယ်။ ချုပ်နှောင်ခံရတဲ့ ပုံစံတွေကတော့ မတူဘူးပေါ့။ တချို့က ပြည်ပနိုင်ငံတွေမှာ ရင်ဆိုင်ရတဲ့ ချုပ်နှောင်မှုတွေရှိတယ်။ တချို့က ပြည်တွင်းမှာ စစ်ကောင်စီဆီမှာ ဖမ်းဆီးခံခဲ့ရတာတွေလည်း ရှိတယ်။ နောက်တစ်ခု ထူးခြားတာက ကိုယ်လူမျိုးအချင်းချင်းကြားထဲ အခုလို စပ်ကူးမက်ကူး နိုင်ငံရေးအရ ချုပ်ထွေးတဲ့ကာလမှာ ရခိုင်တော်လှန်ရေးအင်အားစုတွေထဲကပဲ ဖမ်းဆီးခဲ့တာလည်းရှိတယ်။

DMG - AASYC အနေနဲ့ လက်ရှိနိုင်ငံရေးအခြေအနေမှာ ဘယ်လိုရှေ့ဆက်သွားဖို့ရှိလဲ။

KST - ကျနော်တို့က ကျောင်းသားလူငယ်တွေဆိုတဲ့ ပလက်ဖောင်းမှာ ရပ်တည်နေတယ်။ အဲဒီဘောင်တစ်ခုကို ဆုပ်ကိုင်ထားတဲ့ နိုင်ငံရေးအင်အားစုတစ်ခုဖြစ်တယ်။ လက်ရှိ ပြည်သူလိုအပ်ချက်အရ ရပ်တည်ချက် ကျောင်းသားများအခန်းကဏ္ဍာကို ဆက်ပြီးကိုင်စွဲထားဖို့ ရှိတယ်။ ပြီးတော့ ရှေ့အဆက်ဆက် အချုပ်ချာအာဏာ ကျဆုံးကတည်းက တိုက်ပွဲဝင်လာခဲ့တဲ့ ခေတ်အဆက်ဆက်ခေါင်းဆောင်တွေ သယ်ဆောင်ခဲ့တဲ့ ရခိုင်အမျိုးသားရေးအလံကို ဆက်လက်သယ်ဆောင်မယ်။ နောက်ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအလံကို ဆက်ပြီးကိုင်စွဲမယ်။ အဓိကတော့ လက်နက်မကိုင်ဘဲ အကြမ်းမဖက် အနုနည်းနဲ့ နိုင်ငံရေးအရ ဆက်ပြီးသွားဖို့ ရှိပါတယ်။ နောက်လိုအပ်ရင် လိုအပ်သလို မြေပြင်မှာ နိုင်ငံရေးတိုက်ပွဲတွေ ဆက်လက်လုပ်ဆောင်သွားဖို့ ရှိပါတယ်။

DMG - AASYC အနေနဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်ဆောင်ရွက်တာတွေရှိလား။ 

KST - ပတ်သက်ဆက်နွယ်မှုက မရှိဘူးလားဆိုရင် ရှိတယ်။ ရှိတယ်ဆိုတာက မူအားဖြင့်ရှိတယ်။ ကျနော်တို့ဟာ တစ်ချိန်တုန်းက ရခိုင်တော်လှန်ရေးအတွက် လက်နက်ကိုင်တော်လှန်ရေး လိုကိုလိုအပ်တဲ့အတွက် ဖော်ဆောင်ရမယ်ဆိုပြီး အတွေးတွေရှိတယ်။ ဒီနေ့အချိန်အထိလည်း ရခိုင်အမျိုးသားအတွက် ရန်သူ စစ်အာဏာရှင်ကိုဆန့်ကျင်ရေး ကျနော်တို့ တောက်လျှောက်လုပ်လာကြတဲ့ မူအားဖြင့်ရှိပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ရက္ခိုင်ပြည်အမျိုးသားကောင်စီနဲ့ လုပ်နည်းလုပ်ဟန်အရ ရှိပါတယ်။

လုပ်နည်းလုပ်ဟန်အရ ဘယ်လိုရှိလဲဆိုတော့ သူတို့ရဲ့ ပြည်သူရေးရာအပိုင်းနဲ့ နိုင်ငံရေးနဲ့ပတ်သတ်တဲ့ အပိုင်းတွေမှာ ကျနော်တို့နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ အနည်းနဲ့အများ ရှိပါတယ်။ တခြားသော ရက္ခိုင့်လက်နက်ကိုင်တွေဖြစ်တဲ့ ULA တို့ ALP တို့နဲ့တော့ မရှိဘူး။ ALP ဆိုရင်လည်း ၂၀၁၀ ခုနှစ်နောက်ပိုင်းမှာ ပြည်တွင်းငြိမ်းချမ်းရေး လက်မှတ်ရေးထိုးပြီးကတည်းက ဆက်ဆံဖို့ တော်တော်လည်းကို ခက်ခဲသွားတယ်။ 

ULA/AA နဲ့ ကျတော့ ရခိုင်မှာ သူတို့ကလွဲပြီး ကျန်တဲ့အဖွဲ့တွေ မရှိရဘူးဆိုတဲ့အသံတွေက ပေါင်းစပ်လုပ်ဆောင်သွားဖို့ တော်တော်လည်းကို ခက်ခဲသွားတယ်။ ကျနော်တို့ အဖွဲ့အစည်းမှာရှိတဲ့ ရည်းမှန်ချက်အရ ရခိုင်အမျိုးသားလွတ်မြောက်ရေးအတွက် ရည်ရွယ်ချက်တူ သဘောထားတူတဲ့ ဘယ်လက်နက်ကိုင်တွေနဲ့မဆို ကျနော်တို့ ပူးပေါင်းဆောင်ရွက်သွားဖို့ အမြဲတမ်းဆန္ဒရှိပါတယ်။

DMG - ရခိုင်လက်နက်တွေဖြစ်ကြတဲ့ ULA/AA ၊ ANC/AA နဲ့ ALP တို့ရဲ့ ဆက်ဆံရေးအပေါ်မှာ ဘယ်လိုမြင်ပါသလဲ။

KST - ကျနော်တို့အမြင်ဆိုရင် ALP နဲ့ ANC ကြားမှာ ၂၀၁၆ ခုနှစ်လောက်က ထင်တယ်။ သူတို့တွေ ပေါင်းစပ်ညှိနှိုင်းရေးအတွက် ဆွေးနွေးခဲ့ကြတယ်။ ALP ဖက်က ဗဟိုကော်မတီနဲ့ ဗဟိုဌာနချုပ်ကြားမှာ ကိုယ်စားပြုမှု မရှင်းမလင်းဘူးထင်တယ်။ အဲဒီအနေအထားကြောင့် အဲဒီလုပ်ငန်းစဉ်က ရပ်နားသွားကြရတယ်။ ပြီးတော့ ၂၀၁၄ ကျောက်ဖြူညီလာခံမှာ ALP နဲ့ ULA တို့ကြားမှာ ပေါင်းစပ်ညှိနှိုင်းဖို့အတွက် သဘောတူညီမှုတွေ ရှိခဲ့တယ်လို့ ကြားခဲ့ရတယ်။

ဒါပေမဲ့ နောက်ပိုင်းတွေ့ဆုံဆွေးနွေးမှုတွေနဲ့ လုပ်ငန်းအကောင်အထည်ဖော်မှုတွေကိုတော့ ဘာမှမတွေ့ရဘူး။ ၂၀၁၅ ခုနှစ် တိုက်ပွဲတွေစတင်ပြီးနောက်မှာ မိတ်ဖက်အဖွဲ့တွေ အဖြစ်ကနေ ရန်ဖက်အဖွဲ့တွေအဖြစ် တွေ့လာကြရတယ်။ နောက် ANC နဲ့ ULA/AA ကြားပေါ့။ ဒါကတော့ ANC ဖက်က ထုတ်ဖော်ပြောကြားချက်တွေအရ မူအားဖြင့် ပေါင်းစပ်ညှိနှိုင်းတာတို့ နိုင်ငံရေးပါတီတွေ၊ လက်နက်ကိုင်အဖွဲ့တွေ ပူးပေါင်းတယ်ဆိုတာက ခိုးသားငါးရာပေါင်းစည်းသလို မဖြစ်ဖို့တော့လိုတယ်ပေါ့။ နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်မှုကို အဆင့်ဆင့် ညီညွတ်ရေးအရလုပ်ဖို့လိုတယ်လို့ ANC ဖက်က ပြောကြားခဲ့တာတွေကို တွေ့ခဲ့ရတယ်။ 

နောက် ဒီအဖွဲ့အစည်းတွေကြားမှာ ပူးပေါင်းဆောင်ရွက်မှုတွေ ထွေထွေထူးထူးလည်း သိပ်မတွေ့ရဘူး။ ULA ဖက်က ပြောကြားချက်တွေကို ကြားရသလောက် တပ်မတော် တစ်ခုနဲ့တစ်ခု ပေါင်းစည်းတဲ့အခါမှာ အင်အားနည်းတဲ့အဖွဲ့က သူတို့ရဲ့ သက်ဆိုင်ရာအဖွဲ့ကို ဖျက်သိမ်းကာ အင်အားကြီးတဲ့အဖွဲ့နဲ့ ပေါင်းစည်းပါဆိုပြီး သဘောထားတွေ ကျယ်ကျယ်ပြန့်ပြန့် ကြားရတယ်။ 

ဒါမျိုးကျတော့လည်း နိုင်ငံရေးအရ ပေါင်းစည်းညှိနှိုင်းမှုပုံစံမျိုုး မဖြစ်လာသေးတော့ အချင်းချင်းကြားမှာ စည်းလုံးညီညွတ်တဲ့ တည်ဆောက်ရေးသဏ္ဍာန်တစ်ခုကို အချိန်လိုသေးတယ်။ အဆင့်တွေအများကြီး သင်ယူရအုံးမယ်လို့ မြင်ပါတယ်။

DMG - စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ ရခိုင်နိုင်ငံရေးပါတီတွေအပေါ်မှာ ဘယ်လိုမြင်လဲ။  

KST - ၂၀၁၀ ရွေးကောက်ပွဲကာလက ရခိုင်အမျိုးသားရေးအတွက် ပါတီတွေကို ကူညီထောက်ပံ့ခဲ့တာတွေ ရှိပါတယ်။ ပြည်တွင်းကခေါင်းဆောင်တွေ အလုပ်ကိစ္စနဲ့ဖြစ်ဖြစ် အစည်းဝေးတွေမှာ လိုအပ်ရင် လိုအပ်သလို ကျနော်တို့အဖွဲ့က လိုက်ပါပို့ဆောင်တယ်။ လုံခြုံရေးအရ လုပ်ပေးတာတွေ၊ သွားရေးလာရေးကအစ လုပ်ဆောင်ပေးခဲ့တာတွေရှိတယ်။ နောက်တစ်ခုက ၂၀၁၀ ရွေးကောက်ပွဲမှာဆိုရင် ပါတီတွေ ဖွဲ့စည်းကြတဲ့အခါ ၂၀၀၈ ဖွဲ့စည်းပုံကို မလားဘူးဆိုပေမဲ့ သင့်ရင်သင့်သလို နိုင်ငံရေးမှာပါဝင်ဖို့ ကြိုးစားမှုအပေါ်မှာ ပါဝင်ကူညီတာတွေ ရှိခဲ့တယ်။

အရင်က ကျနော်တို့နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေရှိခဲ့တဲ့ ပါတီတွေက အခု ရန်သူစစ်ကောင်စီနဲ့ ပူးပေါင်းနေတာ တွေ့ရတော့ အမျိုးသားရေးအရ စိတ်မကောင်းဘူး။ ဒါကလည်း သူတို့ရဲ့ ရပ်တည်ချက်၊ သဘောထား ဖြစ်တဲ့အတွက် သိပ်ပြီးမပြောလိုဘူး။ ကျနော်တို့ကတော့ အားမလို အားမရဖြစ်တယ်။ အမျိုးသားရေးအရ စိတ်မကောင်း ဖြစ်ရတယ်။

DMG - လက်ရှိရခိုင်ပြည်ရဲ့ နိုင်ငံရေးအခင်းအကျင်းနဲ့ပတ်သက်လို့ ဘာများပြောချင်ပါလဲ။

KST - နိုင်ငံရေးအခင်းအကျင်းက စိတ်မကောင်းစရာ၊ အားမလိုအားမရဖြစ်ရတဲ့ အနေအထားမှာရှိတယ်။ အဲဒီလိုဖြစ်ရတာကလည်း လက်ရှိ ဗမာပြည်နိုင်ငံရေးကပေးနေတဲ့ အနေအထားကို ကျနော်တို့ ရခိုင်ပြည် အမျိုးသားရေး၊ နိုင်ငံရေး၊ တော်လှန်ရေးအင်အားစုတွေက ကောင်းကောင်းအသုံးမချနိုင်ဘူးလို့ မြင်တယ်။

မြန်မာစစ်တပ်က အရင်ကတည်းကလည်း သရုပ်ပျက်တဲ့အနေအထားမှာ ရှိပြီးသား။ အခု အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းမှာဆိုရင် အဆပေါင်းများစွာ ဆိုးသွားတယ်။ အရင်ကဆိုရင် စစ်တပ်နဲ့ ရင်ကြားစေ့လုပ်တဲ့ အဖွဲ့အစည်းတွေ၊ စစ်တပ်ကို ထောက်ခံဝန်းရံတဲ့ အထူးသဖြင့် ဗမာလူမျိုးတွေ၊ အညာသူ၊ အညာသားတွေ၊ စစ်တပ်ထောက်ခံတဲ့ အဖွဲ့တွေ၊ ဝန်းရံခဲ့တဲ့သူတွေတောင် သူတို့ကို လက်နက်ကိုင်ပြီး တော်လှန်ဆန်ကျင်တယ်။ အရင်က ကိုယ့်ဘက်ကို လှည့်နေတဲ့ပြောင်းတွေ သူတို့ဘက်ကို ဝိုင်းပြီးတော့ ချိန်နေကြတဲ့အချိန်၊ တိုက်ခိုက်တော်လှန်နေကြတဲ့အချိန် ကျနော်တို့က အရင်ကရှိတဲ့တော်လှန်ရေးကို ဆတိုးပြီး မလုပ်နိုင်တာတွေကို မြင်ရတယ်။ ဆိုတော့ အားမလိုအားမရဖြစ်သလို တစ်ဖက်မှာလည်း ရန်သူစစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို စိတ်ပျက်ဖို့ကောင်းလောက်အောင် တွေ့လာနေရတော့ စိတ်ပျက်ရပါတယ်။

ကျနော်တို့မျှော်လင့်ထားတဲ့ ပါတီတွေ၊ အဖွဲ့အစည်းတွေ ကိုယ်တိုင်က ရန်သူရဲ့ နိုင်ငံရေးလုပ်ဇာတ်ထဲမှာပါဝင်ပြီး အကျိုးတော်ဆောင်ကာ ရန်သူရဲ့ နိုင်ငံရေးလိုလားချက်တွေကို သွားပြီးဆောင်ရွက်နေတာတွေရတော့ စိတ်ပျက်ရတယ်။ စစ်ကောင်စီ အုပ်ချုပ်ရေးမှာပါနေတဲ့ သူတို့တွေရဲ့ အကြောင်းပြချက်တွေက ဘယ်နှစ်ခုလောက်ထိ အထမြောက်အောင်မြင်သလဲ။ သူတို့ ပြန်စဥ်းစားဖို့လိုတယ်။ ဒီလိုမလုပ်ဘူးဆိုရင် ဒီထက်မက ကျဆုံးသွားဖို့ပဲရှိတယ်။ လူထုကြားထဲမှာလည်း အမျိုးသားရေးစိတ်ဓာတ် တော်တော်လည်း ပျက်ပြယ်သွားပြီလို့ မြင်တယ်။

တစ်နေ့တစ်နေ့ စိတ်မချမ်းသာစရာတွေ။ လက်ရှိနိုင်ငံရေးအရ လူမှုစီးပွား ကျဆင်းနေတာတွေ၊ အလုပ်အကိုင် ရှားပါးတယ်။ ကုန်စျေးနှုန်းတွေ တက်တယ်။ ဒီဟာတွေကို တောက်လျှောက်ရင်ဆိုင်ရသလို ပြဿနာပေါင်း တစ်သောင်းခြောက်ထောင်နဲ့ မြင်ရတယ်။ လူထုကြားထဲမှာ အမျိုးသားရေး တော်တော်လေးပျက်ပြယ်နေပြီလို့ မြင်တယ်။ ဒီဟာကို အခုချိန်က ထိန်းသိမ်းရင် ထိန်သိမ်း။ မထိန်းသိမ်းရင် ရခိုင်အမျိုးသားရေးအနာဂတ်က ဒီထက်ဆိုးရွားတဲ့ အနေအထားကို ရောက်သွားဖို့ပဲရှိတယ်။

DMG - အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

#I006

ဗီဒီယိုများ