လွတ်မြောက်လာသူ တစ်ဦးပြောပြတဲ့ ပေါက်တောစစ်ပွဲ အနိဌာရုံ 

ပေါက်တောမြို့တိုက်ပွဲအခြေအနေ၊ တိုက်ပွဲအတွင်း ဘယ်လိုဖြစ်သန်းခဲ့ရသလဲ၊ စစ်ကောင်စီက ဘာတွေကျူးလွန်နေသလဲ စတဲ့ အကြောင်းအရာတွေနဲ့ပတ်သက်ပြီး  AA ကယ်ထုတ်မှုကြောင့် နိုဝင်ဘာ ၂၁ ရက်နေ့က လွတ်မြောက်လာတဲ့ အမျိုးသားတစ်ဦးကို DMG က မေးမြန်းထားပါတယ်။ 

By Admin 24 Nov 2023

လွတ်မြောက်လာသူ တစ်ဦးပြောပြတဲ့ ပေါက်တောစစ်ပွဲ အနိဌာရုံ 

ပေါက်တောမြို့မှာ နိုဝင်ဘာလ ၁၆ ရက်ကနေ ဒီနေ့အချိန်ထိ စစ်ကောင်စီနဲ့ AA တို့ တိုက်ပွဲ ပြင်းထန်နေပါတယ်။ စစ်ကောင်စီက ကြေးရေလေပူးပေါင်းအင်အားနဲ့ တိုက်ခိုက်နေပြီး စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ပေါက်တောမြို့မှာ နေအိမ်အချို့ မီးလောင်ပျက်စီးမှုတွေ ရှိပါတယ်။ 

တိုက်ပွဲအတွင်း မြို့ခံရာချီပိတ်မိနေသလို စစ်ကောင်စီက ဓားစာခံအဖြစ် ဖမ်းဆီးထားသူတွေလည်း ရှိနေပါတယ်။ ပေါက်တောမြို့ခံတွေ လွတ်မြောက်ရေးအတွက် AA ဘက်က အကြိတ်အနယ် ကြိုးပမ်းနေပါတယ်။ နိုဝင်ဘာလ ၂၁ ရက်နဲ့ ၂၃ ရက်နေ့တွေမှာတော့ မြို့ခံ ၂၂၀ ကျော်ဟာ AA ကယ်ထုတ်မှုကြောင့် လွတ်မြောက်လာခဲ့ပါတယ်။

ပေါက်တောမြို့တိုက်ပွဲအခြေအနေ ဘယ်လိုရှိနေသလဲ၊ တိုက်ပွဲအတွင်းပိတ်မိနေသူတွေ ဘယ်လိုဖြစ်သန်းခဲ့ရသလဲ၊ စစ်ကောင်စီက ဘာတွေကျူးလွန်နေသလဲ စတဲ့ အကြောင်းအရာတွေနဲ့ပတ်သက်ပြီး  AA ကယ်ထုတ်မှုကြောင့် နိုဝင်ဘာ ၂၁ ရက်နေ့က လွတ်မြောက်လာတဲ့ အသက် ၅၇ နှစ်အရွယ် အမျိုးသားတစ်ဦးကို DMG က ဆက်သွယ်မေးမြန်းထားပါတယ်။ (လုံခြုံရေးအရ အင်တာဗျူးဖြေဆိုသူရဲ့ နာမည်ကို ချန်လှပ်ထားပါတယ်)

မေး - စစ်ပွဲအတွင်း ပိတ်မိခဲ့တဲ့အကြောင်းကို သိချင်ပါတယ်။

ဖြေ - အဲဒီနေ့(နိုဝင်ဘာ ၁၆)က မြို့ထဲကို လေယာဉ်တွေနဲ့ လက်နက်ကြီးတွေနဲ့ပစ်တော့ ကျနော်တို့က လောကထိပ်ပန်ဘုရားမှာ လုံခြုံတယ်ဆိုပြီးတော့ ပြေးကြတာ။ ကျနော်တို့ ဘုရားရင်ပြင်မှာ ပုန်းနေကြတော့ စစ်သားတွေနဲ့ ရဲသားတွေ တက်လာတယ်။ နောက်ပြီးတော့ ရမ်းပစ်တာတွေရှိတယ်။ အဲဒီလို့ပစ်လို့ ကျနော်ရှေ့မှာ ၄ ယောက်သေသွားတယ်။ စစ်သားတွေက ကျနော်တို့ကို မြင်တော့ “လက်မြောက်ပြီးတော့ ထွက်လာကြ၊ လက်မမြောက်ရင် ပစ်သတ်မယ်” ဆိုပြီးတော့ ပြောတယ်။ နောက်ပြီးတော့ “ဒီမှာ AA တွေရှိလား” မေးတယ်။ အဲဒီလို့မေးပြီးတော့ ကျနော်တို့ကို ဘုရားဓမ္မာရုံမှာ စုပြီးတော့ ဖမ်းထားပါတယ်။ 

မေး - ဆက်ပြီးတော့ ဘာဖြစ်သေးလဲ ရှင်းပြပေးပါ။

ဖြေ - ဖမ်းဆီးခံရတဲ့နေ့ကတော့ ကျနော်တို့ကို လုံးဝ အပြင်ထွက်ခွင့်မပေးဘူး။ နောက်တစ်နေ့မနက်မှ အိမ်က အဝတ်အထည်တွေ၊ အစားအသောက်တွေ လူခွဲပြီးတော့ ယူခွင့်ပေးပါတယ်။ ယောက်ျားတွေကို ဈေးကနေ ရိက္ခာတွေယူခိုင်းပြီးတော့ မိန်းမတွေကို ထမင်းချက်ခိုင်းတယ်။ အဲဒီလိုပဲ နေခဲ့ရတယ်။ ကျနော်တို့မှာ ပါလာတဲ့ ဖုန်းတွေနဲ့ ပစ္စည်းတွေကို အကုန်လုံးသိမ်းသွားတယ်။ အမျိုးသမီးတွေမှာပါလာတဲ့ ရွှေတွေကိုလည်း အကုန်လုံး သိမ်းသွားတယ်။ ကျနော်တို့ ရပ်ကွက်ဖက်ကို သွားကြည့်တဲ့အခါတော့ လူတွေ တစ်ယောက်မှ မရှိတော့ဘူး။ စစ်သားတွေက မြို့ဝင်၊ မြို့ထွက်တွေရော၊ အိမ်တွေမှာလည်း နေရာယူထားတယ်။ လောကထိပ်ပန်ဘုရားမှာ ဖမ်းထားတာက လူ ၁၂၀ ကျော်ရှိပါတယ်။

မေး - ပစ်ခတ်ခံရလို့ သေဆုံးဒဏ်ရာရသူတွေရဲ့ အခြေအနေကိုလည်း သိပါရစေ။

ဖြေ - ကျနော်တို့နဲ့အတူ ဖမ်းဆီးခံရသူတွေထဲမှာ စစ်သားတွေပစ်ခတ်မှုကြောင့် ဒဏ်ရာရသူတွေလည်း ပါတယ်။ ကလေးတစ်ယောက်ဆိုရင် တင်ပါးမှာကျည်ဝင်လို့ ခွဲစိတ်ရမယ်လို့ ပြောတယ်။ ဆေးရုံမဖွင့်တော့ မခွဲခဲ့ရဘူး။ ဆေးရုံဘယ်နေ့ဖွင့်မှာလဲ မေးတော့ မသိဘူးလို့ ပြောတယ်။ ကျနော်ရှေ့မှာ သေဆုံးသွားတဲ့ ၄ ယောက်ထဲမှာ အသက် ၃၀ ကျော်အရွယ် အမျိုးသမီး ၂ ဦး၊ သက်ကြီးပိုင်း ၁ ဦးနဲ့ သံဃာတစ်ပါး ပါတယ်။ သူတို့ကိုတော့ နောက်တစ်နေ့မှာ ကျနော်တို့မပါဘဲ စစ်သားတွေက သင်္ဂြိုလ်လိုက်ကြတယ်။

မေး - ဖမ်းဆီးခံထားရတဲ့အချိန် တိုက်ပွဲအတွင်းမှာ ဘယ်လိုနေခဲ့ကြလဲ။

ဖြေ - ကျနော်တို့က ဓမ္မာရုံထဲမှာ နေရတာဆိုတော့ ပစ်သံကိုပဲ ကြားရတယ်။ မမြင်ရဘူး။ ပစ်သံကြားရတဲ့ အချိန်မှာတော့ ဓမ္မာရုံထဲမှာပဲ ဝပ်နေကြရတယ်။ လက်နက်ကြီးတွေ၊ လေယာဉ်တွေနဲ့ ပစ်ခတ်တော့ ကလေးတွေဆိုရင် ကြောက်လန့်ပြီး ငိုကြတယ်။ ညဆိုလည်း အိပ်မရဘူး။ ကလေးတွေရော၊ လူကြီးတွေပါ အကုန်လုံး ကြောက်လန့်ပြီးတော့ နေခဲ့ရတာ။ ဒီလိုပဲ ဓမ္မာရုံထဲမှာပဲ ၅ ရက်နေခဲ့ရတယ်။   လွတ်လာမယ်နေ့က လေယာဉ်ကနေပစ်လို့ ဓမ္မာရုံအနားမှာ ကျည်ကျတာတွေ ရှိတယ်။ 

မေး - AA က ဘယ်လိုပုံစံမျိုး ကယ်ထုတ်ခဲ့တာလဲ၊ လာကယ်မယ်လို့ သိထားတာရှိလား။

ဖြေ - လာကယ်မယ်လို့ ကျနော်တို့ မသိပါဘူး။ ကျနော်တို့မလွတ်ခင်က အကြီးအကျယ် တိုက်ပွဲဖြစ်ကြတာ။ ကျနော်တို့နေတဲ့ ဓမ္မာရုံအနောက်မှာ တံခါးပေါက်တစ်ပေါက်ရှိတယ်။ အဲဒီအပေါက်ကနေ ထွက်လာတာပါ။ AA အဖွဲ့သားတွေက “မကြောက်ကြနဲ့ ကျနော်တို့ကယ်ဖို့လာတာ”လို့ ပြောတယ်။ ကျနော်တို့ ထွက်လာတဲ့အချိန်မှာ စစ်သားအလောင်းနဲ့ ရဲသားအလောင်းတွေ တွေ့ခဲ့ရတယ်။ AA က ကျနော်တို့ကို လောကထိပ်ပန်ဘုရား အနောက်ဖက်ကနေ ခေါ်လာတာပါ။ 

မေး - မြို့ထဲမှာ ပိတ်မိနေတဲ့သူတွေ ကျန်ခဲ့သေးလား၊ ဘယ်လို အခြေနေမျိုးရှိလဲ။

ဖြေ - မြို့ထဲမှာ ပိတ်မိနေတဲ့သူတွေ ကျန်ခဲ့သေးတယ်။ နောက်ပြီးတော့ စိုက်ပျိုးရေးရုံးနဲ့ မြို့တော်ခန်းမမှာလည်း ဖမ်းထားတဲ့ မြို့ခံတွေ ကျန်နေခဲ့သေးတယ်။ စစ်သားတွေက အပြင်ကို လုံးဝထွက်ခွင့်မပေးဘူးလို့ သိရတယ်။ ကြားရတာကတော့ မြို့ထဲမှာလည်း ဒဏ်ရာသူတွေရှိတယ်လို့ သိရတယ်။ လူဦးရေအတိအကျကိုတော့ ကျနော်မသိဘူး။ ကျနော်နဲ့အတူ လွတ်လာတဲ့လူတွေထဲမှာ အနည်းငယ် ဒဏ်ရာရထားတဲ့ လူတွေလည်း ပါတယ်။

မေး - လက်ရှိ ရောက်နေတဲ့နေရာမှာ အဆင်ပြေရဲ့လား။

ဖြေ - အခုကတော့ ရွာတစ်ရွာက ဘုန်းကြီးကျောင်းမှာ နေတယ်။ ပိုက်ဆံတွေရော၊ ဖုန်းတွေကိုပါ အကုန်လုံး သူတို့(စစ်ကောင်စီ)က သိမ်းထားလိုက်တာကြောင့် ဘာမှပါမလာဘူး။ စားဝတ်နေရေးတော့ အခက်အခဲရှိပါတယ်။ သူများထောက်ပံ့ပေးမှုနဲ့ စားသောက်နေထိုင်ရတာပါ။ အဆင်ပြေတယ်လို့ ဘယ်ဟုတ်မလဲ။

မေး - တိုက်ပွဲဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဖြည့်စွက် ဘာပြောချင်ပါသလဲ။

ဖြေ - တိုက်ပွဲဖြစ်တော့ ဒုက္ခအကြီးအကျယ် ရောက်ကြရတယ်။ ဒါကြောင့် တိုက်ပွဲမဖြစ်ရင်တော့ ကောင်းတာပေါ့။ နောက်ပြီး ကျနော့်လို ပိတ်ကျန်နေတဲ့သူတွေကိုလည်း အမြန်ဆုံး လွတ်မြောက်စေချင်ပါတယ်။

အခုလို DMG ကို အချိန်ပေးပြီး ဖြေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

ဗီဒီယိုများ