ရခိုင်ပြည်နယ်၏ စစ်ရေး၊ နိုင်ငံရေးသုံးသပ်ချက် (အင်တာဗျူး)

အဓိကတော့ AA နဲ့ မြန်မာစစ်တပ်ကြားမှာ နှုတ်ကတိမျိုးနဲ့ တိုက်ပွဲကိုတစ်နှစ်ကျော်ရပ်တန့်ထားတဲ့ ရလဒ်ရှိခဲ့တယ်။ ဒါပေမဲ့ အခုဆိုရင် မြန်မာစစ်တပ်ဘက်က စစ်ရေးလှုပ်ရှားမှုတွေများလာတယ်။ စစ်ဆေးမှုတွေရှိလာတယ်။ ဒါကို AA ဘက်က ကန့်ကွက်တဲ့သဘောပါ။ ပြည်သူတွေကိုလည်း သတိပေးတဲ့သဘောမျိုးနဲ့ လုံခြုံရေးကိုဂရုစိုက်ကြဖို့ ထုတ်ပြန်လိုက်တယ်လို့ထင်တယ်။

13 Dec 2021

DMG ၊ ဒီဇင်ဘာ ၁၃

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အကြောင်းပြချက်အမျိုးမျိုးဖြင့် ရခိုင်ပြည်မှ ကျေးရွာများအတွင်းသို့ တစ်ရွာဝင်တစ်ရွာထွက်ကာ နယ်မြေစိုးမိုးရေးအတွက် စစ်ရေးလှုပ်ရှားသွားလာမှုများရှိနေခြင်း၊တပ်အပြောင်းအရွှေ့များကို ဆက်တိုက်လုပ်ဆောင်နေခြင်းကြောင့် နှစ်ဖက်တင်းမာမှုများရှိလာကြောင်း ရက္ခိုင့်တပ်တော်(AA)က ဒီဇင်ဘာလ ၁၀ ရက်နေ့က ထုတ်ပြန်ထားသည်။

မြေပြင်အခြေအနေတွင်လည်း တိုက်ပွဲများဆက်ဖြစ်လာမည်ကို ဒေသခံများက စိုးရိမ်မှုမြင့်တက်လျက်ရှိနေကြသည်။
ယင်းကြောင့် လက်ရှိရခိုင်ပြည်နယ်၏ စစ်ရေး၊ နိုင်ငံရေးအခြေအနေများကို ရခိုင်နိုင်ငံရေးသမားတစ်ဦးဖြစ်သည့် ဦးဖေသန်းနှင့် DMG တို့ ဆက်သွယ်မေးမြန်းချက်အချို့ကို ဖော်ပြအပ်ပါသည်။

DMG။ ရက္ခိုင့်တပ်တော်(AA)ရဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်လို့ ဆရာရဲ့ အမြင်ယူဆချက်ကိုသိပါရစေ။

UPT။ အဓိကတော့ AA နဲ့ မြန်မာစစ်တပ်ကြားမှာ နှုတ်ကတိမျိုးနဲ့ တိုက်ပွဲကိုတစ်နှစ်ကျော်ရပ်တန့်ထားတဲ့ ရလဒ်ရှိခဲ့တယ်။ ဒါပေမဲ့ အခုဆိုရင် မြန်မာစစ်တပ်ဘက်က စစ်ရေးလှုပ်ရှားမှုတွေများလာတယ်။ စစ်ဆေးမှုတွေရှိလာတယ်။ ဒါကို AA ဘက်က ကန့်ကွက်တဲ့သဘောပါ။ ပြည်သူတွေကိုလည်း သတိပေးတဲ့သဘောမျိုးနဲ့ လုံခြုံရေးကိုဂရုစိုက်ကြဖို့ ထုတ်ပြန်လိုက်တယ်လို့ထင်တယ်။ အထူးသဖြင့် ဆံတော်ရှင်ဘုရားပွဲတော်ကိစ္စလည်းပါတယ်။ ဆိုတော့ NCA အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးထားတဲ့အဖွဲ့တွေတောင် တချို့ဆို ပြန်ပြီးတိုက်ပွဲဖြစ်လာတာရှိတယ်။ ဒီလို နှုတ်ကတိကဝတ်နဲ့လုပ်ထားတဲ့အခါကျတော့ ရေရှည်ခံဖို့မလွယ်ဘူး။ အထူးသဖြင့် နှစ်ဖက်တပ်တွေရဲ့လှုပ်ရှားမှုတွေ ထိပ်တိုက်တွေ့လာနိုင်တယ်။

DMG။ ရခိုင်ပြည်မှာ အခုတလော မြန်မာစစ်တပ်က လှုပ်ရှားမှုတွေရှိလာတယ်လို့ပြောကြတယ်။ အဲဒါကိုရော ဘယ်လိုသုံးသပ်မိပါလဲ။

UPT။ အခုဆို ရခိုင်ပြည် နေရာအတော်များများမှာ အစိုးရရဲ့အုပ်ချုပ်ရေးယန္တရားနဲ့ တရားစီရင်ရေးတွေ ပျက်သွားတယ်။ အဲဒီပေါ်မှာ AA ဘက်က ဒီနေရာကိုတရားဥပဒေစိုးမိုးရေးနယ်မြေဆိုပြီး အစားထိုးအုပ်ချုပ်ရေးအဖွဲ့တွေ ဖွဲ့တယ်။ တရားစီရင်ရေးတွေ လုပ်လာတာရှိတယ်။ အဲဒီအပေါ်မှာ စစ်ကောင်စီဘက်က မကျေနပ်တဲ့အသံတွေ ထွက်လာတာရှိတယ်။ ဒီနေ့အချိန်ခါမှာတော့ သူတို့ဘက်ကပြန်ပြီးတော့ တင်းမာလာတဲ့အခြေအနေမျိုးပေါ့။ သူတို့ဘက်က အုပ်ချုပ်ရေးအဖွဲ့တွေ ဖွဲ့စည်းဖို့ကြိုးစားလာတယ်။ ပြီးတော့ နယ်မြေတည်ငြိမ်ရေးအကြောင်းပြချက်၊ ကိုဗစ်အကြောင်းပြချက်နဲ့ ရွာတွေကိုဝင်ထွက်ပြီး လုပ်ဆောင်လာတယ်။ ဟိုနေ့ကဆိုရင်လည်း ဆံတော်ရှင်မှာ လမ်းပြုပြင်ရေးကိုအကြောင်းပြပြီး ပွဲလာတဲ့ပြည်သူတွေကို လုံခြုံရေးစစ်ဆေးဖို့လုပ်ဆောင်လာတာရှိတယ်။

DMG။ AA နဲ့ မြန်မာစစ်တပ်ရဲ့ ဆက်ဆံရေးအခြေအနေကိုရော ဘယ်လိုမြင်ပါလဲ။

UPT။ AA ဘက်က အပြုသဘောဆောင်သည်းခံပြီး လုပ်ဆောင်လာတာတွေရ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ ပထမတစ်ချက်က သူတို့တပ်တွေကို သူ့နေရာမှာပဲရှိစေပြီး စစ်တပ်နဲ့ထိပ်တိုက်မတွေ့ဖို့ရှောင်တယ်။ နောက်တစ်ချက်က စစ်သုံးပန်းတွေကိုလည်း ပြန်ပြီးလွှတ်ပေးတယ်။ ထင်သာမြင်သာရှိတဲ့အချက်က မဟာမုနိဘုရားမှာ AA ဘက်ကသိမ်းထားတဲ့ လက်နက်အလက် ၂၀ ကို ပြန်ပြီးစစ်တပ်ကိုပေးလိုက်တယ်။ အဲလိုအပြုသဘောဆောင်တဲ့ ကမ်းလှမ်းချက်တွေရှိလာတာပေါ့။

DMG။ ရခိုင်ပြည်နယ်ရဲ့ ရှေ့ဖြစ်လာမယ့် နိုင်ငံရေးအခြေအနေကရော ဘယ်လိုသုံးသပ်ချင်ပါသလဲ။

UPT။ ကျနော်တို့ဒေသမှာ စစ်မီးတွေ ထပ်မတောက်ဖို့ ပြည်သူတွေကလိုလားကြတယ်။ ဒါကြောင့် AA နဲ့ မြန်မာစစ်တပ်က သူ့နယ်မြေ၊ ကိုယ်နယ်မြေသတ်မှတ်ချက်ကလည်း မရှိဘူးဆိုတော့ ထိပ်တိုက် တစ်နေ့နေ့မှာတွေ့လာမယ်ဆိုတာ ကြိုပြီးမှန်းဆလို့ရတယ်။ အဓိကတော့ နိုင်ငံရေးကတိကဝတ်သဘော တူညီချက်တွေပါတဲ့ ဆွေးနွေးမှုတွေလုပ်ဖို့လိုတယ်။ ပြီးမှ တစ်ဖက်နဲ့တစ်ဖက် ဘယ်လောက်အပေးအယူ၊ အလျော့အတင်းလုပ်ပြီး ငြိမ်းချမ်းရေးကိုတည်ဆောက်မယ်။ အခုအဲဒါမျိုးတွေဘာမှမရှိဘဲနဲ့ ဆာဆာကာဝါရဲ့ကြားဝင်မှုကြောင့် နားလည်မှုနဲ့ တိုက်ပွဲတွေရပ်တန့်ထားတယ်။ ဆိုတော့ တစ်နည်းအားဖြင့်ပြောရရင် နားလည်မှုမရှိတဲ့အခါ ကိုယ့်အကျိုး၊ သူ့အကျိုးပေါ့ အကျိုးစီးပွားတွေကိုထိခိုက်လာတဲ့အခါမှာတော့ တိုက်ပွဲတွေပြန်ဖြစ်လာမယ်ဆိုတာ သေချာပါတယ်။

DMG။ နောက်ထပ်တိုက်ပွဲတွေမဖြစ်လာနိုင်အောင် ဘယ်လိုမျိုးလုပ်ဆောင်သင့်တယ်လို့ ယူဆပါသလဲ။

UPT။ AA ဘက်က အချိန်မရွေးတိုက်ပွဲတွေဖြစ်လာနိုင်တယ်လို့ ကြေငြာချက်ထုတ်လာတယ်။ ပြည်သူတွေကလည်း တိုက်ပွဲဖြစ်မှာကိုစိုးရိမ်ကြတယ်။ ဒါကြောင့် ရေရှည်ငြိမ်းချမ်းရေးရချင်တယ်ဆိုရင် ကတိကဝတ်ပါတဲ့ နိုင်ငံရေးဆွေးနွေးမှုတွေ၊ အပေးအယူအလျော့အတင်းလုပ်နိုင်တဲ့ ဆွေးနွေးမှုတွေကိုလုပ်ဆောင်သင့်တယ်။ တိုက်ပွဲတွေထပ်မဖြစ်ချင်ဘူးဆိုရင် အဲဒီလမ်းကြောင်းကို ခိုင်ခိုင်မာမာတည်ဆောက်ပြီးတော့မှ ရေရှည်ငြိမ်းချမ်းရေးကိုတည်ဆောက်နိုင်မယ်လို့ မြင်တယ်။

DMG။ အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

ဗီဒီယိုများ