“PR စနစ်နဲ့ဆိုပေမဲ့လည်း ကျနော်တို့ တိုင်းရင်းသားမျိုးနွယ်စုတွေအတွက် အခွင့်အရေးမရှိဘူးလို့ မြင်တယ်”

စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲအပေါ် ရခိုင်ပြည်အတွင်းမှ မျိုးနွယ်စုပါတီများ၏ အမြင်များနှင့် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် ရှိ/မရှိတို့ကို DMG မှ စုစည်းတင်ဆက်လိုက်သည်။

By Admin 20 Jan 2023

“PR စနစ်နဲ့ဆိုပေမဲ့လည်း ကျနော်တို့ တိုင်းရင်းသားမျိုးနွယ်စုတွေအတွက် အခွင့်အရေးမရှိဘူးလို့ မြင်တယ်”

DMG ၊ အင်တာဗျူး

၂၀၂၀ ရွေးကောက်ပွဲတွင် မဲမသာမှုရှိသည်ဟုအကြောင်းပြကာ အရပ်သားအစိုးရကို ဖြုတ်ချပြီး နိုင်ငံတော်အာဏာကို သိမ်းယူခဲ့သည့် စစ်ကောင်စီသည် ယခု ၂၀၂၃ ခုနှစ်အတွင်း ရွေးကောက်ပွဲ ပြန်လည်ကျင်းပရန် ပြင်ဆင်နေသည်။

ပြီးခဲ့သည့် ၂၀၁၀၊ ၂၀၁၅၊ ၂၀၂၀ ရွေးကောက်ပွဲများတွင် ကျင့်သုံးခဲ့သော အနိုင်ရအကုန်ယူစနစ်(FPTP)အစား အချိုးကျကိုယ်စားပြုစနစ်(PR)ဖြင့် ရွေးကောက်ပွဲကျင်းပရန် စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကြိုးပမ်းနေသည်။

ထို့ကြောင့် စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲအပေါ် ရခိုင်ပြည်အတွင်းမှ မျိုးနွယ်စုပါတီများ၏ အမြင်များနှင့် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် ရှိ/မရှိတို့ကို DMG မှ စုစည်းတင်ဆက်ပေးထားပါသည်။

ဦးအေးထွန်း ၊ ဥက္ကဌ (မြိုတိုင်းရင်းသားပါတီ)

ကျနော်တို့ပါတီက ပါတီငယ်ဖြစ်တော့ မိမိတို့ ရခိုင်ပြည်ထဲမှာရှိတဲ့ ပါတီကြီးတွေရဲ့ ခြေလှမ်းကို ကြည့်ရမှာပေါ့။ တကယ်လို့ အဲဒီပါတီကြီးတွေသာ ရွေးကောက်ပွဲကို ဝင်မပြိုင်ဘူးဆိုရင် ကျနော်တို့ပါတီအနေနဲ့လည်း ဝင်ပြိုင်ဖို့ မဖြစ်ဘူးပေါ့နော်။ အဲဒီပါတီကြီးတွေဖြစ်တဲ့ AFP၊  ANP၊ ကြံ့ခိုင်ရေးပါတီတွေသာ ပြိုင်တယ်ဆိုရင် ကျနော်တို့ ပါတီတွေကလည်း ဝင်ကိုဝင်မယ်ပေါ့နော်။

နောက် ကျနော်တို့ပါတီက အနာဂတ်မှာ ဒေသတည်ငြိမ်အေးချမ်းမှု အခြေနေကိုလည်း ကြည့်ရမယ်။ ဒေသတည်ငြိမ်အေးချမ်းမှ ရွေးကောက်ပွဲကို လွတ်လွတ်လပ်လပ် လုပ်နိုင်မှာဖြစ်တယ်။ အခု အပစ်အခတ်ရပ်စဲထားတဲ့အတွက် နှစ်ဘက်စလုံးက ရွေးကောက်ပွဲနဲ့ပတ်သက်လို့ အနှောက်အယှက် မပေးဘူးဆိုရင်တော့ ကျနော်တို့ဝင်ပြိုင်မယ်။ အဟန့်အတားမရှိရင် ဝင်ပြိုင်မယ်။ လက်ရှိမှာက ပါတီကြီးတွေကိုပဲ စောင့်ကြည့်နေတယ်။ သူတို့က မျှတတယ်ဆိုရင် ကျနော်တို့လည်း မျှတတယ်။

PR စနစ်နဲ့ ပတ်သက်ပြီးတော့လည်း အရင်ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ စနစ်ထက်တောင်မှ ကျနော်တို့မှာ မျှော်လင့်ချက်မရှိဘူးလို့ ပြောရပါမယ်။ ကျနော်တို့ အသိအမြင်နည်းလို့လားတော့ မသိဘူး။ ဥပမာ- မောင်တောခရိုင်တစ်ခုလုံးကို အချိုးကျရွေးချယ်မယ်ဆိုရင် ကျတော်တို့မှာက လူနည်းစုဖြစ်တဲ့အတွက် ဘူးသီးတောင်မှာလည်း (ကျနော်တို့လူမျိုးတွေ) မြောက်ပိုင်းမှာရှိတယ်။ မောင်တောမှာလည်း မြောက်ပိုင်းမှာပဲရှိတော့ တောင်ပိုင်းနဲ့ မြောက်ပိုင်းကို အချိုးကျရေတွက်လိုက်ရင် အရေအတွက် နည်းနည်းပဲရှိတယ်။ အဲဒီအရေအတွက်နဲ့ သူတို့သတ်မှတ်တဲ့ အချိုးနှုန်းထက်မှာ ကျနော်တို့ပါနိုင်ဖို့ မမြင်ဘူး။ အဲဒါကြောင့် ကျနော်တို့အနေနဲ့ PR စနစ်နဲ့ ကျင့်သုံးတာမှာလည်း မျှော်လင့်ချက်မရှိဘူးလို့ ပြောလို့ရမယ်။

ဦးအောင်ကျော်ဇော ၊ ဥက္ကဌ (ဒိုင်းနက်လူမျိုးများတိုးတက်ရေးပါတီ)

(ရွေးကောက်ပွဲ ဝင်ပြိုင်ဖို့၊ မပြိုင်ဖို့ဆိုတာက) လောလောဆယ် ပြောလို့မရသေးဘူး။ စောသေးတယ်။ သူတို့ (စစ်ကောင်စီ)ဘက်က ဘယ်လိုလာမလဲဆိုတာ မသိသေးဘူး။ ကြားနေရတဲ့ သတင်းတွေကလည်း မကောင်းဘူးလေ။ ကျနော်တို့ပါတီက ပါတီကြီးမဟုတ်တော့ အခုပြောဖို့ စောသေးတယ်။

သူတို့(စစ်ကောင်စီ)က ရွေးကောက်ပွဲကိုလုပ်ချင်လို့ လုပ်တာတစ်ခုကို လုပ်မှာပေါ့။ ကျနော်တို့က သဘောတူတူ၊ မတူတူ သူတို့က လုပ်မှာပဲလို့မြင်တယ်။

PR စနစ်နဲ့ဆိုပေမဲ့လည်း ကျနော်တို့ တိုင်းရင်းသားမျိုးနွယ်စုတွေအတွက် အခွင့်အရေးမရှိဘူးလို့ မြင်တယ်။ သဘောက ခရိုင်ခွဲလိုက်မယ်။ အဲဒီခရိုင်ထဲမှာ ပါတီကြီးတွေရှိတယ်။ အဲဒီအထဲမှာ ဝင်ပြိုင်လို့ အလွန်ဆုံးရရင် မဲငါးထောင် ရလိမ့်မယ်။ အဲဒါကြောင့် တိုင်းရင်းသားမျိုးနွယ်စုတွေအတွက် ဒါက အခြေအနေမကောင်းဘူးလို့ မြင်တယ်။ ပထမကတော့ ကောင်းတယ်လို့တွေးခဲ့တယ်။ နောက်မှ PR စနစ်ဟာ ကျနော်တို့ တိုင်းရင်းသားမျိုးနွယ်စုတွေအတွက် ဘာမှအကျုံးမဝင်ဘူးလို့ မြင်တယ်။

ဦးသန်းဌေး၊ အတွင်းရေးမှူး-၂ (ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ)

ကျနော်တို့ပါတီက ဒေသတွင်းအခြေပြုတဲ့ ပါတီတစ်ခုပဲဖြစ်တယ်။ ရခိုင်ပြည်ရဲ့ နိုင်ငံရေးအခင်းအကျင်းက တခြား တိုင်းနဲ့ပြည်နယ်က နိုင်ငံရေးအခင်းအကျင်းနဲ့ မတူဘူး။ အဲဒါကြောင့် ကျနော်တို့က ရခိုင်နိုင်ငံရေးအခြေအနေကို စောင့်ကြည့်နေရတဲ့ အနေအထားဖြစ်တယ်။ လက်ရှိ ရခိုင်မှာ AFP ပါတီကတော့ (ရွေးကောက်ပွဲ)ဝင်ပြိုင်သွားဖို့ ပြောထားတာရှိတယ်။ ဒါပေမယ့် သူတို့က တရားဝင်ထုတ်ပြန်တာ မတွေ့ရသေးဘူး။ ကြံ့ခိုင်ရေးပါတီကတော့ သေချာပေါက် ပြိုင်မယ်ပေါ့။ နောက်ပြီး အဓိကတော့ ANP ရဲ့ ဆောင်ရွက်မှုအနေအထားကိုလည်း ကျနော်တို့ စောင့်ကြည့်ရဦးမှာပါ။

ကျနော်တို့ ရခိုင်ဒေသရဲ့ တည်ငြိမ်အေးချမ်းမှု အနေအထားကိုလည်း စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။ အပစ်အခတ်တွေလည်း ရပ်စဲထားတယ်။ ANP ကလည်း ဝင်ပြိုင်မယ်ဆိုရင် ကျနော်တို့အနေနဲ့လည်း မပြိုင်စရာ အကြောင်းမရှိဘူး။ ခုနကပြောသလို ကျနော်တို့ပါတီက မျိုးနွယ်စုဝင်ပါတီတစ်ခုပဲဖြစ်တယ်ဆိုတော့ ပြည်ထောင်စုကို လွှမ်းခြုံပြီး စဉ်းစားနိုင်လောက်တဲ့ ပါတီမဟုတ်ဘူး။ ဒေသတွင်းအခြေအနေကို ကြည့်ပြီးဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

ဦးတင်ငွေ၊ ဒုတိယဥက္ကဌ (ကမန်အမျိုးသားတိုးတက်ရေးပါတီ)

ရွေးကောက်ပွဲ ဝင်ပြိုင်ဖို့၊ မပြိုင်ဖို့ဆိုတာကတော့ ကျနော်တို့က အစည်းဝေးထိုင်လို့ ဆုံးဖြတ်ပြီးမှ ပြောလို့ရမယ်။ လောလောဆယ် လက်ရှိနိုင်ငံရေးအနေအထားနဲ့ ဆွေးနွေးညှိနှိုင်းဖို့အတွက် ရှေ့လမှာ ပါတီတွင်း အစည်းအဝေးခေါ်ဖို့ ပြောထားတယ်။ လောလောဆယ်က အဲဒါနဲ့ပတ်သက်ပြီး ဆုံးဖြတ်ထားတာ မရှိသေးဘူး။ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့လည်း စောင့်ကြည့်ရဦးမှာဖြစ်တယ်။

လက်ရှိမှာ မျိုးနွယ်စုတွေရဲ့ လူဦးရေကနည်းတယ်။ PR စနစ်နဲ့ လုပ်ပေမယ့်လည်း လက်ရှိအနေအထားမှာ မျိုးနွယ်စုတွေရဲ့ သီးသန့်အခွင့်အရေး ပေါ်လာစရာမရှိဘူး။ ကျနော်တို့မျိုးနွယ်စုက လူဦးရေနည်းတယ်။ နည်းတဲ့အပေါ်မှာ မျိုးနွယ်စုတွေက PR စနစ်နဲ့ လုပ်ပေမယ့်လည်း ထူးထူးခြားခြား အပြောင်းအလဲဖြစ်နိုင်ခြေ မတွေ့ရဘူး။

#R005

ဗီဒီယိုများ