“NUG တို့ PDF တို့ကို ကူညီနေတာက EAO သပ်သပ် မဟုတ်ပါဘူး” 

စစ်ကောင်စီတပ်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို အရေးယူမည်ဆိုသည့်အပေါ် EAOs ခေါင်းဆောင်များ၊ နိုင်ငံရေးအကဲခတ်များ၏ အမြင်များကို DMG က စုစည်းတင်ဆက်ထားသည်။

By Admin 28 Mar 2023

“NUG တို့ PDF တို့ကို ကူညီနေတာက EAO သပ်သပ် မဟုတ်ပါဘူး” 

DMG (အင်တာဗျူး)

စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် နိုင်ငံအနှံ့က လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်ခဲ့သူများကို စစ်ကောင်စီက ဖြိုခွင်းပစ်ခတ်မှုများကြောင့် လူငယ်အများအပြားမှာ တိုင်းရင်းသားလက်နက်ကိုင်တို့ အခြေစိုက်ရာ နယ်မြေများသို့ အကူအညီတောင်းကာ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေသည်။

တိုင်းရင်းသားလက်နက်ကိုင် အများစုကလည်း PDF တို့ကို တိုက်ရိုက် (သို့မဟုတ်) သွယ်ဝိုက်၍ ကူညီပေးမှုများ ရှိနေသည်။ ယင်းအထဲတွင် KNU၊ KIA၊ CNF၊ KNPP၊ ABSDF စသည့် အဖွဲ့များက တရားဝင်ထုတ်ပြန်ပြီး ပံ့ပိုးမှုများ ရှိနေသလို AA၊ TNLA၊ MNDAA စသည့် အဖွဲ့များကလည်း နည်းမျိုးစုံဖြင့် ကူညီနေသည်။

NUG၊ PDF နှင့် သူတို့ကို ပံ့ပိုးနေသည့် EAOs တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တချို့ကို ပြတ်သားစွာ အရေးယူသွားမည်ဟု စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မတ်လ ၂၇ ရက် တပ်မတော်နေ့ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

စစ်ကောင်စီတပ်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို အရေးယူမည်ဆိုသည့်အပေါ် EAOs ခေါင်းဆောင်များ၊ နိုင်ငံရေးအကဲခတ်များ၏ အမြင်များကို DMG က စုစည်းတင်ဆက်ထားသည်။

ဗိုလ်မှူးကြီး မင်းထွန်း (စစ်ဦးစီးချုပ်) 
ရခိုင်ပြည်အမျိုးသားကောင်စီ/ရခိုင်ပြည်တပ်မတော် (ANC/AA)

စစ်ကောင်စီတပ်ချုပ်က ပြောတဲ့ NUG၊ PDF တို့ကို ပံ့ပိုးကူညီနေကြတဲ့သူတွေကို အရေးယူမယ်၊ ပြတ်ပြတ်သားသား နှိမ်နင်းမယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်လို့ ပြောလိုတာက NUG တို့ PDF တို့ကို ကူညီနေတာက EAO သပ်သပ် မဟုတ်ပါဘူး။ နိုင်ငံတကာ အသိုင်းအဝိုင်းတွေ၊ ဒီမိုကရေစီလိုလားတဲ့ အင်အားစုတွေလည်း ပါတယ်။ ပြီးရင် ပြည်သူလူထုထဲက အဖိနှိပ်ခံ အင်အားစုအများက ပါဝင်တယ်။

ဘာကြောင့် ဒီလိုပါဝင်နေရတာလဲ ဆန်းစစ်ကြည့်ရင် စစ်ကောင်စီကဖော်ဆောင်မယ့် နိုင်ငံရေးလမ်းစဉ် လုပ်ငန်းတွေဟာ ပြည်တွင်းငြိမ်းချမ်းရေး အတွက်ရော၊ နိုင်ငံတကာ ငြိမ်းချမ်းရေးအတွက်ရော အထောက်အကူ မပြုဘူးဆိုတာ လူတိုင်းသိတယ်။

စစ်ကောင်စီဆိုတာလည်း လူထုအတွက် သစ်တပင်ကောင်း ငှက်တသောင်းနားနိုင်ဆိုတဲ့ ပုံစံမျိုးမဟုတ်ဘဲနဲ့ နီးစပ်ရာမှန်သမျှကို ခြိမ်းခြောက်နေတဲ့ အဆိပ်ပင်ကြီးလိုဖြစ်တယ်။

ဆိုတော့ အဆိပ်ပင်ခုတ်မယ့်အရေးဟာ ဘယ်သူပဲ ခုတ်သည်ဖြစ်စေ၊ ကျနော်တို့အကုန်လုံးအတွက် အန္တရာယ်ရှိတဲ့ အဆိပ်ပင်ကို ခုတ်ပေးတဲ့သူက ကျနော်တို့အတွက် ကျေးဇူးရှင်၊ စွမ်းအားရှင်ပဲဖြစ်တယ်ဆိုတဲ့ ခံစားချက်က လူတိုင်းမှာရှိတယ်။

စစ်ကောင်စီဆိုတဲ့ အဆိပ်ပင်ကိုခုတ်တဲ့ လူပုဂ္ဂိုလ်တစ်ယောက်ချင်းစီကိုပဲဖြစ်စေ။ အဖွဲ့အစည်းတစ်ခုချင်းစီဘဲဖြစ်စေ အပြန်အလှန်လည်း ချိတ်ဆက်အကျိုးပြုကြလိမ့်မယ်။ သာမန်ပြည်သူလူထုကလည်း သူတို့အကျိုးစီးပွားကို ရှေ့ရှုပြီးတော့ ဒီလူတွေကို စွမ်းအားရှင်အနေနဲ့ အားပေးကူညီကြလိမ့်မယ်။

အဲဒီလို ကူညီကြတဲ့အပေါ်မှာလည်း စစ်ကောင်စီ တပ်ချုပ်အနေနဲ့ အမြင်မှန်မရသေးဘဲနဲ့ ဒါတွေအကုန်လုံးက ငါနဲ့မတူ ငါ့ရန်သူလို့ သဘောထားပြီးတော့မှ လူတိုင်းကိုလိုက်ပြီး ပတ်ယမ်းနေမယ်ဆိုလို့ရှိရင် သူတို့ရဲ့ နိုင်ငံရေးနယ်ပယ် တဖြည်းဖြည်း ကျုံ့သထက် ကျုံ့လာမယ်လို့ ကျနော်တို့ သုံးသပ်လိုပါတယ်။

ဦးရဲထွန်း (လွှတ်တော်အမတ်ဟောင်း)

ဒီဟာတော့ နှစ်ဘက်စလုံးက အဲဒီလိုပဲ ပြောနေတာပေါ့လေ။ NUG ကလည်း သူတို့ ရည်မှန်းချက်က စစ်တပ်ကို ချေမှုန်းပစ်ဖို့ ဟိုတလောက ဒူဝါလရှီးလက ပြောခဲ့တာရှိတယ်။ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေနဲ့ နစကနဲ့ တွေ့ဆုံပြီးတော့ ဖက်ဒရယ်အရေးတွေ တောင်းဆိုမယ်ဆိုပြီးတော့ ပြောဆိုတဲ့အခါ စစ်တပ်ကို ချေမှုန်းပြီးမှသာလျှင် ဒီဟာကို လုပ်လို့ရမယ်ပေါ့နော်။ သူတို့ မှားနေတယ်ဆိုပြီးတော့ အဲဒီလိုမျိုးပြောသွားတာ။

ဆိုလိုချင်တာကတော့ နှစ်ဘက်စလုံးက ချေမှုန်းဖို့ကို ပြောနေတာပေါ့လေ။ NUG ကလည်း စစ်တပ်ကိုချေမှုန်းဖို့ ပြောနေသလို စစ်တပ်ကလည်း NUG ၊ PDF တွေကို ချေမှုန်းပြီးမှ ရွေးကောက်ပွဲလုပ်မယ်။ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ပြန်ပြီးတော့ လျှောက်နိုင်မယ်လို့ပြောနေကြတော့ သိပ်မဆန်းဘူး။

ဒီဟာကို ဖြေရှင်းဖို့ဆိုရင် အချိန်တစ်ခုဖြတ်သန်းပြီးမှ ဘယ်ဘက်က အသာစီးရမလဲဆိုတာကို စောင့်ရမှာပေါ့နော်။ နှစ်ဘက်စလုံးက ပိုနေမြဲကျားနေမြဲ အဆုံးအရှုံးတွေများနေတယ်။ တဖက်နဲ့တဖက် ချေမှုန်းဖို့ မဖြစ်နိုင်တဲ့အချိန်ကို သိလာမှဘဲ စကားပြောကြမယ်ဆိုတဲ့ လမ်းကြောင်းကို ရောက်လာနိုင်တာပေါ့။

အရင်တုန်းကလည်း AA တို့ TNLA တို့ ပေါ်စတုန်းကလည်း တပ်က NCA စာချုပ်ချုပ်ဖို့အတွက် အဲဒီအဖွဲ့တွေကို လက်မခံနိုင်ဘူး။ အကြမ်းဖက် အဖွဲ့တွေဖြစ်တယ်လို့ သတ်မှတ်ပြီးတော့ NCA စာချုပ်ရဲ့ အပြင်ဘက်မှာထားခဲ့တာပဲ။ အခုကျတော့ သူတို့လူမျိုး အခြေခံဒေသတွေမှာ ခြေကုတ်ယူနိုင်တော့ အခုက အဲဒီအဖွဲ့တွေကိုပါ ဆွေးနွေးမယ်၊ အသိအမှတ်ပြု လက်ခံလာရတယ်။ အဲဒီလို သမိုင်းကြောင်းတွေလိုပဲ ဖြစ်လာမှာ။

ဦးဖေသန်း (နိုင်ငံရေးသုံးသပ်သူ)

PDF တွေကို ထောက်ပံ့သည်ဖြစ်စေ မထောက်ပံ့သည်ဖြစ်စေ သူတို့က မတိုက်နိုင်ရင် မတိုက်ဘူး။ နိုင်ရင် အကုန်တိုက်မှာ။ ဆိုတော့ PDF တွေကို သူတို့အနေနဲ့ တနိုင်ငံလုံးမှာ အားကောင်းလာမှာကို စိုးရိမ်တယ်။ အထူးသဖြင့် တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပြည်မကဗမာတွေ ပေါင်းစည်းသွားမှာကို စိုးရိမ်တာ။ ဒါကြောင့် အဲဒီစကားပြောပြီးတော့ တစ်နိုင်ငံလုံးအနှံ့ မဖြစ်လာဖို့အတွက် ကာကွယ်တာပဲဖြစ်တယ်။

အမှန်မှာတော့ ဘယ် EAO မှ လက်နက်ကိုင်ထားတာကို ကြိုက်တာမဟုတ်ဘူး။

ကျနော်ပြောတာက သူတို့တိုက်လို့ မနိုင်တဲ့အဖွဲ့ကို မတိုက်ဘူး။ သူတို့နဲ့ ညှိနှိုင်းလို့ရတဲ့အဖွဲ့တွေကို မတိုက်ဘူး။ ဆိုတော့ စစ်ကောင်စီနဲ့ အလွမ်းမသင့်တဲ့ အဖွဲ့တွေက PDF ကို စစ်သင်တန်းတွေ စသည်ဖြင့် အကူအညီတွေပေးတယ်။ ဒါကြောင့် ခြိမ်းခြောက်တဲ့ စကားပြောလာတာ။

အမှန်ကတော့ အဲဒီအဖွဲ့တွေကို နဂိုကတည်းက တိုက်လို့မနိုင်တာ။ တိုက်လို့လည်း နှစ်ပေါင်းများစွာ မရဘူး။ ဒါကြောင့် ဒီစကားတွေဟာ ထူးခြားလာမှာ မဟုတ်ဘူး။ ဟိုအဖွဲ့တွေလည်း နောက်ဆုတ်သွားမှာ မဟုတ်ဘူး။ ဒီအချိန်မှာ ဖက်ဒရယ်နဲ့ ဒီမိုက်ရေစီဟာ ပေါင်းစပ်သွားပြီ။

ဒါကြောင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ PDF တွေလည်း စစ်အာဏာရှင်တော်လှန်ရေးမှာ တသွေးတည်းတသားတည်း နားလည်မှုနဲ့ ပေါင်းစပ်သွားတဲ့အခါမှာ စိုးရိမ်သွားတာ။ ဒါကြောင့် ဒီစကားကိုပြောတယ်။

နှစ်ပေါင်းများစွာတုန်းကလည်း ဒီ EAO တွေကို အမြစ်ဖြတ် တိုက်လို့မရခဲ့ဘူး။ အခုကျတော့ သူ့ရည်ရွယ်ချက်နဲ့ ရွေးကောက်ပွဲလုပ်ပေးမယ်လို့ မက်လုံးပေးပြီးတော့ တိုင်းရင်းသားအဖွဲ့တွေနဲ့ PDF တွေကို သွေးကွဲသွားအောင် ခြိမ်းခြောက်တဲ့ သဘောမျိုးသာဖြစ်တယ်။

ဆလိုင်းထက်နီ (ပြောရေးဆိုခွင့်ရှိသူ)
ချင်းအမျိုးသားကာကွယ်ရေးတပ်ဦး-CNF

စစ်ကောင်စီက ကျနော်တို့ကို ဘယ်လိုအရေးယူနိုင်မလဲ။ ကျနော်တို့ နွေဦးတော်လှန်ရေးနောက်ပိုင်းမှာ နှစ်နှစ်လုံးလုံး တိုက်ပွဲဖြစ်ခဲ့တယ်။ ကျနော်တို့ ချင်းတောင်မှာဆိုရင် ပြည်သူ့အသက် အိုးအိမ်စည်းစိမ်အားလုံးကို စစ်ကောင်စီက ဖျက်ဆီးတယ်၊ မီးရှို့တယ်။ ပြည်သူကိုလည်း အကြမ်းဖက်ပြီးတော့ သတ်ဖြတ်တယ်၊ ထောင်ချတယ်။ ဆိုတော့ ကာချုပ်မင်းအောင်လှိုင်ပြောတဲ့ကိစ္စမှာ ဘယ်လို ဆက်စပ်ပြီးတော့ ဘယ်လိုအရေးယူမလဲ။ ကျနော် အဲဒါကို ဇဝေဇဝါဖြစ်နေတယ်။

စစ်ရေးမှာလည်း မြေပြင်ကသော်လည်းကောင်း၊ ဝေဟင်ကသော်လည်းကောင်း ဘက်ပေါင်းစုံက တိုက်ခဲ့တယ်။ ဆိုတော့ သူကဘဲ ရက်စက်နေတာ၊ ဒါကြောင့် ကျနော် ပြန်မေးခွန်းထုတ်ချင်တယ်၊ အရေးယူခံရမယ့်သူဟာ ဘယ်သူလဲ။

ဦးသန်းစိုးနိုင် (နိုင်ငံရေးသုံးသပ်သူ)

တပ်မတော်နေ့ဆိုတော့ အဲဒီစကားပြောမှာပေါ့။ နောက်ပြီးတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ မကြာခင် ညီလာခံကြီးလုပ်မယ်ပေါ့။ နောက်ပြီး သူတို့နဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ မပါတဲ့ KNU တို့ KIA၊ CNF တို့ ကရင်နီတို့နဲ့ တိုက်နေတာ။ ဆိုတော့ စစ်ကောင်စီက ငြိမ်းချမ်းရေးဆွေးနွေးလိုက်၊ တိုက်လိုက်နဲ့  မီးစတစ်ဖက် ရေမှုတ်တစ်ဖက်ပေါ့ဗျာ။

အဲဒီအထဲမှာ သူတို့က (စစ်ကောင်စီ)ငြိမ်းချမ်းရေး ဗိသုကာရှင်ကြီးလည်း ဖြစ်ချင်တယ်။ နောက်တဖက်က သူအကြမ်းဖက်လို့ စွပ်စွဲထားတဲ့အုပ်စုတွေကိုလည်း သူက တိုက်ခိုက်အနိုင်ယူချင်တယ်။ အဲဒီမှာ အထူးသဖြင့် PDF တွေနဲ့ အင်အားစုတွေနဲ့ တိုက်ပွဲဝင်နေတဲ့ KIA၊ KNU၊ KNDF အဲဒီအဖွဲ့တွေနဲ့ပတ်သက်ပြီး တပ်မတော်နေ့ဆိုတော့ စစ်ရေးအခမ်းအနားတွေ ပြနေတဲ့အချိန်မှာ သဘောထား ကြေညာတာပေါ့ဗျာ။

ဆိုတော့ ကျနော်တို့ဆီမှာရှိတဲ့ စစ်ခေါင်းဆောင်တွေကတော့ မီးစတစ်ဖက် ရေစက်တစ်ဖက် ပေါ်လစီနဲ့ တကယ်ဖိနှိပ် ခံနေရတာကတော့ ပြည်သူပါပဲ။ စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးစကားပြောနေတာ NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့ငယ်လေးတွေပါ။ အဖွဲ့ကြီးတွေကတော့ သူနဲ့ပြန်တိုက်နေတယ်။ နောက်ပြီး အခုကတော့ NUG ကလည်း ၂၀၂၃ ခုနှစ်မှာ အဆုံးအဖြတ် တိုက်ပွဲဝင်မယ်ဆိုတဲ့အခါကျတော့ ဒီနှစ်မှာ စစ်ရေးအရှိန်အဟုန်တွေ ပိုမြင့်လာလိမ့်မယ်။

ကိုကျော်ဆန်းလှိုင် (နိုင်ငံရေးသုတေသီ)

စစ်ကောင်စီက ဒီလိုထုတ်ပြောကတော့ အခုမှ မဟုတ်ဘူး။ အရင်တုန်းက ဥပမာ- ရခိုင်တိုက်ပွဲ ၂၀၁၈-၂၀၂၀ တုန်း ကလည်း စစ်ကောင်စီခေါင်းဆောင် (ဗိုလ်ချုပ်မှူးကြီး) မင်းအောင်လှိုင်ကိုယ်တိုင် ရုရှားကိုသွားတုန်းက ရက္ခိုင့်တပ်တော်(AA)ကို အိမ်နီးချင်း နိုင်ငံကြီးတစ်ခုက ထောက်ပံ့နေတယ်။ ကျော့ထောက်နောက်ခံ ရှိတယ်ဆိုတာမျိုး ပြောတာရှိတယ်။

ဆိုလိုချင်တာကတော့ (PDF)တွေကို စစ်ရေး၊ နိုင်ငံရေးအရ ထောက်ပံ့နေသူတွေကို စစ်ရေး၊နိုင်ငံရေးအရ ခြိမ်းခြောက်တဲ့ သဘောပေါ့။ တဖက်မှာလည်း  သူတို့(စစ်ကောင်စီ)ရဲ့ နိုင်ငံအတွင်းတိုက်ပွဲတွေမှာ နယ်မြေဆုံးရှုံးမှု၊ တပ်ဖွဲ့ဝင်တွေ ကျဆုံးမှုရှိလာတော့ ကျော့ထောက်နောက်ခံတွေက ဘာတွေရှိနေလဲဆိုတာကို ပြောလိုက်တာ။

ဒါပေမယ့်လည်း လက်ရှိအခြေအနေအရ နွေဦးတော်လှန်ရေးမှာ ဘယ်အဖွဲ့အစည်းက မထောက်ပံ့လဲဆိုတဲ့ ဟာတွေကို ကြည့်လိုက်ရင် တနိုင်ငံလုံးကတော့ တနည်းမဟုတ်တနည်းနဲ့ ပတ်သက်နေကြတာပဲ။

ဆိုတော့ စစ်ကောင်စီအနေနဲ့ ဒါတွေအကုန်လုံးကို စစ်ရေးအရဖြေရှင်းဖို့ ထိုးစစ်ဆင်မလားဆိုတာကို လုပ်နိုင်တဲ့ အတိုင်းအတာမရှိဘူး။ တဖက်မှာလည်း ဒါကိုလုပ်ဖို့ဆိုတာလည်း ကိုယ့်သေတွင်းကိုယ်တူးတာနဲ့ တူမယ်။ ဒါကြောင့် နိုင်ငံရေးအရ အပြောသက်သက် ပါးစပ်နဲ့ခြိမ်းခြောက်တာ။

#E002 #R005

ဗီဒီယိုများ