ကျောက်ဖြူအထူးစီးပွားရေးဇုန်အပေါ် သဘောထားအမြင်များ

ကျောက်ဖြူအထူးစီးပွားရေးဇုန်မှာဆိုရင် အခုအချိန်အထိ EIA/SIA ဆိုင်ရာတွေကို ဘယ်လိုလုပ်နေတယ်ဆိုတာ အခုအချိန်အထိ ရှင်းရှင်းလင်းလင်း မတွေ့ရသေးဘူး။ မြန်မာနိုင်ငံမှာ EIA ဆိုင်ရာ ဥပဒေကို ပြဌာန်းထားပေမယ့်  Process မှာကျတော့ ဒေသခံတွေနဲ့ အရပ်ဘကက်အဖွဲ့အစည်းတွေရဲ့ ပါဝင်မှုကို ကန့်သတ်ခံထားရပြီး စီမံကိန်းတွေရဲ့ EIA ကို ကုမ္ပဏီနဲ့ အစိုးရတို့ကပဲ လုပ်ကြတဲ့အတွက် ဒါဟာ မှန်ကန်တဲ့ EIA လို့ ပြောလို့မရနိုင်သေးပါဘူး။ ဒီက်ပိုပြီး ပွင့်လင်းတဲ့ စနစ်တစ်ခုကို ထူထောင်ဖို့ လိုနေပါသေးတယ်။

By သီဟ 07 Jan 2021

ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် ယခင်သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်တွင် အကောင်အထည်ဖော်တည်ဆောက်ရန် စတင်လုပ်ဆောင်ခဲ့ပြီး၊ ၂၀၁၅ ခုနှစ်က ကျောက်ဖြူအထူး စီးပွားရေးဇုန်တည်ဆောက်ရန် လိုအပ်သည့်ဥပဒေကို ပြည်ထောင်စုလွှတ်တော်တွင် မဲခွဲဆုံးဖြတ်ခဲ့သည်။

ယင်းနောက် တရုတ်သမ္မတရှီကျင့်ဖျင်၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်က မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး ဇန်နဝါရီလ ၁၈ ရက်နေ့တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပြီးနောက် ကျောက်ဖြူ အထူးစီးပွားရေးဇုန်၊ ရေနက်ဆိပ်ကမ်းစီမံကိန်းဆိုင်ရာ သဘောတူစာချုပ်အပါဝင် အစုရှယ်ယာများနှင့် သက်ဆိုင်သော သဘောတူစာချုပ်ကို သဘောတူ လက်မှတ်ရေးထိုးခဲ့သည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို နယ်နိမိတ်ဧရိယာအဖြစ် မြေဧက ၄၂၈၉.၃၂ ကို သတ်မှတ်ထားကာ ရေနက်ဆိပ်ကမ်း စီမံကိန်း အမှတ် (၁) တွင် နယ်နိမိတ် ၃၇၀. ၆၆ ဧက၊ ရေနက်ဆိပ်ကမ်းစီမံကိန်း အမှတ် (၂) တွင် နယ်နိမိတ် ၂၃၇ .၂၂ ဧက တည်ဆောက်သွားမည်ဖြစ်သည်။

ယင်းစက်မှုဇုန်အတွက် အထည်ချုပ်လုပ်ငန်း စက်ရုံစု (၁) တွင် မြေဧက (၇၈၄.၅၀)၊ အထည်ချုပ်လုပ်ငန်း စက်ရုံစု (၂) တွင် မြေဧက (၂၃၄.၆၈)၊ စက်မှုလုပ်ငန်း စက်ရုံစု (၁) တွင် မြေဧက (၃၁၄.၈၄)၊ စက်မှုလုပ်ငန်းစက်ရုံစု (၂) တွင် မြေဧက (၁၀၂၂.၀၅)၊ အပန်းဖြေနှင့် ဘဏ်လုပ်ငန်းစု (၁) တွင် မြေဧက (၆၅၂.၀၁)၊ အပန်းဖြေနှင့် ဘဏ်လုပ်ငန်းစု (၂) တွင် မြေဧက (၂၈၃.၀၇)၊ အပန်းဖြေနှင့် ဘဏ်လုပ်ငန်းစု (၃) တွင် မြေဧက (၃၀၀.၂၉) ပါဝင်သည်။

အဆိုပါစီမံကိန်းနှင့်ပတ်သက်၍ အရပ်ဘက်အဖွဲ့အစည်းများနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ အမြင်များကို DMG အကြီးတန်းသတင်းထောက် ကိုသီဟက စုစည်းဖော်ပြထားသည်။

ကိုထွန်းကြည် (ညှိနှိုင်းရေးမှူး၊ ကျောက်ဖြူကျေးလက်ဒေသဖွံ့ဖြိုးရေးအသင်း )

ပထမတစ်ချက်အနေနဲ့ စီမံကိန်းတွေကြောင့် ထိခိုက်နစ်နာမှုတွေကိုပြောတဲ့ အခါမှာ နိုင်ငံရေးအရ ရပိုင်ခွင့်ပေါ့နော်၊ နိုင်ငံရေးအရဆိုတာ ပြည်နယ်အရ ကျောက်ဖြူ အထူးစီးပွားရေးဇုံဟာ အလွန်ကြီးတဲ့ စီးပွားရေးဇုန် တစ်ခုဖြစ်တာပေါ့နော်။ နောက်တစ်ခုကကျတော့ ရခိုင်ပြည်နယ်ကနေ ထုတ်ယူ ရောင်းချနေတဲ့ ရွှေဂတ်စ်နဲ့ပတ်သက်တဲ့ အကျိုးအမြတ်ထဲမှာလည်း ရခိုင်ပြည်နယ်အတွက် အကျိုးခံစားခွင့်၊ ရခိုင်ပြည်နယ်အတွက် သီးသန့်ခွဲဝေတဲ့ စနစ်မရှိခဲ့ဘူးပေါ့နော်။ ပြောချင်တာကတော့ ဗဟိုအစိုးရ တစ်ခုတည်းကပဲ အရာရာကိုဆုံးဖြတ်နေတဲ့အတွက်ကြောင့် မြန်မာနိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခကအစ အခြားတိုင်းရင်းသားပြည်နယ်တွေက သယံဇာတတွေကို ထုတ်ယူရောင်းချနေတဲ့ အပေါ်မှာ အများကြီး မကြေမလည်မှုတွေရှိနေကြတယ်ပေါ့နော်။

ဒါကြောင့် အစိုးရအနေနဲ့ ပထမတစ်ချက် လုပ်သင့်တာကတော့ မြန်မာနိုင်ငံမှာ အားလုံးတန်းတူ အခွင့်အရေးကို အခြေခံတဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်လာတဲ့ အခြေအနေအထိ လုပ်သင့်တယ်။ ပထမဦးစားပေးအနေနဲ့ပေါ့နော်။ အဲ့ဒါတွေမလုပ်နိုင်သေးခင်မှာ စီမံကိန်းစမယ်ဆိုရင် ဒေသခံပြည်သူလူထုအတွက် သီးသန့်ပေးထားတဲ့ ပေးထားချက်တွေ (အကျိုးအမြတ်ထဲက ရာခိုင်နှုန်းဘယ်လောက်ဆိုတာမျိုး) ရရှိသင့်တယ်။ အခုအချိန်အထိက စီမံကိန်းအများစုကို ကြည့်လိုက်ရင် ဒေသတွေမှာရှိတဲ့လူတွေဟာ လယ်ယာမြေတွေ၊ သိမ်းဆည်းခံရတယ်၊ ပျက်စီးသွားတယ်၊ သဘာဝပတ်ဝန်းကျင်တွေ အများကြီး ပျက်စီးသွားတယ်။ ပင်လယ်ထဲက သန္တာကျောက်တန်းတွေ ပျက်စီးသွားတဲ့အတွက်ကြောင့် သားငါးပုဇွန်တွေ ရှားပါးလာတယ်။ ဒါတွေကြောင့် ဒေသခံရေလုပ်သား ပြည်သူတွေနဲ့ သာမန်လယ်သမားတွေဟာ ဆင်းရဲမွဲတေမှုဘက်ကိုပဲ ဦးတည်နေတယ်။

ဒီတော့ ဒီလိုထပ်မဖြစ်လာအောင် ကုမ္ပဏီအနေနဲ့လည်း အကျိုးအမြတ်ရဲ့ခွဲဝေမှု အကျိုးအမြတ်ပေါ်မူတည်ပြီး ဒေသခံတွေအတွက် ဘာလုပ်ပေးမယ်ဆိုတာမျိုး ဖြစ်သင့်တယ်။ နောက်တစ်ခုကတော့ EIA/SIA တွေကိုလည်း စနစ်တကျ ကောက်ယူတာတွေ လုပ်သင့်တယ်။ နောက်ပြီး အစိုးရကလည်း ကုမ္ပဏီတွေရဲ့ လုပ်ရပ်တွေအပေါ်မှာ စည်းကမ်းတကျ ထိမ်းသိမ်းနိုင်မယ့် ဥပဒေတွေရေးဆွဲသင့်တယ်။ နိုင်ငံခြား ကုမ္ပဏီတွေ ဝင်လာတဲ့အချိန်မှာ ယဉ်ကျေးမှုမတူတဲ့အချက်တွေနဲ့ အခြား အလုပ်သမားရေးရာ ကိစ္စတွေကအစ ပြဿနာအများကြီးကို တွေ့ရတယ်။ ဒီတော့ ကြီးမားတဲ့ စီမံကိန်းကြီးတစ်ခု အကောင်ထည်ပေါ်လာဖို့ အတွက်ဆိုရင် အစိုးရအနေနဲ့ စနစ်တကျပြင်ဆင်ထားတဲ့ ပြင်ဆင်မှုတွေ လိုအပ်တယ်။ နောက်တစ်ချက်ကတော့ အရာရာကို ဗဟိုတစ်ခုက ထိမ်းချုပ်ထားတော့ ဒေသမှာဖြစ်လာတဲ့ မြေယာပြသနာတွေ၊ လျော်ကြေးငွေပြဿနာတွေ။ ဒေသခံတွေရဲ့ ထိခိုက်နစ်နာမှုပြဿနာတွေကို ဖြေရှင်းမယ့် ယန္တရားကကျတော့ နေပြည်တော်တစ်ခုတည်းကပဲ တာဝန်ယူထားတဲ့အခါကျတော့ ဒေသခံတွေမှာ မလိုအပ်ဘဲ ထိခိုက်နစ်နာမှုတွေရှိနေကြတယ်။

ကုမ္ပဏီတွေနဲ့ အောက်က ဌာနဆိုင်ရာတွေကြားမှာ အကျင့်ပျက်ခြစားမှုတွေကြားမှာ ဒေသခံတွေက သူတို့ရဲ့ အခက်ခဲကို နေပြည်တော်အထိ မတင်ပြနိုင်တဲ့ အခါမှာ သူတို့အမြဲရှုံးနိမ့်နေတာကို တွေ့ရတယ်။ ဒါမျိုးတွေမဖြစ်လာဖို့အတွက် အစိုးရမှာ ဥပဒေတွေရေးဆွဲဖို့လိုတယ်။ ဒါတွေကိုစောင့်ကြည့်ဖို့အတွက် တတိယယန္တရားတစ်ခုကို အစိုးရအနေနဲ့ တည်ဆောက်သင့်တယ်။

ကျောက်ဖြူအထူးစီးပွားရေးဇုန်မှာဆိုရင် အခုအချိန်အထိ EIA/SIA ဆိုင်ရာတွေကို ဘယ်လိုလုပ်နေတယ်ဆိုတာ အခုအချိန်အထိ ရှင်းရှင်းလင်းလင်း မတွေ့ရသေးဘူး။ မြန်မာနိုင်ငံမှာ EIA ဆိုင်ရာ ဥပဒေကို ပြဌာန်းထားပေမယ့်  Process မှာကျတော့ ဒေသခံတွေနဲ့ အရပ်ဘကက်အဖွဲ့အစည်းတွေရဲ့ ပါဝင်မှုကို ကန့်သတ်ခံထားရပြီး စီမံကိန်းတွေရဲ့ EIA ကို ကုမ္ပဏီနဲ့ အစိုးရတို့ကပဲ လုပ်ကြတဲ့အတွက် ဒါဟာ မှန်ကန်တဲ့ EIA လို့ ပြောလို့မရနိုင်သေးပါဘူး။ ဒီက်ပိုပြီး ပွင့်လင်းတဲ့ စနစ်တစ်ခုကို ထူထောင်ဖို့ လိုနေပါသေးတယ်။

ဦးဇော်လွန်း {ရေချိုနှင့် အဏ္ဏဝါရေပြင် ထိမ်းသိမ်းရေးအစီအစဉ်မန်နေဂျာ၊ အပြည်ပြည်ဆိုင်ရာ တောရိုင်းတိရိစ္ဆာန်နှင့် သဘာဝအပင်အဖွဲ့(FFI)}

ဒီလိုမျိုးအထူးစီးပွားရေးဇုန်တွေကတော့ တစ်ကမ္ဘာလုံးမှာလည်း ဒေသဖွံ့ဖြိုးရေးအတွက်ဆိုပြီး လုပ်နေကြရ တာပါပဲ။ ဒါတွေလုပ်တဲ့အခါမှာ လုပ်တဲ့နေရာအပေါ်မှာမူတည်ပြီးတော့စီမံကိန်းမတိုင်ခင် ဓါးမဦးချ နေထိုင်လာခဲ့တဲ့ ဒေသခံတွေကို အသိပေးရမယ်။ ဒေသဖွံ့ဖြိုးရေးလုပ်တော့မယ်ဆိုရင်လည်း ဒေသဖွံ့ဖြိုးရေး အတွက် ဘယ်လိုထည့်သွင်းစဉ်းစားမလဲပေါ့နော်။ ဒီဒေသမှာ လုပ်ငန်းတွေအကောင်ထည်ဖော်တဲ့အခါ ဒေသအတွက်ဘယ်လိုစဉ်းစားမလဲ ဆိုတာအရေးကြီးပါတယ်။ ဒေသခံတွေကို အလုပ်သမားအဆင့် အနေနဲ့တော့ ထားလို့မရပါဘူး။

ဒေသခံတွေကိုဘယ်လောက်အထိ နေရာပေးမလဲ ဆိုတာကအစ၊ ဒေသခံတွေကိုဘယ်လို အရည်အသွေး မြှင့်ပြီးတော့ ရေရှည်မှာ ဘယ်လိုအသုံးပြုမလဲ ဆိုတာကအစ ပါဖို့လိုအပ်ပါတယ်။ စီမံကိန်းတွေလုပ်တဲ့ အခါမှာ ဒေသခံတွေရဲ့နေရာကိုယူလိုက်တယ်။ သူတို့ရဲ့ မူရင်းလုပ်ငန်းတွေက ပျက်သွားတယ်။ အခြားလုပ်ငန်းအသစ်လုပ်တယ်ဆိုရင် လုပ်ငန်းတွေက အောင်မြင်ဖို့ ဆိုတာ အင်မတန်နည်းပါတယ်။ လုပ်ငန်းတွေအောင်မြင်ဖို့ အချိန်ယူရတဲ့အတွက် အောင်မြင်ဖို့နည်းတာပေါ့နော်။ အောင်မြင်ဘူးတော့ မဟုတ်ဘူးပေါ့။

ဒါပေမယ့် ဒီလိုအချိန်ယူနေတဲ့ကြားမှာ ဒေသခံတွေအတွက် ဘယ်လို ဖြေရှင်းပေးမလဲ။ ဒေသခံတွေကို အနာဂတ်မှာ ဒီလုပ်ငန်းတွေမှာ အလုပ်သမားအဆင့်လောက်နဲ့ မထားပဲ အရည်အသွေးမြှင့်တင်ပြီး ဘယ်လိုသုံးသွားမလဲဆိုတာကအစ ဒေသခံတွေကို ပွင့်ပွင့်လင်းလင်း ချပြဖို့လိုတယ်။ ဒီလို Plan တွေဟာလည်းရှိကိုရှိရမယ်။ EIA/SIA ဆိုင်ရာ စီမံခန့်ခွဲမှု Planတွေ၊ ရေရှည်မှာ အကောင်အထည်ဖော်ရမယ့် Planတွေ  ဒါတွေကို အကုန်ပါဖို့လိုတယ်။ ချပြဖို့လိုတယ်။ ဒါတွေ မပါလို့ မချပြနိုင်ပဲ လုပ်တယ်ဆိုရင်တော့ ဒါတွေက မျှတတဲ့လုပ်ငန်းဖြစ်မှာတော့မဟုတ်ဘူး။ ဒေသဖွံ့ဖြိုးမှုကတော့ အမြဲလိုနေတာပဲ။ သို့သော်လည်း လိုအပ်ချက်အရ ဒေသဖွံံ့ဖြိုးမှုတွေလုပ်တဲ့အခါမှာ ဒေသခံတွေ အတွက်ကိုလည်း ထည့်ကိုစဉ်းစားဖို့လိုတယ်။ ငါတို့က ဒီဒေသကိုဖွံ့ဖြိုးအောင်လုပ်မယ်။ ဒေသခံတွေကို နစ်နာကြေးပေးလိုက်မယ်။ ပေးပြီးရင်မင်းတို့သွားကြတော့ ငါတို့ဒီမှာ လုပ်မယ်ဆိုတဲ့ပုံစံမျိုးတော့  လုံဝလုပ်လို့ မရဘူး။ ဘယ်တော့မှ မလုပ်သင့်ဘူးပေါ့နော်။

ဒေသခံတွေရဲ့ ရေရှည်အကျိုးအတွက် မဖြစ်မနေကို ထည့်သွင်းစဉ်းစားပေးဖို့ လိုပါတယ်။ နောက်ပြီး ဒေသခံတွေကို အရည်အသွေးမြှင့်တင်ပေးတဲ့ အခါမှာလည်း စနစ်တကျလုပ်ဆောင်ပေးဖို့လိုတယ်။ ဒီနေ့လုပ် မနက်ဖြန်ပြီးလို့တော့မရဘူး။ ဒေသခံတွေနဲ့ လက်ပွန်းတတီး နေထိုင်ပြီးလုပ်တော့မှပဲ ဒီနေရာမှာ လုပ်ငန်းတွေဟာ ပွင့်လင်းမြင်သာမှုရှိမယ်။ အောင်မြင်မှုရှိပြီးတော့ ဒေသလည်းတဖြည်းဖြည်းတိုးတက်သွားမယ်။ ဒီဒေသအတွက် အထူးစီးပွားရေးဇုန်လိုအပ်လို့ လုပ်တယ်။ ဒါပေမယ့် လုပ်နည်းလုပ်ဟန်တွေက မှားနေတယ်။ ကိုယ့်အတွက်ပဲအကုန်ကြည့်တယ်။

တစ်ဘက်ကို မကြည့်ဘူးဆိုရင်တော့ လုပ်ငန်းတွေဟာ ပွင့်လင်းမြင်သာမှုမရှိပဲ  ကျရှုံးတယ်၊ ဆုံးရှုံးတယ်၊ ဘေးမှာ ထိခိုက် နစ်နာတာတွေ ပြဿတွေဖြစ်လာနိုင်တယ်။ ဒါတွေမဖြစ်အောင် သေချာအစီစဉ်ချပြီး လုပ်ဖို့လိုပါလိမ့်မယ်။ အကြောင်းကြောင်းကြောင့် ဟိုးအရင်တုန်းက စာချုပ်တွေ ချုပ်ခဲ့ကြတယ်။ အဲ့ဒီတုန်းကတော့ ပွင့်လင်းမြင်သာမှုမရှိခဲ့တာကတော့သေချာပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ ဒါတွေက ပွင့်လင်းမြင်သာမှုရှိဖို့လိုပါတယ်။ ဒါမှ ရေရှည်အောင်မြင်နိုင်မှာပါ။ ဒါကြောင့် အခု ကိုဗစ်ကြောင့် လုပ်ငန်းတွေ အကောင်အထည်မဖော်နိုင်သေးဘူးဆိုရင် ဒါဟာ အခွင့်ကောင်းပါပဲ။ ကိုဗစ်ပြီးသွားတဲ့အခါမှာ လုပ်ငန်းတွေပြန်စရင် ဒီလုပ်ငန်းတွေကို ဘယ်လိုလုပ်မယ်ဆိုတာ သေသေချာချာကို ပြန်ချပြပြီးတော့ ဒေသခံတွေနဲ့ လက်ပွန်းတတီး ပူးပေါင်းဆောင်ရွက်သွားဖို့လိုအပ်ပါတယ်။

ဦးဖိုးစံ (ကျောက်ဖြူမြို့နယ်၊ အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်)

စီမံကိန်းလုပ်ငန်းတစ်ခုကိုလုပ်တော့မယ်ဆိုရင် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ (၂၅၁)အရ ပြည်နယ် လွှတ်တော်ကို လာပြီးချပြရမှာဖြစ်တယ်။ ပြည်နယ်ထဲမှာ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုပဲဖြစ်ဖြစ်၊ ပြည်တွင်း ရင်းနှီးမြှုပ်နှံမှုပဲဖြစ်ဖြစ်၊ လုပ်ငန်းကြီးတစ်ခုလုပ်မယ်ဆိုရင် ပထမဆုံးအနေနဲ့ ပြည်နယ် လွှတ်တော်မှာလာပြီးတော့ ချပြရမှာဖြစ်တယ်။ ကျွန်တော်တို့ လွှတ်တော်သက်တမ်းတစ်လျှောက်လုံးမှာ V Power ဆိုတဲ့ တရုတ်ကုမ္ပဏီတစ်ခုကပဲ ကျောက်ဖြူမှာ မီဂါဝပ် ၁၅၀ ဓာတ်အားခွဲစက်ရုံတည်ဆောက်ပြီး အစိုးရကို ထုတ်လုပ်ရောင်းချမယ်လို့ လာရှင်းပြခဲ့တာတစ်ခုပဲရှိခဲ့တယ်။ ကျန်တဲ့ ဘယ်တရုတ်ကုမ္ပဏီမှ ဘယ်စီမံကိန်းကိုမှ လာရှင်းပြခဲ့တာမရှိဘူး။ ဒါတွေဟာ ပြည်ထောင်စု အစိုးရမှာတာဝန်ရှိတယ်။ ဘာပဲပြောပြော ပြည်ထောင်စုအစိုးရက ဒီလိုစီမံကိန်းတွေကို ပြည်နယ်မှာ လာရောက်ချပြရမှာဖြစ်တယ်။

စီးပွားရေးအဖွဲ့အစည်းတွေ၊ ပြည်ထောင်စုဝန်ကြီးတွေနဲ့ လာပြီးတော့ ဒီလိုစီမံကိန်းမျိုးတော့ လုပ်ဆောာင်ဖို့ရှိတယ် ဆိုတာမျိုးချပြသင့်တယ်။ အခုက ချပြတာမရှိတဲ့အပြင် ဆိပ်ကမ်းလုပ်ဖို့အတွက် အစီမံကိန်း Plan ဆွဲပြီးပြီ မြေတွေဘယ်လောက်သိမ်းမယ်ဆိုပြီး ပအုပ်ချုပ်ရေးပိုင်းတွေဆီကို စာရောက်တယ်လို့ပဲ သိရတယ်။ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေကိုတော့ ဘာမှ အသိပေးခဲ့တာမရှိဘူး။ လွှတ်တော်ကိုယ်စားလှယ်ဆိုတာ ပြည်သူတွေရဲ့ တာဝန်ခံတွေဖြစ်ပေမယ့် အခုလိုမသိရတာဟာ ပြည်သူတွေကို အသိမပေးတာနဲ့ အတူတူပဲ ဖြစ်တယ်လို့ ကျွန်တော်ကတော့ ခံစားမိတယ်။ ဒါကြောင့် နောင်လာမယ့် ရခိုင်ပြည်နယ်က ဘယ်စီမံကိန်းမဆို လုပ်တော့မယ်ဆိုရင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေကိုတော့ အသိပေးစေချင်ပါတယ်။ နောက်တစ်ခုက လုပ်ကိုင်မယ့်ဒေသမှာရှိတဲ့ ဒေသခံတွေကို ကျယ်ကျယ်ပြန့်ပြန့် အသိပေးရမှဖြစ်တယ်။ ဒါက အင်မတန်အရေးကြီးတယ်။

ဘာကြောင့်လဲဆိုတော့ ပြီးခဲ့တဲ့ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းတုန်းကဆိုရင် ဘာမှမသိလိုက်ရပဲ မြေတွေသိမ်းတယ်၊ ယာတွေသိမ်းတယ်။ ဘယ်နေ့ နေရာကနေပြောင်းရွှေ့ပေးရမယ်၊ ဘယ်နေရာကနေဘယ်နေရာအထိ ဘယ်သူမှ သွားလာခြင်းမပြုရဆိုတဲ့ စာတွေထွက်လာမှ ပြည်သူတွေသိခွင့်ရခဲ့တာ။ အဲ့တာကြောင့် ဒေသခံတွေအကုန်ခေါ်ပြီးသေချာရှင်းပြရမှာဖြစ်ပေမယ့် သိရသလောက်ကတော့ သူတို့နဲ့ နီးစပ်ရာ ဒေသခံအချို့ကို လက်တို့ခေါ်သွားပြီးတော့ ငွေးကြေးအနည်းငယ်ပေးခဲ့ပြီး တော်တော်များများ ဆုံးရှုံးခဲ့ရတာကို ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းတုန်းက ကြုံခဲ့ရတယ်။

အခုလည်းပဲ အဲ့လိုမဖြစ်အောင် အားလုံးပါဝင်နိုင်အောင် ဒေသခံတွေအကုန်လုံးကိုခေါ်ယူပြီး စီမံကိန်းမှာပါတဲ့ အချက်အလက်တွေ၊ သဘာဝပတ်ဝန်းကျင် ထိခိုက်နိုင်မှုတွေ၊ လူမှုပတ်ဝန်းကျင်ကို ထိခိုက်နိုင်မှုတွေကို ပွင့်ပွင့်လင်းလင်း ချပြရမယ်။ နောက်ပြီး ဘာစက်ရုံတွေဆောက်မယ်။ အလုပ်အကိုင်အခွင့်အလမ်းကတော့ ဘယ်လောက်ရမယ်။ ပြည်နယ်အတွက်ကတော့ ဘယ်လိုအကျိုးခံစားခွင့်ရှိမယ်ဆိုတာ တွေကိုလည်း သေသေချာချာချပြပေးမှပဲ ဒီလုပ်ငန်းက အောင်မြင်နိုင်လိမ့်မယ်လို့ မြင်ပါတယ်။ နောက်ပြီး အစိုးရအနေနဲ့လည်း စီမံကိန်းတွေလုပ်တဲ့အခါ ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါတဲ့အတိုင်း လုပ်တယ်ဆိုတာထက် ဗဟိုချုပ်ကိုင်မှုကိုလျှော့ချပြီး ပြည်နယ်ကိုလည်း လုပ်ကိုင်ခွင့်ပေးသင့်ပါတယ်။ မဟုတ်ရင်တော့ ဒေသအနေနဲ့ဖွံ့ဖြိုးတိုးတက်မှုရှိလာမှာ မဟုတ်ပါဘူး။

ကိုတိန်ဦး (အထွေထွေအတွင်းရေးမှူး၊ ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များအစည်းအရုံး)

နိုင်ငံတော်သမ္မတကိုယ်တိုင်ကလည်း သယံဇာတတူးဖော်မှု စီမံကိန်းတွေကို ပွင့်လင်းမြင်သာစွာ ချပြပေးဖို့ဆိုပြီး ပြီးခဲ့တဲ့ ၂၀၂၀ ဇန်နဝါရီလမှာ ညွှန်ကြားချက်ထုတ်ပြန်ထားခဲ့တယ်။ ဒါပေမယ့် အခုအချိန်တော့ ဒီကျောက်ဖြူ အထူးစီးပွားရေးဇုန်နဲ့ပတ်သက်ပြီးတော့ ဘာမှတော့ ချပြတာမတွေ့ရသေးဘူး။ ကျောက်ဖြူအထူးစီးပွားရေးဇုန်မှာ ပထမအဆင့်အနေနဲ့ ရေနက်ဆိပ်ကမ်းတွေဆောက်မယ်ဆိုပေမယ့် ဒါနဲ့ပတ်သက်ပြီး ဘယ်လိုတွေ လုပ်ဆောင်ထားတယ်၊ ထိခိုက်နစ်နာမှုတွေအတွက် ဘယ်လိုပြင်ဆင်ထားတယ် ဆိုတာလည်း ဘာမှ ထုတ်ပြန်တာမတွေ့ရသေးဘူး။ ကျွန်နော်တို့အနေနဲ့ သမ္မတကြီးရဲ့ ထုတ်ပြန်ချက်ကို ကြိုဆိုပေမယ့် ဒီထုတ်ပြန်ချက်လောက်နဲ့တော့ မလုံလောက်သေးဘူးလို့လည်းမြင်ပါတယ်။

ဖက်ဒရယ်နိုင်ငံအဖြစ် သွားမယ်ဆိုရင် အစိုးရအနေနဲ့ စီမံကိန်းကြီးတွေကရလာတဲ့ အကျိုးအမြတ်ကို ဘယ်လိုခွဲဝေမယ် ဆိုတာမျိုးတော့ ရှိရမှာဖြစ်ပါတယ်။ စီမံကိန်းက ဘယ်လောက်ရပါတယ် ဆိုတာမျိုးလောက်နဲ့တော့ မလုံလောက်ပါဘူး။ ကျွန်တော်တို့ ရခိုင်ပြည်သူတွေ လိုချင်တာကတော့ စီမံကိန်းက ရလာတဲ့ အကျိုးအမြတ်ကို ရခိုင်ပြည်နယ်အတွက် ဘယ်လောက်အသုံးပြုမယ်။ စီမံကိန်းဧရိယာမှာရှိတဲ့ ဒေသခံတွေအတွက် စီမံကိန်းကရလာတဲ့ အကျိုးအမြတ်တွေကို ဘယ်လိုသုံးပေးမယ်ဆိုတာကို လိုလားနေကြတာပါ။ ဒါတွေကိုလည်း တိတိကျကျမဟုတ်ရင်တောင် ကတိကဝတ်ဖြစ်ဖြစ် ပေးသင့်တယ်လို့ မြင်ပါတယ်။ လုပ်ငန်းလုပ်ကိုင်မယ့် သက်ဆိုင်ရာ ကုမ္ပဏီအနေနဲ့လည်း ဘယ်အချိန်မှာ ဒေသခံတွေရဲ့ သဘောထားကိုရယူမယ်ဆိုတာကို ထုတ်ပြန်ရမှာဖြစ်ပေမယ့် အခုတော့ လုပ်ငန်းသဘောတူစာချုပ်လုပ်ပြီးပြီဆိုတော့ စီမံကိန်းစတင်ရင် ဘယ်လိုအစီစဉ်တွေနဲ့ လုပ်ဆောင်သွားမယ်ဆိုတာကို ပြည်သူကို ချပြသင့်ပါတယ်။

စီမံကိန်းပြီးသွားရင် ဒေသခံတွေအတွက် ဘယ်လို အလုပ်အကိုင်တွေရမယ်ဆိုပြီး ပြောတာမျိုးထက်စာရင် တိတိကျကျ ပြောတာပြောပေါ့။ နောက်ပြီး မြေသိမ်းမှုတွေဖြစ်လာရင် တစ်ဧကကို ဘယ်လောက်ပမာဏပေးမယ်၊ ဒေသခံတွေ အကျိုးအတွက် ဘာတွေလုပ်ဆောင်ပေးမယ်။ သဘာဝပတ်ဝန်းကျင်အတွက် ဘာတွေပြန်လုပ်ပေးမယ် ဆိုတာကို ဂတိကဝတ်ပေးပြီး လုပ်ကိုင်သင့်ပါတယ်။

ဦးမျိုးကိုကို (အစီစဉ်မန်နေဂျာ၊ Point - ရိုးရာဝန်းကျင်မြှင့်တင်ရေးအဖွဲ့)

မြန်မာနိုင်ငံဟာ စစ်အစိုးရအုပ်ချုပ်မှုအောက်က ပြောင်းလဲတာမကြာသေးတော့ လက်ရှိလုပ်ကိုင်နေတဲ့ တော်တော်များများကုမ္ပဏီတွေ (အထူးသဖြင့် တရုတ်ကုမ္ပဏီတွေ) ပေါ့၊ သူတို့က မြို့နယ်တို့ ခရိုင်တို့ တိုင်းလောက် အဆင့်တွေကို သိပ်ပြီး ဂရုစိုက်တာမတွေ့ရဘူး။ အစိုးရချင်းလက်မှတ်ထိုးပြီး လုပ်တဲ့ဟာတွေများတာပေါ့။ တာဝန်ယူစရာ၊ တာဝန်ခံစရာရှိရင် အစိုးရကို သွားအပြစ်ပြောဆိုတဲ့ စတိုင်မျိုးပေါ့။ အဲ့တော့ အစိုးရကလည်း GDP တိုးတက်ရေး၊ ရင်နှီးမြှုပ်နှံမှုတွေလာရေးထက် ကိုယ့်တိုင်းသူပြည်သားတွေရဲ့ အရေးကို ကြည့်သင့်တယ်။

ကမ္ဘာ့ကုလသမဂ္ဂက ထုတ်ပြန်ထားတဲ့ လူ့အခွင့်အရေးနဲ့ စီးပွားရေးဆိုတဲ့ ဂိုက်လိုင်းမှာဆိုရင် အစိုးရအနေနဲ့ ကိုယ့်နိုင်ငံသူနိုင်ငံသားတွေကိုကာကွယ်ပေးရမယ်။ တိုင်းရင်းသားဖြစ်ဖြစ် ဒေသခံပြည်သူပဲဖြစ်ဖြစ် အစိုးရအနေနဲ့ လေးစားရမယ်နဲ့ စီမံကိန်းတွေလုပ်ပြီး ရင်ပြန်ကုစားပေးရမယ် (ဘာစီမံကိန်းပဲလုပ်လုပ် စီမံကိန်းကြောင့် ပျက်စီးသွားတာတွေကို လုံလောက်တဲ့ အစားထိုးကုစားမှုတွေ) ဆိုပြီး ပါဝင်တယ်။ သို့ပေမယ့် စီးပွားရေးသမားတွေက ဒါတွေကို သိပေမယ့် မသိချင်ယောင်ဆောင်ပြီးတော့ လုပ်နေကြတာများတယ်။ ကျွန်တော်တို့ အစိုးရကလည်း ဥပဒေတွေက ခိုင်မာမှုမရှိတဲ့အခါ စီမံကိန်းတစ်ခုလုပ်ရင် အဲ့ဒီကဒေသခံတွေမှာ ဆိုကျိုးတွေ ခံစားကြရတာများတယ်။ ဒါကြောင့် စီမံကိန်းတွေကို စောင့်ကြည့်မယ့် စနစ်တွေထားဖို့လိုအပ်တယ်။

ကုမ္ပဏီအနေနဲ့ ဘာတွေလုပ်ဆောင်တယ်ဆိုတာမျိုးပေါ့။ လက်ရှိလုပ်နေတဲ့ SEZ စီမံကိန်းမှာ ဌာနေတိုင်းရင်းသားတွေ ဒေသခံကိုယ်စားလှယ်တွေ CSO တွေကိုလည်း ပူးပေါင်းပါဝင်နိုင်အောင် အစိုးရကဆောင်ရွက်ပေးဖို့လိုတယ်။ မဟုတ်ရင် ကိုယ်တိုင်းပြည်ထဲမှာ ဘယ်သူဘာလုပ်နေတယ်ဆိုတာ မသိနိုင်ဘူးလေ။ ဖြစ်နိုင်ရင် ပြည်သူတွေကိုယ်တိုင် ရွေးချယ်ထားတဲ့ ဌာနေတိုင်းရင်းသား ကိုယ်စားလှယ်တွေကို စီမံကိန်းဆိုင်ရာစောင့်ကြည့်မှုတွေ လုပ်ဆောင်နိုင်အောင် အစိုးရက လုပ်ဆောင်ပေးဖို့လိုတယ်။

အိမ်နီးချင်းနိုင်ငံနဲ့ အဆင်ပြေဖို့လိုသလို ဒေသခံတွေမထိခိုက်ဖို့အတွက်ကို အစိုးရမှာတာဝန်အပြည့်ရှိတယ်။ နောက်ဆုံးအနေနဲ့တစ်ခုကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါတဲ့ မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက်၊ လေပေါ်လေအောက် သယံဇာတတွေက အစိုးရကပိုင်ပါတယ်ဆိုတဲ့ အတွေးကိုလည်း အစိုးရအဖွဲ့အနေနဲ့ ပြင်သင့်ပါတယ်။ အလုပ်တွေလုပ်ရင် နိုင်ငံတကာစံချိန်စံညွှန်းနဲ့အညီ လုပ်တယ်ဆိုရင် နိုင်ငံတကာမှာ စီမံကိန်းတွေလုပ်ရင် ဌာနေတိုင်းရင်းသားတွေမထိခိုက်အောင် ဘယ်လို လုပ်ဆောင်နေတယ်ဆိုတာကိုလည်း တပါတည်းကြည့်ပြီး ဒီမှာလည်း အဲ့လိုလုပ်ဆောင်ဖို့ အားထုတ်သင့်ပါတယ်။

ဗီဒီယိုများ