ANP နှင့်ပတ်သက်ပြီး ANREN ဦးဆောင်ကော်မတီဝင် ကိုထွန်းကြည်နှင့် မေးမြန်းခြင်း

ရခိုင်အမျိုးသားပါတီ (ANP) ၏ ဒုတိယအကြိမ် ညီလာခံကို ပြီးခဲ့သည့် မေလကုန်ပိုင်းက ပြုလုပ်ခဲ့သည်။ ထိုညီလာခံတွင် ပါတီမူဝါဒရေးရာ ဦးဆောင်ကော်မတီကို ဖွဲ့စည်းလိုက်ပြီး မူဝါဒရေးရာ ကိစ္စရပ်များကို ဆုံးဖြတ်ရမည့် အမြင့်ဆုံးအဖွဲ့ ဖြစ်လာသည်။ ထိုကော်မတီကို ဖွဲ့စည်းလိုက်ခြင်းအပေါ် အမြင်များနှင့် ဒေါက်တာအေးမောင်အလွန် ကာလများတွင် မည်သို့ကျော်ဖြတ်သွားသင့်သလဲ၊ လက်ရှိပါတီအပေါ် အမြင်သဘောထားထားကို ရခိုင့်သယံဇာတနှင့် သဘာဝပတ် ဝန်းကျင်ဆိုင်ရာကွန်ရက်၏ ဦးဆောင်ကော်မတီဝင် ကိုထွန်းကြည်ကို Development Media Group မှ ဖဒူ ထွန်းအောင်က ဆက်သွယ်မေးမြန်းထားသည်။

26 Jun 2019

 

  • မေး။ ။ ရခိုင်အမျိုးသားပါတီ (ANP)မှာ အရင်တုန်းက မူဝါဒရေးရာ ကိစ္စတွေကို ဗဟိုအလုပ်အမှုဆောင်ကော်မတီ (CEC) ကပဲ ဆုံးဖြတ်တယ်။ အခုတော့ အဲဒီလိုမျိုးကိစ္စတွေကို ပါတီမူဝါဒရေးရာ ဦးဆောင်ကော်မတီကပဲ ဆုံးဖြတ်သွားဖို့ရှိပါတယ်။ ဆိုတော့ ဒီကော်မတီ ဖွဲ့တာနဲ့ပတ်သက်ပြီး ဘယ်လိုမြင်ပါလဲ။
  • ဖြေ။ ။ မြင်တာကတော့ စုပေါင်းခေါင်းဆောင်စနစ်တစ်ခုပေါ့နော်။ စနစ်တကျ အမှန်တကယ် လုပ်နိုင်မယ်ဆိုရင်တော့ အများကြီးကောင်းပါတယ်။ အရင်ကလည်း ရခိုင်အမျိုးသားပါတီမှာ ဗဟိုအလုပ်အမှုဆောင်ကော်မတီ (CEC)ကပဲ ဆုံးဖြတ်ရမယ်ဆိုပြီး မူဝါဒတွေမှာ ပါခဲ့တယ်ပေါ့နော်။ ပြဿနာက ဘာလဲဆိုတော့ တစ်ပြည်လုံးကလူတွေကို CEC ခန့်ထားတဲ့အတွက် တကယ့်ဆုံးဖြတ်ရမယ့် ကိစ္စတစ်ခုခု ပေါ်လာတဲ့အခါ အလွန်ခက်ခဲတာကို တွေ့ရပါတယ်။ ဒါက ကျွန်တော်တို့ မြင်ခဲ့ရတဲ့ အပိုင်းပေါ့နော်။

CEC တွေကို စုမယ်ဆိုတာက လည်း လွှတ်တော်အမတ် ဖြစ်နေတဲ့လူရယ်၊ တစ်ဖက်မှာ မြို့နယ်ကို ရောက်နေတဲ့ လူရယ်ဆိုတော့ ပါတီရုံးနဲ့မနီးတဲ့ ဧရိယာတွေက ဖြစ်နေတော့ တစ်ခုခု အရေးပေါ်ကိစ္စကို ဆုံးဖြတ်ရတော့မယ့် အချိန်တွေမှာ CEC က ဆုံးဖြတ်ရမှာလား။ ပါတီဥက္ကဌကပဲ ဆုံးဖြတ်ရမှာလားဆိုတာ သဲသဲကွဲကွဲ ရှိမနေခဲ့ဘူးပေါ့။ အဲဒီလိုချိန်မှာ ပါတီဥက္ကဌကလည်း သူ ပြောချင်တာတွေ ပြောတယ်ပေါ့နော်။ အချို့ကိစ္စရပ်တွေက ပါတီရဲ့ မူဝါဒတွေနဲ့ မကိုက်ညီတာတွေလည်း ရှိခဲ့တယ်။ အဲဒါတွေကြောင့်လည်း ပါတီပြိုကွဲသွား ခဲ့ရတယ်ပေါ့နော်။

ဒီတစ်ခေါက်ကလည်း  အမှန်တော့ CEC ထက်မြင့်တဲ့ အဖွဲ့တစ်ဖွဲ့ကို ဖွဲ့လိုက်တာပေါ့နော်။ တချို့ ကွန်မြူနစ်ပါတီတွေမှာတော့ တွေ့ရတယ်။ အဲလိုမျိုး ဦးဆောင်ကော်မတီတွေ၊ တချို့ နိုင်ငံတွေမှာ နိုင်ငံရေးဦးဆောင်ကော်မတီတွေ ဆိုပြီးရှိတယ်။ သမ္မတအထက်ကပေါ့။ အချို့ ကွန်မြူနစ်နိုင်ငံတွေမှာ  ထားထားတာတွေရှိတယ်။ ဆိုတော့ တိတိကျကျ လုပ်နိုင်မယ်ဆိုရင်တော့ ကောင်းတဲ့ လမ်းကြောင်းတစ်ခုလို့ မြင်တယ်။

ဒါပေမဲ့ အဲဒီ ကော်မတီအဖွဲ့ (မူဝါဒရေးရာဦးဆောင်ကော်မတီ)တွေ ရဲ့ Meeting က ဘယ်လိုရှိမယ်။ အရေးပေါ် Meeting ကို ဘယ်လိုထိုင်မယ်။ ပုံမှန် Meeting ကို ဘယ်လိုထိုင်မယ်။ ကိစ္စတွေကို Review လုပ်တဲ့ Review Meeting က ဘယ်လိုထားမယ် ဆိုတာကတော့ ဒီနေ့ထိ ကျွန်တော် လေ့လာမိသလောက်ဆိုရင် ချမှတ်ပြီးပြီလား မချမှတ်ရသေးလားဆိုတာ မသိသေးဘူးပေါ့နော်။ အဲဒါတွေကတော့ အခြေအနေအရ ဖြစ်လာနိုင်ဖွယ်ရှိတယ်။ ပုံမှန်အားဖြင့် သတ်မှတ်ထားဖို့လည်း လိုအပ်တယ်လို့ ကျွန်တော့်အနေနဲ့ကတော့ မြင်ပါတယ်။ ဒီလို ဦးဆောင်ကော်မတီ အနေနဲ့ သွားတာက နည်းနည်းကောင်းနိုင်တဲ့  အခြေအနေတစ်ရပ်လို့ ကျွန်တော့်အနေနဲ့ မြင်တယ်။ ဒါပေမဲ့ လက် တွေ့လုပ်ရမယ့် နေရာမှာတော့ စိန်ခေါ်မှုတွေ အများကြီး ရှိလာနိုင်တယ်လို့ မြင်တယ်။

  • မေး။ ။ဘယ်လိုစိန်ခေါ်မှုတွေ ရှိလာနိုင်လဲ။
  • ဖြေ။ ။စိန်ခေါ်မူဆိုတာက စောစောက ကျွန်တော်ပြောသလိုပေါ့လေ။ ပါတီရုံးက စစ်တွေမှာ ရှိနေတယ်။  ပါတီ ဥက္ကဋ္ဌကတော့ ရန်ကုန်မှာ နေတယ်ပေါ့နော်။ အဲလိုဆိုလို့ရှိရင် ပါတီဥက္ကဋ္ဌသည် ပါတီရုံးမှာ ထိုင်နေသည်ပဲ ထားလိုက်အုံး၊ တခြား ဦးဆောင်ကော်မတီထဲမှာ ပါနေတဲ့ ကိုးဦးပေါ့နော်၊ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး အပါအဝင် နောက်ထပ် ရွေးချယ်ထားတဲ့ ဦးဆောင်ကော်မတီ ဝန်ထမ်းရေးရာ အဖွဲ့အနေနဲ့ ဘယ်လောက်ထိ အဲဒီ Meeting ကို ပုံမှန်ထိုင်နိုင်မလဲ။ အဲလိုမျိုးတွေ ရှိတတ်ပါတယ်။ ရှိတတ်တယ်ဆိုတော့ စကားပြောတဲ့ဟာတွေကအစ သတ်သတ်မှတ် မှတ်ထားပြီး ဒီတစ်ခေါက်တော့ ပြန်ပြင်မလားလို့ ကြည့်တယ်ပေါ့နော်။ ညီလာခံကလည်း ရက်အလွန်တိုတဲ့အတွက်ကြောင့် သူတို့အနေနဲ့ ထင်သလောက် မပြီးစီးခဲ့ဘူးလို့ မြင်ပါတယ်။ အားလုံးအတွက် မချမှတ်နိုင်ခဲ့ဘူး။

ညီလာခံမှာ မချမှတ်နိုင်ခဲ့တဲ့ အရေးအရာ အားလုံးကို ပါတီဦးဆောင်ကော်မတီက လုပ်မှာလားပေါ့နော်။ အဲလို လုပ်မယ်ဆိုလည်း ကျွန်တော်ထင်တယ်၊ တချို့ကကိစ္စတွေမှာ  အခက်အခဲတော့ ရှိလာနိုင်တယ်ပေါ့။ ပါတီ မူဝါဒရေးရာ ဦးဆောင်ကော်မတီမှာလည်း စောစောက ကျွန်တော်ပြောသလို မြို့နယ်တိုင်းကလူတွေ၊ နယ်ဘက်ကလူတွေ များနေတဲ့အတွက် ဘယ်လောက်ထိ ပါတီအရေးပေါ်အခြေအနေတွေကို  သူတို့ ပူးပေါင်းပြီး ဆုံးဖြတ်နိုင်မှာလား။ အဲလိုမဟုတ်ဘဲ တချို့က ဆုံးဖြတ်သွား တယ်။ လိုအပ်လို့ ဆုံးဖြတ်သွားတဲ့အပေါ် မှာ တချို့တွေက မလိုအပ်ဘူးလို့ ထင် တာကတော့ ပထမလုပ်ခဲ့တဲ့ CEC က ဆုံးဖြတ်မယ်ဆိုတဲ့မူလည်း ဖြစ်နိုင်တယ်။ အဲဒါတွေကတော့ ကျွန်တော်တို့ သတိ ထားပြီး လုပ်ရမယ့် အလုပ်တစ်ခုဖြစ်တယ်။

  • မေး။ ။ANP မှာ အရင်တုန်းကဆိုရင် ဗဟိုအလုပ်အမှုဆောင်ကော်မတီ (CEC) တွေ အများကြီးနဲ့ ဖွဲ့စည်းခဲ့တယ်။ အခုကျတော့ လူဦးရေ လျှော့ချလိုက်ပြီးတော့ ဖွဲ့စည်းလိုက်တော့ အားနည်းချက်၊ အားသာချက်တွေ ဘယ်လိုမျိုး ဖြစ်ပေါ်လာနိုင်မလဲ။
  • ဖြေ။ ။ လက်ရှိရခိုင်ပြည်က ကိစ္စအလွန်များတဲ့ ပြည်နယ်ဖြစ်တယ်။ အဲဒီအတွက်ကြောင့် ကျွန်တော် မြင်ရသလောက်တော့ လူူအများကြီးနဲ့ ဖွဲ့စည်းတုန်းက အားသာချက်တွေ အလွန်နည်းခဲ့တယ်ဆိုတာ ကျွန်တော်တို့ ပထမ ANP  ပါတီရဲ့မူကိုကြည့်ရင် သိသာနိုင်ပါတယ်။ လူဦးရေကို လျှော့ချလိုက်တာကတော့ ကောင်းတယ်လို့ ကျွန်တော့်အနေနဲ့ မြင်တယ်။

သို့သော် ပြဿနာက ဘာလဲဆိုတော့ အဲဒီထဲမှာ ပါလာမယ့် CC တွေ CEC တွေဟာ ဘယ်လမ်းကြောင်းထဲမှာ ကျွမ်းကျင်လဲဆိုတာကတော့ အရေးကြီးတယ်။ တချို့ ဘယ်လမ်းကြောင်းမှာမှ မကျွမ်းကျင်တဲ့လူတွေလည်း ပါကောင်း ပါလာနိုင်တယ်ပေါ့နော်။ ဥပမာဆိုပါစို့ သယံဇာတရေးရာမှာ ကျွမ်းကျင်လား။ မူဝါဒရေးရာမှာ ကျွမ်းကျင်တဲ့လူလား။ နိုင်ငံတကာဆက်ဆံရေးနဲ့ ပြည်သူ့ရေးရာမှာ ကျွမ်းကျင်တဲ့လူလား။ တခြား လူထုကို Organized (စည်းရုံး) လုပ်တဲ့ အပိုင်းမှာ ကျွမ်းကျင်တဲ့လူလား။ သို့ တည်းမဟုတ် Prime (အခြေခံ) ဖက်မှာ ကျွမ်းကျင်လား။ အတွင်းအပြင်က ကျွမ်းကျင်တဲ့ လူတွေကို ကျွန်တော်တို့ ဖိတ်ခေါ်နိုင်ဖို့လိုတယ်။ အဲဒီထဲမှာ ပါဝင်စေဖို့လိုတယ်။

သို့တည်းမဟုတ် နောက်ထပ် ဝန်ထမ်းရေးရာ ညှိနှိုင်းရေးအဖွဲ့ ပုံစံမျိုးပေါ့နော်၊ အခုဆိုရင် မူဝါဒရေးရာ ဦးဆောင်ကော်မတီ ရှိတယ်။ အဲဒီကော်မတီဟာ လိုအပ်တဲ့ကဏ္ဍပေါင်း မြောက်များစွာအတွက် ကျွမ်းကျင်လားဆိုတာကို ပြန်ပြီးတော့ ကြည့်ဖို့လိုတယ်။ လူ ဦးရေကို လျှော့ချပြီးတော့ လုပ်တာက တော့ အားသာချက်အများကြီးရှိတယ်။ ဆုံးဖြတ်ချက်ကို ပိုပြီးတော့ မြန်ဆန်စေတယ်။ သို့သော် ပြဿနာက ဘာလဲဆိုတော့ နယ်ပယ်တိုင်းမှာ ကျွမ်းကျင်သူ မပါလာဘူးဆိုရင်၊ ဥပမာ ဘယ် သူကတော့ (ရခိုင်အရေးမှာ ဆက်ပြီး သွားနေကြတဲ့ အတိုင်းပေါ့လေ) ဘယ်သူကဖြင့် အရင်ကတည်းက အနစ်နာခံလာတဲ့သူ။ သူ့ကို  ထည့်ပေးရမယ်ဆိုပြီး အဲဒီအနစ်နာခံမူအပေါ်မှာ အခြေတည်ပြီးတော့ ထိုင်ပြီး အရိုအသေပေးနေသရွေ့တော့ တိုးတက်လာမှာ မဟုတ်ဘူး။

ဘာလို့လည်းဆိုတော့ အခုထိ ရခိုင်ပြည်မှာရှိတဲ့ ပါတီတွေကို ကြည့်ရသလောက်တော့ ပါတီတွေဟာ အစိုးရတစ်ရပ် ဖွဲ့နိုင်လောက်တဲ့ အခြေအနေလောက်ထိ ပြင်ဆင်ထားတာ တစ်ခုမှ မရှိဘူး။ ANP မှာလည်းမရှိဘူး။ အခုချိန်ထိ ANP မှာ သယံဇာတရေးရာ ညှိနှိုင်းရေး၊ ဥပမာ - သယံဇာတနဲ့ ရင်း နှီးမြှုပ်နှံမှုပိုင်းဆိုင်ရာ ကဏ္ဍတွေမှာ ကြီးကြပ်လုပ်ဆောင်နိုင်တယ် ဆိုတာမျိုးတွေ၊ ခုနကပြောသလို နိုင်ငံတကာရေးရာနဲ့ နိုင်ငံတကာ ဆက်ဆံရေးပိုင်းမှာ ဘယ်လိုမူဝါဒတွေကို ကိုင်တွယ်ပြီးတော့ ဘယ်လိုလူတွေက လုပ်ဆောင်နေတယ် ဆိုတာမျိုးတွေ၊ ကဏ္ဍပိုင်းဆိုင်ရာနဲ့ သွားတာမျိုးတွေ မတွေ့ရဘဲနဲ့၊ အစည်းအဝေးတစ်ခု ခေါ်ရင်တောင်မှ ဘယ်သူသွားတက် အဲလိုမျိုးသွားတာတွေ တွေ့ရတယ်။

အဲဒီတိုင်းပဲ ဆက်သွားရင် အားနည်းချက်တွေ ရှိလာမှာပဲ။ ပါတီ တစ်ခုကတော့ ကိုယ်တိုင်အစိုးရလုပ်ဖို့အတွက် ပါတီဖွဲ့ထားတာပေါ့နော်။ အစိုးရဒီဇိုင်းပုံစံကို ကျအောင် ချနိုင်ဖို့လိုတယ်။ လက်ရှိရခိုင်မှာ အခြားပါတီတွေ မပြောနဲ့အုံး။ ANP မှာ မနှစ်က လုံလောက်တဲ့ Human Resource တွေ မရှိဘူးပေါ့နော်။ အဲဒါတွေကို ဖိတ်ခေါ်ပြီးတော့ သွားနိုင်ဖို့လိုတယ်။ အခုရှိတဲ့ CC/CEC အဖွဲ့ တွေမှာလည်း ကျွန်တော်ထင်တယ်၊ ကဏ္ဍပိုင်းဆိုင်ရာနဲ့ပတ်သတ်ပြီး တစ်ထောင့်တစ်နေရာက Professional ကျကျ ကျွမ်းကျင်တဲ့လူတွေ အားနည်းနေတယ်လို့ မြင်ပါတယ်။

  • မေး။ ။ ANP ဟာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲက တစ်ပြည်နယ်လုံး အတိုင်းအတာနဲ့ အနိုင်ရရှိခဲ့တယ်။ ပြည်သူလူထု အားပေးခဲ့တာပေါ့။ ဒါပေမယ့် ပြည်သူတွေ မျှော်မှန်းသလောက် ခရီးမပေါက်တဲ့အခါ ပါတီပိုင်းကို လူထုက စိတ်ဝင်စားမှု လျော့နည်းလာတယ်။ ဆိုတော့ ၂၀၂၀ ရွေးကောက်ပွဲတွေမှာ လူထုကို ဘယ်လို နည်းလမ်းသစ်တွေနဲ့ ချဉ်းကပ်သင့်လဲ။
  • ဖြေ။ ။ လူထုကတော့ ကျွန်တော် ထင်တယ်။ ၂၀၁၅ တုန်းက ANP နိုင်တယ်။ ပူပူနွေးနွေး အနိုင်ရထားတဲ့ပါတီ ဖြစ်တဲ့အတွက် ၂၀၂၀ မှာလည်း အားသာချက်တွေ များကောင်းများလာ နိုင်တယ်။ တစ်ခုတော့ရှိတာပေါ့။ ဒေါက်တာအေးမောင် လွတ်လာတယ်ဆိုရင်တော့ ANP ဟာ  ဒေါက်တာအေးမောင်ပါတီနဲ့ ယှဉ်ပြိုင်ရမယ်။ ကျွန်တော်သိသလောက် ဆိုလို့ရှိရင်တော့ ဒေါက်တာအေးမောင်ကို ထောက်ခံတဲ့လူတွေ တော်တော်များတာကို တွေ့ရတယ်။

ဆိုတော့ ANP  ရဲ့ အဓိကပြိုင်ဘက်ဟာ ဒေါက်တာအေးမောင်ပါတီ ဖြစ်လာမယ်။ သို့သော် ဒေါက်တာအေးမောင် မလွတ်ဘူး။ ၂၀၂၀ ထိ မလွတ်သေးဘူး ဆိုလို့ရှိရင်တော့ သေချာတယ်။ ANP ပါတီကိုယှဉ်ဖို့ ခက်လိမ့်မယ်။ သူရဲ့ အမာခံပရိသတ်က ရှိနေပြီးသားဆိုတော့လေ။ လူထုမှာလည်း တခြားရွေးချယ်စရာမရှိဘူး။ ALD ဆိုရင်လည်းပဲ သူ့ Brand က မပေါက်တော့ ဘူးလေ။ NLD ကလည်း ပြောရမယ်ဆို ထိုင်ခုံမှာ နေရာရတာပဲရှိတာ။ မရှိဘူး လို့မြင်တယ်။

ကျွန်တော် စောစောကပြော သလိုပဲ ၂၀၁၅ ကနေ ၂၀၂၀ ထိ အမှတ်တွေ အများကြီးရခဲ့တယ်။ လူထုထောက်ခံမှုတွေ အများကြီးရခဲ့တယ်။ ဒါပေမဲ့ လုပ်ပိုင်ခွင့်တွေနဲ့ အခြားနေရာတွေမှာ ဒီမိုကရေစီပိုင်း ဆိုင်ရာတွေကအစ အားနည်းတာ တွေ့ရတယ်။ အဲဒါတွေက ဘာနဲ့ဆိုင်လဲဆိုတော့ စနစ်တစ်ခုလုံးကို လျှော့ချမယ်ဆိုတာထက် ကျွန်တော်တို့သိတဲ့ ANP ပါတီမှာလည်း Institution (အဖွဲ့အစည်း)  လည်ပတ်မှုပိုင်း အလွန်အားနည်းတာကို တွေ့ရပါတယ်။ သက်ဆိုင်ရာ Institution တွေကို သူတို့ ကောင်းကောင်း မတည်ဆောက်နိုင်ကြဘူး။ အမတ်တွေကလည်း အမတ်ဖြစ်သွားရင် လွှတ်တော်ထဲမှာ သူတို့အလုပ် ကိုသူတို့လုပ်နေကြတယ်။

မြို့နယ်တွေဘက်မှာ ANP ပါ တီရုံး ဖြစ်သွားတယ်ဆိုတော့ လူထုဘာလိုအပ်လဲ ဆိုတဲ့  Local Contact ကို သူတို့ ကောင်းကောင်းနားမလည်ဘူးလို့ ပြောလို့ရတယ်။ ဒီတစ်ခေါက်လည်း ဖြစ်ရိုးဖြစ်စဉ်အတိုင်းပဲ ချဉ်းကပ်သွားမှာပဲ။ ကျွန်တော်ဖြစ်စေချင်တာကတော့ ပါတီသည် ပါတီ Institution ကောင်းကောင်းတည်ဆောက်ရမယ်။ ရခိုင်ပြည်နယ်မှာ အကျင့်ပျက်ခြစားမှု အရမ်းများ နေတဲ့ ပြည်နယ်ဖြစ်တယ်။ ANP အနေ နဲ့ ကြိုပြီးတော့ ထုတ်ပြန်ထားတာ ဘာ မှမရှိဘူး။ နောက်တစ်ခုက ရခိုင်ပြည်ထဲမှာရှိတဲ့ CSO တွေရဲ့အခန်းကဏ္ဍကို အစိုးရကပဲ အသိအမှတ်မပြုတာ မဟုတ်ဘူး။ ANP ကလည်း အသိအမှတ် မပြုဘူး။ အဲဒီအားတွေကို သူတို့ရဲ့ Institution ထဲမှာ ဘယ်လို ထည့်သုံးသွားမလဲဆိုတဲ့ မဟာဗျူဟာတစ်ခုကို ရေးဆွဲပြီးတော့ သွားသင့်တယ်။ အဲလိုမဟုတ်ဘူးဆိုရင်တော့ ဒီပုံစံအတိုင်းပဲ ၂၀၂၀ ထိ ဆက်သွားမှာပဲ။

  • မေး။ ။ ANP မှာ ပါတီဥက္ကဌတာဝန်ကို ထမ်းဆောင်ခဲ့တဲ့ ဒေါက်တာအေးမောင်ဟာ ပါတီက အခုထွက်သွားပြီ။ သူ ပါတီမှာ ရှိနေခဲ့တဲ့အချိန်နဲ့ ထွက်သွားပြီးနောက်ပိုင်း အခြေအနေ ဘယ်လို ကွာခြားမှုတွေကို တွေ့လဲ။
  • ဖြေ။ ။ ဒေါက်တာအေးမောင် ရှိခဲ့တဲ့ အချိန်တုန်းကတော့ ပါတီကို ထောက်ခံမှုများတယ်။ ဒေါက်တာအေးမောင် ထွက်သွားပြီး နောက်ပိုင်းတော့ ကျွန်တော်ထင်တယ် ရာခိုင်နှုန်း တော်တော်များများပေါ့  ၅၀% လောက်က ပါတီကို စိတ်ဝင်စားမှု ကျဆင်းသွားတယ်လို့ မြင်တယ်။
  • မေး။ ။ANP ပါတီအနေနဲ့ ဒေါက်တာအေးမောင်အလွန် ကာလတွေမှာ ဘယ်လိုပုံစံမျိုး ဆက်သွားသင့်လဲ။ 
  • ဖြေ။ ။ဒေါက်တာအေးမောင်ကကျတော့ သူက နည်းနည်း Populism (လူထုထောက်ခံမှု)ကို နိုင်တယ်ပေါ့လေ။ သူကတော့ Professionalism (ကျွမ်းကျင်မှု) သမားတစ်ယောက်မဟုတ်ဘူး။  Populism သမားတစ်ယောက်ဖြစ်တယ်။ Popular  ဖြစ်မှုအပေါ်မှာ သွားတယ်လို့ ကျွန်တော့်အနေနဲ့ မြင်ပါတယ်။ ANP  မှာတော့ တချို့ ခေါင်းဆောင်ပိုင်းထဲမှာပါတဲ့ ဦးဦးလှစောတို့ ဆိုလို့ရှိရင် လုံး၀ Professionalism ပေါ့နော်။ လူထုအကြိုက်လည်း လိုက်မပြောဘူး။ 

သူူတို့ရဲ့ နိုင်ငံရေးအမှန်တရားထဲမှာပဲ ရှိနေတာ။ နိုင်ငံရေးထဲမှာပဲ ရှိနေမယ်ဆိုတဲ့ ပုံစံနဲ့ပဲ သွားတယ်ပေါ့နော်။ တချို့ ကဏ္ဍတွေမှာလည်း ဒေါက်တာအေးမောင်လိုလူတွေ အများကြီးလိုအပ်တယ်။ ANP မှာက ကျွန်တော်မြင်သလောက် ဆိုလို့ရှိရင် မူဝါဒရေးရာ ဦးဆောင်ကော်မတီကပဲ အဓိက ဒီမဟာဗျူဟာတွေကို ချမှတ်ပြီးတော့ ကျန်တဲ့ CC/CEC  တွေက ဆက်ပြီးတော့ အကောင်အထည် ဖော်သွားမယ်ဆိုတဲ့ ပုံစံကို တွေ့ရတယ်ပေါ့နော်။ အမှန်ကတော့ ဒေါက်တာအေးမောင် ကတော့ စည်းရုံးရေးအားကတော့ တော်တော်သာတယ်။

  • မေး။ ။ ANP ဟာ အခုဆိုရင် ပါတီတွင်း စည်းလုံးမှုပြိုကွဲလို့ တစ်ချို့က နှုတ်ထွက်တယ်။ ထုတ်ပယ်ခံရတာ ရှိတယ်။ သူတို့တွေဟာ ပါတီအသစ်တွေ ထောင်လိုက်တာတွေရှိတာပေါ့။ ဆိုတော့ ANP ပါတီအနေနဲ့ တခြား ရခိုင်ပါတီတွေနဲ့ ဘယ်လိုပုံစံမျိုး သွားသင့်လဲ။
  • ဖြေ။ ။ ANP ပါတီညီလာခံ အဖွင့်နေ့က ဆရာမဒေါ်အေးနုစိန်တို့ ပြောသွားတာတွေရှိပါတယ်။ အဲဒါက ကျွန်တော်ထင်တယ်။ အခု ကွဲထွက်သွားတယ်ဆိုတဲ့ ပါတီတွေအားလုံးက အားလုံးပူးပေါင်းခဲ့ကြတဲ့ ပါတီတွေထဲက ဖြစ်တယ်ပေါ့နော်။ ဘာလို့လဲဆိုတော့ ဆရာမဒေါ်အေးနုစိန် အဖွင့်ပွဲနေ့က ပြောသွားတဲ့ စကားတချို့ကို ပြန်ပြီး သုံးသပ်ရသလောက်တော့ ANP ပါတီပဲ မှန်နေတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ သွားနေတာမျိုးတွေ တွေ့ရတယ်။ အဲဒါသည် ANP ပါတီရဲ့ တကယ့် Varitier သူတို့သွားမယ့် Romance တစ်ခုဆိုလို့ရှိရင် အခြားပါတီတွေနဲ့ ပူးပေါင်းနိုင်ဖို့ ခက်မယ်လို့ မြင်တယ်။

သေချာတာကတော့ ရခိုင်မှာ လက်ရှိ ရှိနေတဲ့ ခေါင်းဆောင်တွေရဲ့ လက်ထဲမှာ မပူးပေါင်းနိုင်ဘူး ဆိုလို့ရှိရင် ANP သည် အနာဂတ်ကာလမှာ ရခိုင်ပြည်ရဲ့ တစ်ခုတည်းသောပါတီ ဖြစ်လာအောင် နောက်လူတွေအနေနဲ့ ပါတီရဲ့ လူငယ်တွေအနေနဲ့ ကြိုတင်ပြင်ဆင်ထားဖို့ လိုတယ်လို့ ကျွန်တော့်အနေနဲ့ မြင်ပါတယ်။ လက်ရှိအချိန်မှာတော့ ANP ပါတီရဲ့ ဘယ်မူအတိုင်း သွားမယ်ဆိုတာ တိတိကျကျမသိရသေးတဲ့ အချိန်ဆိုတော့ ပြောဖို့နည်းနည်း ခက်တယ်ပေါ့နော်။

မဟာ Partner ပုံစံအတိုင်းပဲ သွားမှာလား။ ပူးပေါင်းဖို့အတွက် အခြားပါတီတွေဘက်ကို သွားမယ့် Objective (ရည်ရွယ်ချက်) တွေ ဖွင့်ပေးထားမလား ဆိုတာတော့ လက်ရှိအချိန်ထိ မမြင်ရသေးဘူး။ တချို့ခေါင်းဆောင်တွေ ပြောတဲ့အခြေအနေအရ ဆိုရင်တော့ ကျွန်တော်ထင်တယ် သူတို့သည်  အင်အားကြီးပါတီတစ်ရပ်အဖြစ် ကိုယ့်ကိုကိုယ် သတ်မှတ်ထားတယ်လို့ မြင်တယ်။ အဲဒါက ရခိုင်ပြည်ရဲ့ အနာဂတ်အတွက် ကောင်းတဲ့ အခြေအနေတစ်ခုတော့ မဟုတ်ဘူးပေါ့။

  • မေး။   ။ANP ရဲ့ နိုင်ငံရေး၊ ပါတီလှုပ်ရှားမှုနဲ့ပတ်သက်ပြီး ဘယ်လိုသုံးသပ်မိလဲ။
  • ဖြေ။    ။ရခိုင်အမျိုးသားပါတီရဲ့ လှုပ် ရှားမူတွေကတော့ တချို့ကဏ္ဍတွေမှာ ရခိုင်ပြည်နယ်ထဲမှာတော့ အလုပ်လုပ် နိုင်ဆုံး ပါတီတစ်ခုပေါ့လေ။ တခြားပါတီတွေကလည်း အဲလိုမလုပ်နိုင်ဘူး။ လက်ရှိ စစ်ရေးပဋိပက္ခတွေမှာ ရပ်တည်တဲ့အပိုင်းတွေမှာ သူတို့ကောင်းပါတယ်။ သူတို့ အလုပ်လုပ်နိုင်ခဲ့တယ်ပေါ့နော်။ သူတို့ အခုဆိုလို့ရှိရင် လူထုအတွက် အစီရင်ခံစာတွေ တင်နိုင်ခဲ့တယ်ပေါ့နော်။ သူတို့လုပ်နိုင်ခဲ့တာတွေ အများကြီးကောင်းတယ်လို့ ကျွန်တော့်အနေနဲ့ မြင်တယ်။ သို့သော် ANP ပါတီကလည်း ကျွန်တော်ပြောသလိုပဲ သူတို့တွေမှာလဲ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေနဲ့ ငွေကြေးပြဿနာတွေ ရှိနေတယ်။

ငွေကြေးပြဿနာဆိုတာက ကျွန်တော်တို့ တိုင်းရင်းသားပါတီတွေမှာ ပါတီအလုပ်လုပ်ဖို့အတွက် လိုအပ်တဲ့ငွေကြေး မရှိဘူး။ အဲဒီအတွက်ကြောင့် သူတို့အလုပ်လုပ်တဲ့အပိုင်းတွေမှာ အခက်အခဲ တစ်စုံတစ်ရာ ရှိလာတယ်လို့ ကျွန်တော့်အနေနဲ့ မြင်ပါတယ်။ နောက်ပြီးတော့ အလုပ်လုပ်တတ်မှုအပိုင်းအတွက် ကျွန်တော်တို့ Train ပေးနေတာတွေ အားနည်းတယ်။ ပါတီဝင် လူငယ်တွေကို ပဲဖြစ်ဖြစ်၊ ပါလီမန်အမတ်တွေ တခြား သက်ဆိုင်ရာမြို့နယ်က CCတွေ CEC တွေက အစပေါ့နော်။ ပါတီရဲ့လိုအပ်ချက် Institution တစ်ခု တည်ဆောက်လာဖို့အတွက် တကယ့်ကို လူထုရဲ့ လိုအပ်ချက် အခြေအနေတစ်ရပ်ကို ရဖို့အတွက် Training ပေးတဲ့အပိုင်းတွေကို သူတို့ လုပ်နိုင်စွမ်း မရှိခဲ့ကြဘူးပေါ့။

အဲဒါသည် အမှန်တကယ် လုပ်ဖို့လို အပ်တဲ့ အခြေအနေတစ်ရပ်ဖြစ်တယ်။ စောစောက ကျွန်တော်ပြောသလို ဒီ ရခိုင်ပြည်တွင်းထဲမှာ ရှိနေတဲ့ ဆေးရုံကိုကြည့်ကြည့် တရားရုံးကိုပဲကြည့်ကြည့် လဝကကိုပဲကြည့်ကြည့် ထွေ/အုပ်ကို ကြည့်ကြည့် အကျင့်ပျက်ခြစားမှုက ပလူပျံနေတယ်။ ထိပ်ဆုံးကို ရောက်နေတယ်။ သို့သော် ANP ပါတီဟာ အင်အားကြီးပါတီအနေနဲ့ လူထုအတွက် အဲဒီမတရားမှုတွေကို တစ်ခုမှ မဖော်ထုတ်နိုင်ဘူး။

အဲဒါကိုက Institution  မကျဘူးလို့ ပြောလို့ရတယ်။ အဲဒါကလည်း သူတို့ မလုပ်နိုင်ခဲ့တဲ့ အလုပ်တစ်ခုဖြစ်တယ်။ ဒါပေမဲ့ တစ်ဖက်မှာရှိနေတဲ့ စစ်ရေးပဋိပက္ခတို့ အခြားပိုင်းတို့မှာတော့ လုပ်နိုင်တယ်လို့ ပြောလို့ရတယ်ပေါ့။ သို့သော် လိုအပ်တဲ့ အခြေအနေ တစ်ရပ်ကို ရဖို့အတွက်ကတော့ သူတို့ကို ပံ့ပိုးပေးဖို့တော့ လိုအပ်တယ်ပေါ့။ ငွေကြေးပိုင်းတွေရော၊ သို့သော် သူတို့ ပါတီခေါင်းဆောင်တွေကလည်း အဲဒီအပေါ်မှာ ဘယ်လောက်ထိ နားလည်နိုင်မလဲဆိုတဲ့ အခြေအနေပေါ်မှာလဲ မူတည်သေးတယ်ပေါ့။ ဟိုတစ်ခေါက် အင်တာဗျူးမှာ မူဝါဒရေးရာ ဦးဆောင်ကော်မတီက ဦးထွန်းအောင်ကျော် ဖြေသွားသလိုပေါ့နော် AA ရှိနေခြင်းပင်လျှင် ရခိုင် ပါတီနိုင်ငံရေးတို့အတွက် စိန်ခေါ်မှုအခက်အခဲတွေ ဖြစ်စေတယ် ဆိုတဲ့ အယူအဆမျိုးနဲ့ သွားမယ်ဆိုရင်တော့ ရခိုင်ပြည်မှာ လွယ်ကူတဲ့ အခြေအနေတစ်ရပ်တော့ မဟုတ်ဘူးပေါ့။

  • မေး။ ။နောက်ဆုံးအနေနဲ့ ဘာတွေ ဖြည့်စွက် ပြောချင်ပါသလဲ။
  • ဖြေ။    ။အဓိကတော့ ဒီရခိုင်ပြည်က အခုဆိုလို့ရှိရင် ဆင်းရဲမှု၊ မွဲတေမှုအရ ပြောတာထက် ဒီ Nationalism အမျိုး သားရေးဆိုင်ရာ အယူအဆတွေက ပိုပြီးတော့ လွှမ်းမိုးလာတဲ့ကာလ ဖြစ်တယ်ပေါ့နော်။ လူထုတစ်ရပ်လုံးက အမျိုး သားရေးဆိုင်ရာ စိတ်ဓာတ်ကို ပိုလွှမ်းမိုးလာတယ်။ အခုဆိုလို့ရှိရင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးကို ပြောနေကြတဲ့ အခြေအနေတစ်ရပ်လည်း ဖြစ်တယ်။ ပြည်တွင်းမှာလည်း စစ်ပွဲတွေ အများကြီးဖြစ်နေတယ်။

ANP ပါတီအနေနဲ့ကကျတော့ လူတွေရဲ့ လိုအပ်ချက်ပေါ်မှာ အခုသွားနေတဲ့ နိုင်ငံရေးလှိုင်းပေါ့နော်၊ အမျိုးသားရေးလှိုင်းလို့ပဲပြောပြော၊ ရခိုင်နိုင်ငံရေးလှိုင်းလို့ပြောပြော အဲဒီပေါ်မှာ ANP ပါတီကတော့ အလိုက်သင့် စီးဆင်းသွားနိုင်တဲ့ အခြေအနေတစ်ရပ်ကို လုပ်ထားဖို့လိုတယ်လို့ ကျွန်တော့်အနေနဲ့မြင်တယ်။ မဟုတ်ဘူးဆိုရင်တော့ လူထုရဲ့ လိုအပ်ချက်နဲ့ လွဲသွားနိုင်တယ်။ အဲဒါကတော့ ANP ပါတီ တစ်ခုတည်းမဟုတ်ဘူး တခြား ရခိုင်ပါတီတွေလည်း အားလုံး အဲဒီအတိုင်း ဖြစ်သင့်တယ်လု့ိ ကျွန်တော့်အနေနဲ့ မြင်ပါတယ်။

 

 

ဗီဒီယိုများ