မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်းအား DMG မှဆက်သွယ် မေးမြန်းချက်

လက်ရှိဖြစ်ပေါ်နေသော ရာသီဥတုဖြစ်စဉ်များနှင့် မကြာမီရောက်ရှိလာတော့မည့် မိုးရာသီနှင့်ပတ်သက်၍ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်းအား DMG မှဆက်သွယ် မေးမြန်းချက်

12 May 2021

DMG ၊ မေ ၁၂

မေး။ လက်ရှိရာသီဥတုအခြေအနေ ဘယ်လိုရှိနေတယ်ဆိုတာ ပြောပြပေးပါအုန်းခင်ဗျ။

ဖြေ။ လက်ရှိကတော့ မိုးကြိုကာလလို့ပြောလို့ရပါတယ်။ နွေကာလနဲ့ မိုးကာလ အကူးအပြောင်း ကာလပေါ့နော်။ ဒီလိုကာလတွေကို မိုးကြိုကာလလို့ ပြောလို့ရတယ်။ လက်ရှိက မုတ်သုံလည်း မဝင်သေးတဲ့အတွက် မိုးကာလလို့ ပြောလို့မရသေးဘူး။ လက်ရှိမှာ တချို့နေရာတွေမှာ မိုးရွာနေတာတွေတော့ ရှိနေတယ်။ အခုလိုရွာတာတွေကလည်း မုတ်သုံးမိုးတော့မဟုတ်ဘူး။ မိုးကြိုကာလမှာဖြစ်လေ့ဖြစ်ထရှိတဲ့ နေ့အပူချိန်တွေ မြင့်တက်ရာက ဖြစ်လာတဲ့ အပူပျံတက်တိမ်တွေကြောင့် မိုးတွေရွာတာပါ။ အပူပျံတက်တိမ်ဆိုတာ များသောအားဖြင့် နေအပူချိန်ကြောင့် နေ့ဘက်မှာ အပူချိန်တွေမြင့်လာပြီး ပူနွေးတဲ့လေတွေက အထက်ကို ပျံတက်ကြတယ်။ ပြီးတော့ သူတို့က ငွဲ့ရည်ဖွဲ့ပြီးတိမ်ဖြစ်ကုန်တယ်။ ဒီတိမ်တွေကို မိုးတိမ်တောင်လို့ခေါ်တယ်။ ဒီတိမ်တွေက အားကောင်းလာရင် မိုးကြိုးတိမ်တိုက်တွေဖြစ်လာနိုင်တယ်။ မိုးကြိုးတိမ်တိုက်ဆိုတာက မိုးရွာတာနဲ့ မိုးကြိုးပစ်တာတွေ။ လေပြင်း တိုက်တာတွေပါ ဖြစ်စေနိုင်တဲ့ တိမ်မျိုးပေါ့နော်။ ဒါတွေက အခုကာလမှာအဖြစ်များတော့ လက်ရှိအနေထားမှာ ဒါတွေကြောင့် မိုးတွေရွာတာရှိတယ်။ တချို့ နေရာတွေမှာဆိုရင် မိုးမရွာခင်လေပြင်းတိုက်တာတွေ မိုးခြိမ်းတာတွေရှိတယ်။ လက်ရှိကာလက ဒါတွေအဖြစ်များတဲ့ကာလပါပဲ။

မေး။ မိုးကြိုကာလတွေမှာ ဘာတွေကို ဂရုစိုက်သင့်ပါသလဲခင်ဗျာ။

ဖြေ။ မိုးကြိုကာလတွေမှာ နေ့အပူချိန်တွေမြင့်မားတာကြောင့် မွန်းလွဲညနေပိုင်းတွေမှာ မိုးတိမ်တောင်တွေ အဖြစ်များတဲ့အတွက် လေပြင်းတိုက်တာတွေ၊ မိုးသည်းထန်စွာရွာတာတွေ၊ မိုးကြိုးပစ်တာတွေဖြစ်တက်တယ်။ တစ်ခါတရံမှာ မိုးကြိုကာလတွေမှာ တိုက်တဲ့လေတွေက တစ်နာရီမှာ မိုင် ၄၀ ကနေ ၄၅ မိုင်အထိ တိုက်နိုင်တာကို သတိထားရမယ်။ ဒီလေတိုက်နှုန်းက မုန်တိုင်းငယ်တွေရဲ့ လေတိုက်နှုန်းလောက်ရှိတယ်လေ။ ဒီလိုကာလတွေမှာ မိုးတိမ်တောင်တွေကြောင့် လေတိုက်တာကို မုန်တိုင်းရှိသလားဆိုပြီး စိုးရိမ်စိတ်ဖြစ်တက်တာကြောင့် ဒါကိုလည်း သတိပြုရမယ်။ ဒီကာလတွေမှာ လေပြင်းတိုက်တာနဲ့ မိုးကြိုးပစ်တာတွေကို သတိထားဖို့လိုမယ်။ ကျွန်တော်တို့ ဌာနအနေနဲ့လည်း မုန်တိုင်းရှိမရှိကို အမြဲထုတ်ပြန်ပေးနေတာကြောင့် ကောလဟာလတွေကို သတိထားစေလိုပါတယ်။

မေး။ လက်ရှိမှာ မုတ်သုံကမဝင်သေးဘူးဆိုတော့ မြန်မာနိုင်ငံကို မုတ်သုံဘယ်အချိန်မှာ စပြီးဝင်လာနိုင်ပါသလဲ။

ဖြေ။ မုတ်သုံကတော့ မေလ ၁၅ ရက်နေ့နောက်ပိုင်းလောက်မှ မြန်မာနိုင်ငံတောင်ပိုင်းကို စပြီးဝင်မယ်လို့ ခန့်မှန်းထားပါတယ်။ မုတ်သုံက မြန်မာနိုင်ငံကို တောင်ပိုင်းကနေစဝင်မယ်၊ ပြီးရင် မြစ်ဝကျွန်းပေါ် နောက်တစ်ဆင့် မြန်မာနိုင်ငံအလယ်ပိုင်း ကနေမြောက်ပိုင်းအထိ တက်သွားတာဆိုတော့ လာမယ့် ဇွန်လဆန်း လောက်မှာဆိုရင် မြန်မာတစ်နိုင်ငံလုံးကိုဝင်လိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ ဒီနှစ်မုတ်သုံးကတော့ ပုံမှန်အနေအထားလောက်ရှိတယ်လို့တော့ ပြောလို့ရပါသေးတယ်။ များသောအားဖြင့်ကတော့ အခုနောက်ပိုင်း မုတ်သုံတွေက စောမလာကြတော့ဘူး။ နောက်ကျပြီးမှပဲ ဝင်လာကြတာတွေ့နေရတယ်။ နောက်ပြီး အချို့နှစ်တွေမှာတော့ မုန်တိုင်းဖြစ်ပြီးမှ မုတ်သုံဝင်တက်တာမျိုးတွေ့ရတယ်။ သို့သော် နှစ်တိုင်းလိုတော့မဟုတ်ဘူး။ ဒီနှစ်ကတော့ စောင့်ကြည့်ရမှာပေါ့ ဒီနှစ်မေလဆန်းမှာတော့ မုန်တိုင်းဖြစ်ဖို့ကိုတော့ မတွေ့ရသေးပါဘူး။

မေး။ ရခိုင်ပြည်နယ်ကိုရော မုတ်သုံက ဘယ်အချိန်ဝင်နိုင်ပါမလဲခင်ဗျာ။

ဖြေ။ ရခိုင်ကကျတော့ မြစ်ဝကျွန်းပေါ်နဲ့ မြန်မာနိုင်ငံအလယ်ပိုင်းကို ဝင်တဲ့ကြားမှာ မုတ်သုံဝင်လေ့ရှိပြီး လအားဖြင့်ဆိုရင် မေလကုန်လောက်မှာ စပြီးဝင်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ စောရင်လည်းတစ်ရက်နှစ်ရက် နောက်ကျရင်လည်း တစ်ရက်နှစ်ရက်ပေါ့။ ဒါက ပုံမှန်ဝင်နေကျလို့ပြောလို့ရပါတယ်။ ဒါပေမယ့် မုတ်သုံဝင်မှ မိုးရွာတာမဟုတ်ပဲ မုတ်သုံမဝင်ခင်ကာလတွေမှာဖြစ်တဲ့ မိုးလေဝသဖြစ်စဉ်တွေကြောင့်လည်း မိုးကရွာတတ်တယ်ဆိုတာကို သတိရပ်ဖို့လိုပါမယ်။ မုတ်သုံကတော့ မိုးပုံမှန်ရွာပေမယ့် မိုးကြိုကာလတွေမှာတော့ ပူလာလိုက်မိုးရွာချလိုက်နဲ့ပေါ့။ လက်ရှိမှာတော့ ရခိုင်ပြည်နယ်ထဲမှာ မိုးတိမ်တောင်တွေကြောင့် နေရာကွက်ကြား မိုးရွာတာတွေတော့ရှိနေပါတယ်။

မေး။ ဒီနှစ်မိုးရာသီကာလတွေမှာ ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းဖြစ်နိုင်ခြေဘယ်လောက်ရှိနေပါလဲ။

ဖြေ။ လက်ရှိအနေအထားအရ မုတ်သုံရာသီရဲ့ မိုးဦးကာလ (မုတ်သုံဝင်ရောက်သည့်ရက်မှ ဇွန်လကုန်အထိ) မှာတော့ မုန်တိုင်းတစ်ကြိမ်ဖြစ်လာနိုင်တယ်။ ဒီလိုကာလတွေမှာ ဖြစ်တဲ့မုန်တိုင်းတွေက လေကြောင်းအရ မြန်မာ့ကမ်းရိုးတန်းဘက်ကို လာလေ့လာထရှိတယ်။ လုံးဝကြီး လာမယ်လို့တော့ ပြောတာမဟုတ်ဘူး။ မိုးကြိုကာလမှာဖြစ်တဲ့ မုန်တိုင်းတွေက မြန်မာ့ကမ်းရိုးတန်းကို ဖြတ်လေ့ရှိတယ်။ အဲ့ဒီတော့ ဒါကို ဒီမေလအလယ်လောက် ကတည်းက စပြီးသတိပြုဖို့လိုတယ်။ မိုးလယ် (ဇူလိုင်လဆန်းမှ သြဂုတ်လကုန်အထိ) ကာလမှာလည်း ဘင်္ဂလား ပင်လယ်အော်မှာ မုန်တိုင်းနှစ်လုံးလောက်ဖြစ်နိုင်ချေရှိတယ်။ ဒီကြားထဲမှာတော့ လေဖိအားနည်းရပ်ဝန်း လေးကြိမ်လောက် ဖြစ်နိုင်ခြေတွေတွေ့နေရသေးတယ်။

မိုးလယ်ကာလတွေမှာဖြစ်တဲ့ မုန်တိုင်းတွေဟာ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းမှာ ဖြစ်တာများပြီး အိန္ဒိယနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ့်နိုင်ငံဘက်ကို သွားတာများတယ်။ မြန်မာနိုင်ငံဘက်ကို လာလေ့မရှိဘူး။ နောက်ပြီး မိုးနှောင်းကာလ (စက်တင်ဘာတစ်ရက်မှ မုတ်သုံထွက်ခွာသည်အထိ) မှာလည်း ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်း သုံးကြိမ်နဲ့ မုန်တိုင်းတစ်ကြိမ်ဖြစ်နိုင်ချေရှိနေတယ်။ ဒီမိုးနှောင်းကာလမှာလည်း လေစီးကြောင်း ပုံစံတွေအရ သတိပြုရမယ်။ မြန်မာနိုင်ငံအတွက် မိုးဦးကာလနဲ့ မိုးနှောင်းကာလတွေမှာ ဖြစ်တဲ့ မုန်တိုင်းတွေကို သတိထားရမယ်။ နောက်ပြီး မိုးလေဝသဌာနကထုတ်ပြန်တဲ့ မုန်တိုင်းသတင်းကိုလည်း သတိပြုကြစေလိုပါတယ်။

ဗီဒီယိုများ