ဒုစရိုက်မှုများလာသော စစ်တွေမြို့က ပြည်သူများ၏ စိုးရိမ်သံ 

လက်ရှိမှာ စစ်တွေမြို့အတွင်း ခိုးဆိုးလုယက်မှု များလာတဲ့အပေါ် ဒေသနေပြည်သူများ၏ စိုးရိမ်မှုများနှင့် သဘောထားအမြင်များကို DMG က မေးမြန်းထားသည်။

By Admin 01 Mar 2023

ဒုစရိုက်မှုများလာသော စစ်တွေမြို့က ပြည်သူများ၏ စိုးရိမ်သံ 

DMG (Vox Pop)

ရခိုင်ပြည်မြို့တော် စစ်တွေမြို့မှာ ခိုးဆိုးလုယက် ဒုစရိုက်မှုများ တဖြည်းဖြည်း များပြားလာနေသည့်အတွက် မြို့နေပြည်သူများမှာ စိုးရိမ်စိတ်များဖြစ်ပေါ်ပြီး လုံခြုံမှုကင်းမဲ့နေသလို ခံစားနေကြရသည်။ 

စစ်တွေမြို့အတွင်းမှာ ညအချိန်သာမက နေ့ခင်းအချိန်မှာတောင် ဖုန်း၊ လက်ကိုင်အိတ်များကို ဆိုင်ကယ်ပေါ်ကနေ လုယက်ထွက်ပြေးမှုများ၊ အုပ်စုဖွဲ့လုယက်မှုများ ရှိလာနေသည်။ 
ယခုကဲ့သို့ စစ်တွေမြို့အတွင်း ဒုစရိုက်မှုများပြားလာခြင်းမှာ တရားဥပဒေစိုးမိုးမှု မရှိခြင်းနှင့် ကျူးလွန်သူများကို သက်ဆိုင်ရာအာဏာပိုင်များက ထိရောက်စွာအရေးယူဆောင်ရွက်မှု မရှိခြင်းကြောင့်ဖြစ်သည်ဟု ဒေသခံများက ရှုမြင်ကြသည်။ 

လက်ရှိမှာ စစ်တွေမြို့အတွင်း ခိုးဆိုးလုယက်မှု များလာတဲ့အပေါ် ဒေသနေပြည်သူများ၏ စိုးရိမ်မှုများနှင့် သဘောထားအမြင်များကို DMG က မေးမြန်းထားသည်။

ဒေါ်ရီရီညွန့် (ကွမ်းယာအရောင်းဆိုင်)

အရင်ကဆိုရင် အေးဆေးသွားလို့ရတယ်။ အခုက အပြင်ထွက်ရတာ အဆင်မပြေဘူး။ ဖုန်းကိုင်သွားရင်လည်း လိုက်လုတယ်။ ဟိုဟာလုလိုက်၊ ဒီဟာလုလိုက်နဲ့ အေးဆေးမဖြစ်ဘူး။ တစ်ခုခုသွားဝယ်လို့ရှိရင်လည်း အလုခံရမလားဆိုပြီး ခံစားနေရတယ်။ အခုက လုယက်ခံရတာ များတယ်။ သူတို့လိုချင်တာကို ရဖို့အတွက် ထိုးချင်ထိုးမှာ၊ ရိုက်ချင်လည်းရိုက်မှာ။ 

အခုဆိုင်မှာတောင် တစ်ယောက်တည်း မရောင်းရဲတော့ဘူး။ တစ်ခုခုဖြစ်ရင်ဆိုတဲ့စိတ်နဲ့ အကုန်လုံးကို လိုက်ကြည့်ထားရတယ်။ လုံခြုံရေးအခြေအနေက မကောင်းဘူး၊ ပိုဆိုးလာတယ်။ လုယက်တယ်၊ ခိုးတယ်။ အရင်တုန်းက ဒီလိုမျိုးမဟုတ်ဘူး။ အခုက ပိုဆိုးလာတယ်။ ဘယ်ကရောက်လာကြမှန်းမသိဘူး။

စိုးရိမ်မှုတွေ အရမ်းများတယ်။ လုံခြုံရေးတွေ ချထားပေးသင့်တယ်။ အပြင်ထွက်ရင် မလုံခြုံဘူး။ ဟိုဘက်ကလုမလား၊ ဒီဘက်ကလုမလား ဆိုတာကို ကြောက်နေရတယ်။ လုံခြုံရေးတွေထားရင် ရခိုင်ပြည်အေးချမ်းတာပေါ့။ ဥပမာ - CCTV တွေဘာတွေ တပ်တာတို့ပေါ့။ ဒါပေမဲ့ အခုနောက်ပိုင်းက CCTV တပ်ထားရင်လည်း တရားခံကို ရှာတွေ့တာမဟုတ်ဘူး။ တုတ်တုတ်သုံးဘီးတွေ ပျောက်တယ်။ ဆိုင်ကယ်ဆိုရင်လည်း အဲလိုပဲ။ စိတ်မချရဘူး။ 

မနန္ဒာဦး (ဖုန်းလုယက်မှုနှင့်ကြုံတွေ့ခဲ့ရသူ) 

စစ်တွေဆိုတာက တက္ကသိုလ်ကျောင်းသား/သူတွေ ကျောင်းတက်တဲ့ နေရာလည်းဖြစ်တယ်ဆိုတော့ နယ်ကနေ ကျောင်းတက်ခိုင်းလိုက်တဲ့ မိဘတွေအနေနဲ့ဆိုရင်လည်း စိုးရိမ်မှုတွေရှိတယ်။ 

အခုက အပြင်ထွက်မယ်ဆိုရင် စိုးရိမ်စိတ်တွေနဲ့ သိပ်မထွက်ရဲကြဘူး။ သူငယ်ချင်း ငါးယောက်၊ ခြောက်ယောက်ပါမှ အပြင်ကို ထွက်ဖြစ်တယ်။ ကျောင်းတက်နေသူတွေဆိုရင် တစ်ခါတလေ စိတ်အပန်းဖြေဖို့အတွက် အပြင်တွေကို ထွက်တဲ့အချိန်မှာ အဲလိုမျိုးဖြစ်မှာကို စိုးရိမ်စိတ်တွေများရတာပေါ့။ နောက်ဆို ဒီထက်လုံခြုံမှု မရှိဘူးဆိုရင် ကျောင်းတက်နေတဲ့ ကျောင်းသူ/သားတွေအတွက်လည်း အဆင်မပြေဘူး။ 

နောက်တစ်ခုက အပြင်ကိုထွက်လို့ရှိရင်လည်း သူငယ်ချင်းအဖော်တွေ၊ ဥပမာ ကိုယ်နဲ့အရမ်းရင်းနှီးတဲ့ ယောကျ်ားလေးသူငယ်ချင်းတွေကို ခေါ်ပြီးသွားတာမျိုးက စိတ်လုံခြုံမှုရှိစေတယ်။

အဲဒါကြောင့် လုံခြုံရေးကို တင်းတင်းကြပ်ကြပ်လေး လုပ်စေချင်ပါတယ်။ ဒါကို စနစ်တကျနဲ့ ညဆိုရင် ဘယ်နှစ်နာရီမှာ လမ်းမထွက်ရဘူး ဆိုပြီး ပိတ်တာမျိုးတွေ၊ လူသတ်မှုတွေ၊ ခိုးဆိုးလုယက်မှုတွေကို ဥပဒေအရ သေသေချာချာလေး ဆောင်ရွက်ပေးစေချင်ပါတယ်။ ဒါမှလည်း အမျိုးသမီးတွေအနေနဲ့ ပိုပြီး လုံခြုံစိတ်ချမှုရှိမှာပေါ့နော်။ 

အမှုတစ်ခုဖြစ်တယ်ဆိုရင် ဒီအတိုင်းပဲ ပပျောက်သွားတာများတယ်။ အဓိက လုံခြုံရေးအပိုင်းမှာ တင်းတင်းကြပ်ကြပ်လေး လုပ်စေချင်ပါတယ်။ အဲလိုမျိုးဆိုရင် ယုံကြည်စိတ်ချစွာနဲ့ ဘယ်ကိုပဲသွားသွား စိတ်ချပြီးတော့ သွားလို့ရတယ်ဆိုလို့ရှိရင် ပြည်သူတွေအနေနဲ့လည်း ကျေနပ်မှာပါ။

မသီတာစိုး (မြောက်ဦးမြို့မှ ကျောင်းလာတက်သူ)

အရင်က တစ်ခုခုဝယ်စရာရှိရင် တစ်ယောက်တည်း သွားလို့ရတယ်။ ဒီအခြေနေမျိုးမှာက တစ်ယောက်တည်းသွားလို့ အဆင်မပြေတော့ဘူး။ လမ်းမှာ တစ်ယောက်တည်းသွားရင်း ဖုန်းလာရင်လည်း အိတ်ထဲက ထုတ်ပြောဖို့တောင် တော်တော်လေး စိုးရိမ်နေရတယ်။ 

အရင်ကဆိုရင် အပြင်ကိုသွားတဲ့အခါ ဖုန်းယူသွားလို့ရတယ်။ အခုဆိုရင် ဖုန်းယူသွားရမှာကိုတောင် တော်တော်လေးကြောက်နေရတယ်။ အလုခံလိုက်ရရင်ရော ဆိုတဲ့ စိုးရိမ်မှုတွေရှိနေရတယ်။ ပြီးတော့ လူကြဲတဲ့နေရာတွေကို တစ်ယောက်တည်း မသွားရဲတော့ဘူး။ အပေါင်းအဖော်တွေနဲ့ပဲ သွားဖြစ်တယ်။ လိုအပ်လို့ တုတ်တုတ်သုံးဘီး တစ်ယောက်တည်းစီးရင်လည်း ကိုယ့်မှာပါတဲ့ပစ္စည်းတွေကိုယူပြီး ကိုယ့်ကို တစ်ခုခုလုပ်မလား ဆိုတာကို စိုးရိမ်နေရတယ်။ အဲဒါကြောင့် အရင်ကလောက် အခု အပြင်ကို သိပ်မထွက်ဖြစ်တော့ဘူး။ မရှိမဖြစ် လိုအပ်တာလေးရှိရင်လည်း အပေါင်းအဖော်တွေနဲ့ပဲ ထွက်ဖြစ်တယ်။

ဒါကြောင့် လုံခြုံရေးအခြေနေကို ဒီထက်မကပိုပြီး တင်းကြပ်စေချင်တယ်။ အမျိုးသမီးတွေ လုံခြုံစိတ်ချရအောင် အတွက်လည်း အထက်လူကြီးတွေက တတ်နိုင်သလောက် လုပ်ပေးစေချင်တယ်။

မောင်ကျော်ကျော် (ဆိုင်ကယ်ရေဆေးဆိုင်တွင် အလုပ်လုပ်သူ)

အရင်ကဆိုရင် အပြင်ကိုထွက်တဲ့အခါ ကိုယ်နေချင်သလောက် အကြာကြီး အပြင်မှာနေလို့ရတယ်။ အခုဆိုရင် အပြင်ကိုထွက်ရင်လည်း အိမ်က အကြာကြီးမနေခိုင်းတော့ဘူး။ 

လမ်းမှာ ဖုန်းတွေဘာတွေ အလုခံရမှာကိုလည်း ကြောက်ရတယ်။ ဆိုင်ကယ်နဲ့သွားရင် အက်ဆီးဒင့်ဖြစ်မှာလည်း ကြောက်ရတယ်။ လမ်းကိုထွက်ရင်လည်း သတိနဲ့ထွက်ရတယ်။ လမ်းမှာ ဆိုင်ကယ်နဲ့သွားရင်လည်း Back မှန်ကို ဟိုဘက် ဒီဘက် ကြည့်နေရတယ်။ တစ်ခုခုဖြစ်မှာစိုးလို့။ ကိုယ်ကသတိမထားမိရင် ဖုန်းအလုခံရမှာ။ အခုက ဓါးပြတိုက်တာတွေ ပေါလာတယ်။ 

ဒါတွေနဲ့ပတ်သက်လို့ CCTV ကင်မရာတွေ တပ်ထားသင့်တယ်။ ပြီးရင် လူတွေကလည်း မညီညွတ်ကြဘူးလေ။ ကုန်ဈေးနှုန်းတွေလည်း တက်လာတယ်ဆိုတော့ ခိုးဆိုးလုယက်မှုတွေပဲ ပေါလာတယ်။ 

#R005

ဗီဒီယိုများ