ဒေါက်တာအေးမောင်နဲ့ ဝေဟင်အောင်တို့ကို နှစ်ရှည်ထောင်ဒဏ်များ ချမှတ်လိုက်သည့်အပေါ် ဝံလက်ဖောင်ဒေးရှင်း ဒါရိုက်တာ ခိုင်ကောင်းစံ၏ သဘောထားအမြင်

အရင်အစိုးကတော့ အစိုးရကို ဝေဖန်ထောက်ပြရုံလောက်နဲ့တော့  အဲလောက်ထိ မဖြစ်ဘူး။ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို ဦးတည်ပြီးတော့ လုပ်ရင်တော့ သူတို့ ထိရောက်စွာ အရေးယူတယ်။ သူတို့နဲ့သက်ဆိုင်တဲ့ ဌာနတွေပေါ့။ ဥပမာ - တပ်မတော်ကို၊ ဒါမှမဟုတ် သမ္မတကိုပြောဆိုတဲ့ အသုံးအနှုန်းတွေ။ အဲဒီအပေါ်မှာ ပြီးတော့ အစိုးရတစ်ရပ်လုံးကို သိမ်းကျုံးပြီးတော့ ဝေဖန်တဲ့အခါ သူတို့ကိုယ်တိုင်ကလည်း အမှားနဲ့မကင်းဖြစ်နေတဲ့  အစိုးရဆိုတော့ခါ အဲဒီအပေါ်မှာတော့ ဥပက္ခာပြုပြီးတော့ စားနေမြဲစား၊ လုပ်နေမြဲ လုပ်သွား ကြတာတွေရှိတယ်။

By သက်နိုင် 25 Mar 2019

ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌဟောင်း ဒေါက်တာအေးမောင်နဲ့ လူငယ်စာရေးဆရာ ဝေဟင်အောင်တို့ကို နှစ်ရှည်ထောင်ဒဏ်များ ချမှတ်လိုက်သည့်အပေါ် ဝံလက်ဖောင်ဒေးရှင်းဒါရိုက်တာ ခိုင်ကောင်းစံ၏ သဘောထား အမြင်များကို DMG သတင်းထောက် သက်နိုင်က ဆက်သွယ် မေးမြန်းထားသည်။

မေး။   ။ဒေါက်တာအေးမောင်နဲ့ ဝေဟင်အောင်တို့ကို ထောင်ဒဏ် နှစ်(၂၀) ချမှတ်လိုက်တာနဲ့ ပတ်သက်ပြီး ဘယ်လိုမြင်လဲ။

ဖြေ။   ။ဒေါက်တာအေးမောင်နဲ့ ဝေဟင်အောင်တို့ပြောတဲ့ ပြောဆိုမှုတွေဟာ ရခိုင်ပြည်နယ်ထဲမှ မဟုတ်ဘူး၊ နိုင်ငံတော်တစ်ခုလုံးမှာကိုယ်က စာရေးဆရာတွေသော်လည်းကောင်း၊  စာပေဟောပြောနေကြတဲ့ တတ်သိပညာရှင်တွေသော်လည်းကောင်း ပြောဆိုတဲ့အသုံး အနှုန်းတွေသာ ဖြစ်တယ်။ အဲဒါကြောင့် ဒီအမှုကို စွဲတဲ့အခါကတည်းက မတရားသဖြင့် စွပ်စွဲမှုသာဖြစ်တယ်လို့ ပြောချင်ပါတယ်။

 မေး။   ။ဒီမိုကရေစီခရီးလမ်းကို လျှောက်လှမ်းနေတဲ့အချိန်မှာ စာပေဟောပြောတာနဲ့ ပတ်သက်လို့ ထောင်ဒဏ်ချမှတ်ခံရမှုအပေါ် ဘယ်လိုမြင်လဲ။

ဖြေ။   ။နိုင်ငံရေးဖြစ်စဉ်တွေကိုပြောမယ်ဆိုရင် ကျွန်တော်တို့ ဒီ ၂၀၁၀ မှာ တက်လာတဲ့ ဦးသိန်းစိန်အစိုးရထက် ၂၀၁၅ မှာတက်လာတဲ့အစိုးရရဲ့လုပ်ငန်းဆောင်တာတွေ၊ ဥပဒေတွေ ဖော်ဆောင်တဲ့နေရာမှာ ပိုပြီးတော့ ကျပ်တည်းလာတာကို တွေ့ရတယ်။

ဥပမာ - ကျွန်တော်တို့ လူ့အခွင့်အရေးကိုက အပိုဒ် ၁၉ မှာ ပါပြီးသားဖြစ်တယ်။ လူတစ်ယောက်ရဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ဆိုတဲ့ အခွင့်အရေးက ကျွန်တော်တို့ လူ့အခွင့်အရေးဖြစ်တယ်။ သူယုံကြည်ရာကို လွတ်လပ်စွာပြောဆိုနိုင်တယ်ဆိုတာက  ကျွန်တော်တို့ လူတစ်ယောက်ရဲ့ အခွင့်အရေးဖြစ်တယ်။

အဲဒါကြောင့် ကျွန်တော်တို့ စာပေဟောပြောပွဲတွေတောင်မှ အခုနောက်ပိုင်းမှာ လူစုလူဝေးတွေဆိုရင် ခွင့်ပြုချက်တင်ရတာတွေ။ စာပေဟောပြောပွဲတွေမှာ စကားလုံးအသုံးအနှုန်းတွေ ဥပမာ -  နိုင်ငံတော်အကြည်အညိုပျက်စေမှုဆိုတဲ့ ပုဒ်မတွေတပ်တာကိုက နိုင်ငံတော်ကနေပြီးတော့ အကြည်ညို မပျက်စေချင်ရင် အကြည်အညိုမပျက်အောင် လုပ်စေချင်တယ်။ နိုင်ငံတော် အကြီးအကဲတွေက အကြည်အညိုမပျက်အောင် လုပ်ဆောင်ဖို့လိုတယ်။

စာရေးဆရာတွေသော်လည်းကောင်း၊ ဝေဖန်ရေးသားတဲ့ စာပေပညာရှင်တွေသော်လည်းကောင်း အလွတ်နိုင်ငံရေးအရ စိတ်ပါဝင်စားတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေသော်လည်းကောင်း  ပြောဆိုတဲ့အခါမျိုးမှာ သူ့တို့ ရင်ထဲမှာ ရှိနေတာကို လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ဆိုတာက လူ့အခွင့်အရေးဖြစ်တယ်။  လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တွေကို တင်းကြပ်တာဟာ လူ့အခွင့်အရေးတွေကို  ချိုးဖောက်ရာရောက်တယ်။

မေး။   ။ဒေါက်တာအေးမောင်တို့ကို နှစ်ရှည်ထောင်ဒဏ်ချမှတ်လိုက်တာကြောင့် ရခိုင်တွေနဲ့ NLD အစိုးရကြား ဆက်ဆံရေးတင်းမာမှု ရှိလာနိုင်လား။

ဖြေ။   ။ကျွန်တော့်အမြင်ကတော့ နဂိုကတည်းက ဆက်ဆံရေးအခြေအနေအရ  ပြည်သူနဲ့ ကတော့ ထားလိုက်ပါတော့။ လက်ရှိရခိုင်ပြည်ထဲမှာရှိနေတဲ့ ရခိုင်အမျိုးသားပါတီနဲ့ NLD ကိုယ် နှစ်က ဆက်ဆံရေးတွေ အားနည်းနေတာကို တွေ့ရတယ်။

အရင်ပြီးခဲ့တဲ့ အစိုးရလက်ထက်ကဆိုရင် ကျွန်တော်တို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှာ ဝန်ကြီး ခန့်မယ် ဆိုရင်တောင် ပါတီကိုတရားဝင် အကြောင်းကြားတယ်။

ပါတီကသင့်တော်တဲ့လူတွေနဲ့ နေရာပေးတာတွေရှိတယ်။ အခုအစိုးရ တက်လာတဲ့နောက်မှာတော့ ရခိုင်အမျိုးသားပါတီနဲ့လည်း နိုင်ငံရေးအရ ပြောဆိုဆက်ဆံမှုတွေရှိတဲ့ အခင်း အကျင်းဆိုတာမရှိဘူး။ နောက်ပြီးတော့ ရခိုင်ပြည်ထဲမှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေ။ နေရာတိုင်းမှာ ကျွန်တော်တို့ ရခိုင်ပြည်သူတွေရဲ့ အသံတွေ၊ နောက်ရခိုင်ပြည်ထဲမှာရှိနေတဲ့ နိုင်ငံရေးပါတီတွေရဲ့အသံတွေကို NlD ပါတီကနေပြီး ချိတ်ဆက်ပြီးတော့ နားထောင်တာမျိုး၊ အကြုံပြုတာတွေကို နားထောင်တာမျိုး ပူးပေါင်းဆောင်ရွက်တာတွေကိုတော့ မတွေ့ရဘူး။

အဲတာကြောင့် ဒီအပေါ်မှာတော့ တင်းမာတဲ့အခြေအနေဖြစ်လာနိုင်စရာအကြောင်း မရှိဘူးလို့ မြင်တယ်။ နဂိုကတည်းကလည်း နွေးနွေးထွေးထွေးဆက်ဆံနေကြတဲ့ အခင်းအကျင်းမဟုတ်တော့ အဲဒါကြောင့် နဂိုကနွေးနွေးထွေးထွေးနဲ့ ဆက်ဆံနေကြတယ်ဆိုရင်တော့ ဒီကိစ္စမျိုးမှာ  ဆက်ဆံရေးတွေ တင်းမာလာနိုင်တယ်လို့ ပြောလို့ရတယ်။

နဂိုကတည်းကလည်း နွေးနွေးထွေးထွေးပူးပေါင်းလုပ်ဆောင်တဲ့ နိုင်ငံရေးအခင်းအကျင်း ရှိမနေတော့ ဒီကိစ္စမှာတစ်စုံတစ်ရာ တင်းမာလာတာတော့မရှိပါ။ သို့သော် ရခိုင်ပြည်သူတွေကတော့ လက်ရှိအစိုးရ အပေါ်မှာ ယုံကြည်မှုကင်းမယ့်နေကတော့ သေချာသလောက် ရာနှုန်းများနေတယ်ဆိုတာပါပဲ။

 မေး။ ။ ရခိုင်ပြည်နယ်ရဲ့ အငြိမ်မသက်တဲ့အခြေအနေမှာ အခုလိုအမိန့်ချလိုက်တဲ့အတွက် ဘယ်လို သက်ရောက်မှုတွေ ရှိလာနိုင်လဲ။

 ဖြေ။   ။လက်ရှိမှာက ပြစ်ဒဏ်ချတယ်ဆိုတဲ့ အခင်းအကျင်းထက် လက်ရှိရခိုင်ပြည်သူတွေရဲ့ မျှော်လင့်နေတဲ့အရာနဲ့  ရခိုင်ပြည်မှာဖြစ်နေတဲ့ ပဋိပက္ခက ပိုးပြီးတော့ပြင်းထန်တာပေါ့။ ဒီမှာကတော့ တရားစွဲဆိုထားတဲ့အမှု နှစ်နဲ့ချီပြီးတော့ အမှုရင်ဆိုင်လာတယ်။

နောက်ပြီးတော့ တစ်ချို့သော တွေးခေါ်တဲ့နိုင်ငံရေးအရ ဆက်စပ်တဲ့ လူပုဂ္ဂိုလ်တွေဟာလည်း ဒီအမှုဟာ ချဖို့ဖြစ်တယ်လို့ပဲ တွေးခေါ်ကြမယ်လို့ ကျွန်တော်ယုံကြည်တယ်။ ကျွန်တော်တို့ ကိုယ်နှစ်ကလည်း ဒီအမှုဟာ ချဖို့အမှုဖြစ်တယ်။ ချပြီးမှပဲ သူ့ဟာနဲ့သူ တစ်ဖြည်းဖြည်း နိုင်ငံတော် သမ္မတကြီး လွတ်ငြိမ်းချမ်းသာခွင့် ၄၀၁ အပိုင်းတစ်တွေလို ထောင်ဒဏ် အနှစ် ၂၀ ကျရင်တောင် ကျတဲ့အထိတော့ မနေရဘူးလို့ ကျွန်တော်က ယုံကြည်တယ်။ ယုံယုံကြည်ကြည်လည်း ပြောချင်တယ်။

ဘာကြောင့်လဲဆိုတော့ ကျွန်တော်ကိုယ်နှစ်က နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ယောက် ဖြစ်တယ်။ ဒီအမှုက နိုင်ငံရေးအရဖြစ်တဲ့အမှု နိုင်ငံရေးပုဒ်မပဲဖြစ်တယ်။ နိုင်ငံတော်သမ္မတက လွတ်ငြိမ်းချမ်းသာ ၄၀၁ နဲ့ လွှတ်လို့ရတဲ့ ပုဒ်မမျိုးလည်းဖြစ်တယ်။ ဆိုတော့ခါ လက်ရှိ ရခိုင်ပြည်နယ်မှာ ကြုံတွေ့ နေရတာက ဒီထက်မကကြီးမားတဲ့ လုံခြံမှုကင်းမယ့်တာတွေရှိတယ်။

အထူးသဖြင့် မြောက်ဦးမြို့နယ်၊ ကျောက်တော်မြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် စသည်အားဖြင့်ပေါ့နော်။ ရသေ့တောင်မြို့နယ်၊ ဘူးသီးတောင်မြို့နယ် အခုဆိုရင် ကျွန်တော်တို့ မင်းပြားမြို့နယ်တောင်  ပါလာတယ်။ ပန်းမြောင်းဘက်ကိုပေါ့နော်။

ပြီးတော့ ဒီဧရိယာထဲမှာ ဒုက္ခသည်တွေကလည်း မြောက်မြားစွာရှိတယ်။ တစ်သောင်းနဲ့ ခြောက်ထောင်ကြားရှိတယ်။ နောက်တစ်ခါ စစ်ရေးအရကလည်း ဟိုရက်ပိုင်း ကလည်း နေ့တိုင်းဖြစ်တယ်။ စစ်ရေးအရ ဖြစ်နေတာနဲ့ ဒါကို နှိုင်းယှဉ်မယ်ဆိုရင် အများကြီး ကွာလွန်းတယ်။ အဲဒီတော့ လူထုရဲ့ အာရုံကလည်း စစ်ရေးပေါ်မှာပဲ စိုးရင်တာပေါ့နော်။ သူတို့ရဲ့လုံခြုံမှု၊ နောက်ပြီးတော့ လူ့အခွင့်အရေးချိုးဖောက်တာတွေ တစ်ချို့နေရာတွေမှာ ယမ်းပစ်တယ်ဆိုတဲ့ သတင်းတွေကလည်း အမြဲတမ်း ကာယာကံရှင်တွေ ကိုယ်တိုင်က social media တွေမှာသော်လည်းကောင်း၊ Media တွေမှာသော်လည်းကောင်း တရားဝင်ဖော်ပြနေပြီးသား ဖြစ်တယ်။

 မေး။   ။ ရခိုင်တွေရဲ့ အနေအထားက အခုအမျိုးသားရေးစိတ်ဓာတ်ပြင်းထန်နေတဲ့ အခြေ အနေလို့ ပြောလို့ရပါတယ်။ အခုလို အမိန့်ချလိုက်တာကြောင့် ဒီလို အမျိုးသားရေးပြင်းထန်မှုကနေ ဘယ်လိုမျိုးတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ ထင်လဲ။

ဖြေ။   ။တစ်ခြားထူးထူးခြားခြား ဖြစ်ပေါ်လာနိုင်တယ်လို့တော့ မထင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့မှာက level တိုင်းတာပေါ့။ တိုင်းတာတဲ့ indicator တိုင်းတာတဲ့အခါ အမျိုးသားရေးကို ပြင်းပြင်းထန်းထန်းခံယူချက်ရှိတဲ့ သူတွေက တောထဲကိုသွားပြီးတော့ လက်နတ်ကိုင်တော်လှန်တယ်။

တစ်ချို့သောလူတွေက အမျိုးသားရေးကို ပြင်းပြင်းထန်းထန်းရှိတဲ့အတွက် သိုသိုသိပ်သိပ်နဲ့ ကိုယ်နိုင်တဲ့ဘက်က ရောက်တဲ့နေရာက ထမ်းဆောင်နေသူတွေရှိတယ်။ နောက်တစ်ချို့သော တက်ကြွလှုပ်ရှားသူတွေကတော့ အမျိုးသားရေးအရ အဲလောက်ထိ မပြင်းထန်တဲ့ အတွက်ကြောင့် လွတ်လပ်စွာထုတ်ဖော်ခွင့်တွေ လူ့အခွင့်အရေးတို့ ပြောဆိုမှုတွေမှာ လုပ်ဆောင်တယ်။

အဲတာထက်နည်းနည်း လျော့သွားတဲ့ သူတွေကတော့ facebook စာမျက်နှာပေါ်မှာ ၊ လူမှုကွန်ယက် စာမျက်နှာပေါ်တွေမှာ ပေါက်ကွဲတယ်။ အဲဒါကြောင့် ကျွန်တော်တို့မှာ အမျိုးသားရေးကို တိုင်းတာတဲ့ အခါမှာ အဲလို indicator တွေနဲ့ တိုင်းတာဖို့လိုတာပေါ့။ အမှန်တကယ် ကျွန်တော်တို့ထက် မျိုးချစ်တဲ့ သူတွေက ဒီနေ့မှာ ရက္ခိုင့်တပ်မတော်မှာ တာဝန်ထမ်းဆောင်ပြီးတော့ အသက်နဲ့ ခန္ဓာကိုယ် ရင်းပြီးတော့ တိုက်ပွဲဝင်နေကြတယ်။ အဲတာက အပြန်းထန်ဆုံး လူတွေဖြစ်တယ်။

အဲတာထက် တစ်ဆင့်နိမ့်တဲ့ သူတွေကတော့ နိုင်ငံရေးပါတီတွေမှာ ကိုယ့်အမျိုးသားအခွင့်အရေး တွေအတွက် လုပ်ဆောင်နေတာတွေရှိတယ်။ နိုင်ငံရေးပါတီတွေမှာ ဝင်ပြီးတော့ တရားဝင် လမ်းကြောင်းထဲမှာ စသည်အားဖြင့် အဲ့လိုလုပ်ဆောင်တာတွေနဲ့ တိုင်းတာတာပေါ့။ သို့သော် ဒီလိုအမှုဖြစ်စဉ်မှာတော့ လူတွေပေါက်ကွဲမှုတွေ ဖြစ်ကောင်းဖြစ်နိုင်တယ်။

သို့သော်အဲဒီပေါက်ကွဲမှုတွေက အခုလိုပဲ ခဏတစ်ဖြုတ်ချတဲ့အခါပဲ ပေါက်ကွဲကြတာပေါ့။ ပြီးတော့ စနစ်တကျပြင်ဆင်မှုတွေ ဘယ်အတိုင်းအတာထိ သွားမလဲဆိုတာကတော့  သူတို့ရဲ့ အဖွဲ့အစည်း၊  သူတို့ကို ဝိုင်းရန်ပံ့ပိုးနေသူတွေရဲ့ နည်းဗျူဟာတွေ ဘယ်လိုသွားမလဲဆိုတဲ့ Statute Plan ပေါ့နော်။ အဲ့ဒါက သူတို့အပေါ်မှာပဲ မူတည်တာပေါ့နော်။

သို့သော် အခုလို လက်ရှိစစ်ရေးအရ ဖြစ်နေတဲ့အချိန်မှာတော့ ကျွန်တော်ထင်တယ်  ဒေသခံ ပြည်သူတွေကလည်း အဲ့တာထက် ဒီဘက်မှာဒုက္ခသည်တွေရဲ့အရေး တစ်ဖက်သတ်ပစ်ခတ်နေတဲ့ စစ်ပွဲအရေး၊ အဲဒီမှာ ဒဏ်ရာရသူတွေ ရှိတယ်။ နောက်ပြီးတော့ ဘုရား ပုထိုးတွေ သမိုင်းဝင်အမွေအနှစ်တွေမှာကျနေတယ်။ အဲ့လိုဟာမျိုးတွေ အရေးအရာတွေမှာလည်း  တစ်စိုက်မတ်မတ် လုပ်နေကြတယ်။ ကျွန်တော်ကတော့ အဲ့လိုတိုင်းတာပြီးတော့ ပြောချင်တယ်။

အဲဒါကြောင့် အမိန့်ချလိုက်တဲ့အပေါ်မှာလည်း ကြီးကြီးမားမား၊ ဆိုးဆိုးရွားရွား အရင်ကလို အခု လက်ရှိရခိုင်ပြည်မှာဖြစ်နေတဲ့ စစ်ပွဲမရှိဘူးဆိုရင်တော့ ကျွန်တော်တို့ တစ်စုံတစ်ရာ လူထု ပူးပေါင်းပါဝင်ပြီးတော့ တောင်းဆိုတာတွေ၊ အဲလို ဆန္ဒထုတ်ဖော်မှုတွေ ဖြစ်ပေါ်လာနိုင်တယ်။

အခုကတော့ စစ်ရေးကာလဖြစ်နေတဲ့အတွက်ကြောင့် အဲဒီအပေါ်မှာ ထိထိရောက်ရောက်နဲ့ လုပ်ဆောင်နေတဲ့လူတွေရဲ့ အခန်းကဏ္ဍဟာ အရင်ကလို အခြေအနေကထက် ပိုမများလာဘူးလို့ ကျွန်တော်သုံးသပ်ပါတယ်။

 မေး။   ။ အရင်အစိုးရတွေကတုန်းက အခုလို စာပေဟောပြောလို့ နိုင်ငံတော်ပုန်ကန်မှု ၊ နိုင်ငံတော်ဂုဏ်သိက္ခာ ညှိုးနွမ်းမှုတွေနဲ့ ဖမ်းဆီးထောင်ချခဲ့တာတွေ ရှိဖူးလား။

ဖြေ။   ။ရှိတယ်။ ကဗျာဆရာ မောင်ဆောင်းခဆိုရင် သူ့ကဗျာလေးတစ်ကြောင်းနဲ့တင် သူ့ကို ထောင်ချတာရှိတယ်။ သမ္မတဦးသိန်းစိန်တုန်းကလည်း သမ္မတကြီးကိုဝေဖန်လို့ပေါ့။ ဥပမာ ပြောချင်တာက ကဗျာဆရာ မောင်ဆောင်းခဆိုရင် သမ္မတကို ဝေဖန်တဲ့ကဗျာလေး တစ်ကြောင်းကြောင့် ထောင်ချတာတွေကို တွေ့ရတယ်။

အရင်အစိုးကတော့ အစိုးရကို ဝေဖန်ထောက်ပြရုံလောက်နဲ့တော့  အဲလောက်ထိ မဖြစ်ဘူး။ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို ဦးတည်ပြီးတော့ လုပ်ရင်တော့ သူတို့ ထိရောက်စွာ အရေးယူတယ်။ သူတို့နဲ့သက်ဆိုင်တဲ့ ဌာနတွေပေါ့။ ဥပမာ - တပ်မတော်ကို၊ ဒါမှမဟုတ် သမ္မတကိုပြောဆိုတဲ့ အသုံးအနှုန်းတွေ။ အဲဒီအပေါ်မှာ ပြီးတော့ အစိုးရတစ်ရပ်လုံးကို သိမ်းကျုံးပြီးတော့ ဝေဖန်တဲ့အခါ သူတို့ကိုယ်တိုင်ကလည်း အမှားနဲ့မကင်းဖြစ်နေတဲ့  အစိုးရဆိုတော့ခါ အဲဒီအပေါ်မှာတော့ ဥပက္ခာပြုပြီးတော့ စားနေမြဲစား၊ လုပ်နေမြဲ လုပ်သွား ကြတာတွေရှိတယ်။

ဒီဘက်အစိုးရမှာကျတော့ ကျွန်တော်တို့ နဂိုကလည်း ပြဋ္ဌာန်းလာတဲ့ဥပဒေတွေကို အတည်ပြုလာတာတွေရှိတယ်။ ဥပမာ - လယ်ယာမြေဆိုင်ရာ ဥပဒေတွေ၊ နောက်တစ်ခါ အခုမြစ်ဆုံ ကိစ္စတွေလိုမျိုး။ အဲဒါတွေလုပ်လာတဲ့အခါမှာ၊ ဥပဒေတွေ ပြဌာန်းလာတဲ့အပေါ်မှာ တရားဥပဒေစိုးမိုးမှု မရှိဆိုတဲ့ ပြည်သူတွေအမြင်မှာလည်း ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေဟာလည်း အသက်ဝင်ဖို့လိုတယ် ဆိုတဲ့အပေါ်မှာလည်း ကျွန်တော်တို့  ပြစ်မှုပြစ်ဒဏ်တွေကို ထိထိရောက်ရောက် လုပ်ဆောင်တာတွေ တွေ့ရတယ်။

ကျွန်တော်တို့ လူမှုအဖွဲ့အစည်းအနေနဲ့ ပြောရမယ်ဆိုရင်တော့ အရင်အစိုးရထက် ဒီဘက်အစိုးရက ပိုပြီးတော့ ကျပ်တယ်လို့တော့ အရပ်ဘက်အဖွဲ့အစည်းကတော့ ကောက်ချက်ချထားကြပါတယ်။

မေး။   ။ ရခိုင်အရေးက တော်တော်လေး ရှုပ်ထွေးနေတဲ့အခါမှာ ဒေါက်တာအေးမောင်နဲ့  စာရေးဆရာ ဝေဟင်အောင်တို့အမှုနဲ့ပတ်သက်ပြီး အစိုးရက ဘယ်လိုကိုင်တွယ်ခဲ့သင့်လဲ။

ဖြေ။   ။အစိုးရအနေနဲ့ဆိုရင်တော့ အထူးသဖြင့် သမ္မတလွတ်ငြိမ်းချမ်းသာခွင့်၊ လာမယ့် နှစ်ဆန်း တစ်ရက် မြန်မာ့ရိုးရာနှစ်သစ်ကူးအခါနေ့။ အဲလိုနေ့တွေမှာ သို့တည်းမဟုတ် တစ်ခြားသော နေ့ကြီး၊ ရက်ကြီးတွေ အထူးသဖြင့် မျှော်လင့်စရာရှိတာကတော့ နှစ်ဆန်းတစ်ရက်။

အဲလိုအချိန်ခါမျိုးမှာ သို့တည်းမဟုတ် နိုင်ငံတော်သမ္မတကနေပြီးတော့ ၄၀၁ အပိုင်းတစ်ဆိုတဲ့ လွတ်ငြိမ်းချမ်းသာခွင့်တွေပေးတဲ့အချိန်မျိုးမှာ နိုင်ငံရေးပုဒ်မတွေ၊ နိုင်ငံရေးခေါင်းဆောင်တွေ၊  နိုင်ငံရေးအရ လှုပ်ရှားနေတဲ့သူတွေကို ပုဒ်မတွေကို ထည့်သွင်းပြီးတော့ လွှတ်ပေးတာတွေရှိပါတယ်။

ကျွန်တော်မျှော်လင့်တာကတော့ လာမယ့် သမ္မတရဲ့ လွတ်ငြိမ်းချမ်းသားမှာ လွတ်ပေးလို့ရှိရင် ကျွန်တော်တို့ တစ်စုံတစ်ရာ ပြည်သူတွေရဲ့ ခံစားမှုများကို  တစ်စုံတစ်ရာ ဖြေလျော့ရာလည်းကျမယ်။ နောက်တစ်ခုကလည်း ဒီအမှု ကိုယ်တိုင်ကလည်း အခုလို ပြည်ထောင်စုပြိုကွဲရေးအတွက် လုပ်နေတဲ့  ပုဂ္ဂိုလ်တွေ မဟုတ်တာကြောင့် ဒေါက်တာအေးမောင်ဆိုရင်လည်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ဖြစ်သလို ကိုဝေဟင်အောင်ဆိုရင်လည်း စာပေဟောပြောပြီးတော့ ပရဟိတအလုပ်ကို ဘဝနဲ့ ရင်းပြီးတော့ လုပ်ဆောင်တဲ့ လူတစ်ယောက်ဖြစ်တယ်။ အဲဒါကြောင့် ဒီလူတွေကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးသင့်တယ်လို့ မြင်ပါတယ်။

 

ဗီဒီယိုများ