ရက္ခိုင့်တပ်မတော်(AA) ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခ နှင့် ဆက်သွယ်မေးမြန်းခြင်း

နောက်ပြီးတော့ သူ(မြန်မာ့တပ်မတော်)တို့ပြောတယ်။ တစ်ဖက်နဲ့တစ်ဖက် အင်အားသုံးပြီးတော့ မဖြေရှင်းရဆိုပြီးတော့ ပြောတယ်။ အခု အင်အားသုံးပြီး ဖြေရှင်းနေတာက မြန်မာနိုင်ငံတစ်ခုလုံးမှာဆိုရင် ဗမာ့တပ်မတော်(မြန်မာ့တပ်မတော်) ကပဲ အင်အားသုံးပြီး ဖြေရှင်းနေတာ။ သူတို့က ထပ်ပြီးတော့ ဆရာကြီးလေသံနဲ့ပေါ့၊ ပြောမယ်ဆိုရင်။ တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်း တစ်ဖွဲ့နဲ့တစ်ဖွဲ့ အင်အားသုံးပြီး မဖြေရှင်းရဆိုတော့ လက်နက်ကိုင် အဖွဲ့အစည်းဆိုတာမှာ ဗမာ့စစ်တပ်(မြန်မာ့တပ်မတော်)လည်း လက်နက်ကိုင်အဖွဲ့အစည်းပဲ။

By ဖဒူ ထွန်းအောင် 08 Jan 2019

ရက္ခိုင့်တပ်မတော်(AA) အပါအဝင် NCA လက်မှတ် ရေးထိုးဖို့ ကျန်ရှိနေတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ဆွေးနွေးဖို့အတွက် စစ်ဌာနချုပ်နယ်မြေ(၅)ခုမှာ ဒီဇင်ဘာလ ၂၁ ရက်နေ့ကနေ ဧပြီလ ၃၀ ရက်နေ့အထိ တပ်မတော်ရဲ့ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုတွေအားလုံးကို ရပ်ဆိုင်းမယ်လို့ ဒီဇင်ဘာလ ၂၁ ရက်နေ့က တပ်မတော်က ကြေငြာလိုက်ပါတယ်။ ဒါပေမယ့် တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်(AA)တို့ စစ်ရေးတင်းမှာမှု ရှိနေတဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(ရခိုင်ပြည်နယ်) မပါတာနဲ့ ပတ်သက်ပြီး တပ်တော်က တခြားနေရာမှာ စစ်ရေးရပ်ဆိုင်းပြီး  ရခိုင်မှာ အင်အားသုံးတိုက်မလားဆိုပြီး ပြည်သူတွေက စိုးရိမ်မှုရှိနေကြပါတယ်။ အဲဒီကိစ္စအပါအဝင် ရခိုင်ပြည်နယ်အတွင်း စစ်ရေးတင်းမာမှု အခြေအနေတွေကို ရက္ခိုင့်တပ်မတော်(AA)ရဲ့ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကို DMG က ဆက်သွယ် မေးမြန်း ထားပါတယ်။    

ဖဒူ ထွန်းအောင် မေးမြန်းသည်။

DMG - စစ်ဆင်ရေးနယ်မြေအလိုက် စစ်ရေးဆိုင်ရာ လှုပ်ရှားမှုအားလုံးကို လေးလကျော် ရပ်ဆိုင်းမယ်ဆိုပြီးတော့ တပ်မတော်ဘက်က ထုတ်ပြန်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဘယ်လိုမြင်လဲ။

ခိုင်သုခ - မနေ့ညက ဗမာ့တပ်မတော်(မြန်မာ့တပ်မတော်ဘက်)က ထုတ်ပြန်ချက်မှာ ပြောင်းလဲလာတဲ့ ဖြစ်ပေါ်တိုးတက်မှု တစ်ခုအနေနဲ့တော့ ကြိုဆိုတယ်။ အရင်တုန်းက ဒီလိုထုတ်ပြန်တာတွေမရှိ။ ဆိုတော့ အခု ဗမာ့တပ်မတော်(မြန်မာ့တပ်မတော်)ဘက်က ပြည်သူသိအောင် ဒီလိုချပြပြီးတော့ ကြေငြာတာဟာ ပြောင်းလဲလာတယ်။ အပြောင်းအလဲ တစ်ခုလို့ ပြောလို့ရတယ်။ အဲဒါကြောင့် ကျနော်တို့ အခု လက်ရှိ ဖြစ်ပေါ် တိုးတက်မှုအပေါ်မှာတော့ ကျနော်တို့ဘက်က ကြိုဆိုတယ်။

ဒါပေမယ့် ကြေငြာချက်ထဲမှာ စစ်ဆင်ရေးရပ်စဲဖို့ ပြောထားတဲ့အထဲမှာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် မပါ။ အဲဒီလို မပါတာနဲ့ ပတ်သက်လို့ ပြောရမယ်ဆိုရင် ဒေသခံပြည်သူ လူထုအတွက်တော့ စိုးရိမ်စရာ ဖြစ်နေမယ်။ နောက်တစ်ခုရှိတာက သူတို့က စစ်ဆင်ရေးကို ရပ်တန့်ထားမယ်လို့ပြောတာပဲ။ စစ်ဆင်ရေးကို ရပ်တန့်ဖို့ဆိုရင် သူတို့လုပ်နေတဲ့ ပိတ်ဆို့မှုတွေ အားလုံးကိုလည်း တစ်ပြိုင်တည်း ဖယ်ရှားပေးဖို့လိုတယ်။ စစ်ဆင်ရေး ရပ်တန့်တယ်ဆိုပြီး ဥပမာ-ဖက်လေးဖက်လုပ်ထားပြီး စစ်ဆင်ရေးကို ရပ်တန့်ထားပါတယ်ဆိုပြီး ပြောတာက သဘာဝမကျဘူး။ အဲဒါကြောင့် စစ်ဆင်ရေးကို ရပ်တန့်တယ်ဆိုရင် သူတို့လုပ်ထားတဲ့ ပိတ်ဆို့မှုတွေကိုပါ တစ်ပြိုင်တည်း ဖယ်ရှားပေးဖို့လိုတယ်။ အဲလို ရုပ်သိမ်းသွားဖို့လိုတယ်။ မဟုတ်ဘူးဆိုရင် နှစ်ဖက် လက်နက်ကိုင်ပြီး သွားနေတဲ့အကြားမှာ ချက်ချင်း အပစ်ရပ်စဲဖို့ဆိုတာကတော့ လက်တွေ့မကျဘူး။

DMG – AA ၊TNLA ၊ MNADAA တို့နဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ ပြုလုပ်ဖို့ဆိုပြီးတော့ ဒီဇင်ဘာလ ၂၁ ရက်နေ့က စတင်ပြီး လာမယ့် ဧပြီလ ၃၀ ရက်နေ့အထိ စစ်ရေးဆိုင်ရာလှုပ်ရှားမှု ရပ်ဆိုင်းမယ်လို့ တပ်မတော်ဘက်က ထုတ်ပြန်တယ်။ ဒါပေမယ့် တပ်မတော်နဲ့ အေအေတို့  အဲဒီနေ့မှာလည်း တိုက်ပွဲဖြစ်တယ်။ ဒီနေ့(ဒီဇင်ဘာလ ၂၂ ရက်) လည်း ဖြစ်တယ်ဆိုတော့ အဲဒါနဲ့ ပတ်သက်ပြီး ဘယ်လိုပြောချင်လဲ။

ခိုင်သုခ - ဒီနေ့(ဒီဇင်ဘာလ ၂၂ ရက်)မှာလည်း မနက် ၈ နာရီကျော်က စပြီးတော့ ဗမာစစ်တပ်(မြန်မာ့တပ်မတော်) ဘက်က လက်နက်ကြီးတွေနဲ့ လှမ်းပြီးပစ်တယ်။ အရင်နေ့တွေက ရဟတ်ယာဉ်နှစ်စီးနဲ့ လာပစ်တဲ့ ပညာဝရွာနဲ့ မောင်နှမရွာကြားမှာ။ ဒီနေ့ မနက် ၈ နာရီ ၂၃ မိနစ်ကတည်းက လှမ်းပြီးပစ်နေတာ။ ဆိုတော့ တစ်ဖက်မှာ သူတို့ကြေငြာတဲ့ အထဲမှာ အနောက်ပိုင်းစစ်ဌာနချုပ်က စစ်ရပ်စဲမယ့်ဇုန်ထဲမှာ မပါ။ အဲဒါကြောင့် ကျနော်တို့က ဆက်ပြီးတော့ စောင့်ကြည့်ရဖို့တစ်ခုတော့ ရှိတယ်။ ဗမာစစ်တပ်(မြန်မာ့တပ်မတော်)ဘက်က ဘာလုပ်လာမှာလဲ ဆိုပြီးတော့။

သူတို့(မြန်မာ့တပ်မတော်) ပြောတဲ့အတိုင်း သူတို့တကယ်ပဲ တွေ့ဆုံဆွေးနွေးရေးကို ဦးတည်ပြီး သူတို့တကယ်ပဲ အပစ်အခတ် ရပ်စဲရေးကို လုပ်မှာလား။ သူတို့စစ်ဆင်ရေးတွေကို ရပ်မှာလားဆိုတာကို ကျနော်တို့ဘက်က စောင့်ကြည့်ရမယ့် အနေအထားပါ။

DMG - အခု တပ်မတော်ရဲ့ စစ်ရေးဆိုင်ရာလှုပ်ရှားမှု ရပ်ဆိုင်းမယ့်အထဲမှာ ရခိုင်ပြည်နယ်က အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်မပါတာဟာ ARSA အကြမ်းဖက်သမားတွေ ရှိနေလို့ဆိုပြီးတော့ တပ်မတော်ဘက်က မီဒီယာ တစ်ခုကို ပြောထားတယ်။ အဲဒီလို တပ်မတော်ဘက်က ပြောကြားချက်ဟာ ခိုင်လုံမှုရှိတယ်လို့ ထင်လား။

ခိုင်သုခ - အဲဒါကတော့ ပြောရမယ်ဆိုရင် သူတို့ပြောတာက သဘာဝမကျဘူး။ ဥပမာ - အခု ရက္ခိုင့်တပ်မတော်နဲ့ စစ်ဖြစ်နေတဲ့နေရာနဲ့ သူတို့ပြောတဲ့နေရာနဲ့ သိပ်အဝေးကြီးပါ။ နောက်ပြီးတော့ ဒီလိုတစ်ခုရှိတယ်။ အကြမ်းဖက် အန္တရာယ်ဆိုတာဟာ တိုင်းပြည်တိုင်းမှာ ရှိတဲ့ကိစ္စ။ ဒီအခုခေတ်ကာလမှာ အကြမ်းဖက်အန္တရာယ်က နိုင်ငံတိုင်းမှာရှိနေတဲ့ ကိစ္စမျိုးဖြစ်တယ်။ အဲဒါကို သူတို့လိုသလိုဆွဲပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ဧရိယာမှာ စစ်ပွဲမရပ်ဘူးဆိုတာက သဘာဝမကျ။ ဥပမာ-အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဧရိယာမှာ သူတို့ဘက်က တကယ်လုပ်ချင်တယ်ဆိုရင် မောင်တောမြို့နယ်ကို ချန်လှပ်ထားပြီး ကျန်နေရာတွေကို ရပ်လို့ရတာပဲ။ အဲဒါကို သူတို့ဘက်က ဘယ်လိုဆိုမလဲ။ ကျနော်ထင်တာကတော့ သူတို့ ရည်ရွယ်ချက်တစ်ခုကြောင့် ဒီကိစ္စကို ချန်လှပ်ထားခဲ့တာလို့ ထင်ပါတယ်။

DMG - စစ်တိုင်းဌာနချုပ်(၅)ခုက နယ်မြေတွေမှာ စစ်ရေးရပ်ထားတဲ့ လေးလကျော်ကြာ အချိန်မှာ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ  ဆွေးနွေးမှု အဆင်ပြေမယ်လို့  ထင်လား။

ခိုင်သုခ - ဒါကတော့ တကယ်လက်တွေ့ဖြစ်လာဖို့ ဆွေးနွေးပွဲတွေအပေါ်မှာ မူတည်မှာပေါ့။ အထူးသဖြင့်တော့ အခု ယုံကြည်မှု တည်ဆောက်ရေးအပိုင်းမှာ နည်းနည်းအားပျော့နေတာတွေတော့ တွေ့ရတယ်။ တကယ် သူတို့ အပြောနဲ့ အလုပ်နဲ့ ညီမှာလားဆိုတာကတော့ စောင့်ကြည့်ရမယ့်အပိုင်းဖြစ်တယ်။ နောက်ပြီးတော့ သူတို့ ထုတ်ပြန်ချက်ထဲမှာ ပါတဲ့အချက်တွေကိုလည်း ပြောမယ်ဆိုရင် ပြည်သူလူထုတွေကို ဝန်ထုတ်ဝန်ပိုး မဖြစ်စေရ ဆိုတဲ့အချက်ဟာ ရခိုင်ဒေသမှာ သူတို့(မြန်မာ့တပ်မတော်)ကိုယ်တိုင်က ပြည်သူလူထုတွေကို ဝန်ထုတ်ဝန်ပိုး ဖြစ်စေတယ်။

ဒီအခု ရက္ခိုင့်တပ်မတော်နဲ့ ဗမာ့တပ်မတော်(မြန်မာ့တပ်မတော်) ထိပ်တွေ့တွေ့နေတဲ့ နေရာတွေ၊ အထူးသဖြင့် အဲဒီနေရာတွေမှာဆိုရင် ပြည်သူလူထုတွေဟာ လုံးဝကို မတရားနှိပ်စက်ခံထားရတယ်။ အဲဒါတွေဟာ ဗမာ့တပ်မတော်(မြန်မာ့တပ်မတော်)ဘက်က လုပ်နေတာ။ သူတို့ကတော့ လူထုကို ဝန်ထုပ်ဝန်ပိုး မဖြစ်ရလို့ပြောတယ်။ လက်တွေ့မှာ သူတို့က အဲဒါကိုလုပ်နေတယ်။ ဆိုတော့ လူထုဝန်ထုပ်ဝန်ပိုး မဖြစ်ရလို့ သူတို့ပြောတာနဲ့ သူတို့လုပ်တာနဲ့က လုံးဝညီညွတ်မှုမရှိ။ ဆိုတော့ အဲဒါတွေကိုလည်း ကျနော်တို့ မေးခွန်းထုတ်ချင်တယ်။ မေးခွန်းထုတ်စရာတွေ အများကြီးရှိတယ်။

နောက်ပြီးတော့ သူ(မြန်မာ့တပ်မတော်)တို့ပြောတယ်။ တစ်ဖက်နဲ့တစ်ဖက် အင်အားသုံးပြီးတော့ မဖြေရှင်းရဆိုပြီးတော့ ပြောတယ်။ အခု အင်အားသုံးပြီး ဖြေရှင်းနေတာက မြန်မာနိုင်ငံတစ်ခုလုံးမှာဆိုရင် ဗမာ့တပ်မတော်(မြန်မာ့တပ်မတော်) ကပဲ အင်အားသုံးပြီး ဖြေရှင်းနေတာ။ သူတို့က ထပ်ပြီးတော့ ဆရာကြီးလေသံနဲ့ပေါ့။ ပြောမယ်ဆိုရင်။ တိုင်းရင်းသား လက်နက်ကိုင်အချင်းချင်း တစ်ဖွဲ့နဲ့တစ်ဖွဲ့ အင်အားသုံးပြီး မဖြေရှင်းရဆိုတော့ လက်နက်ကိုင် အဖွဲ့အစည်းဆိုတာမှာ ဗမာ့စစ်တပ်(မြန်မာ့တပ်မတော်)လည်း လက်နက်ကိုင်အဖွဲ့အစည်းပဲ။ လက်နက်ကိုင်အဖွဲ့အချင်းချင်း အင်အားသုံးပြီးတော့ မဖြေရှင်းရဆိုပြီးတော့ ပြောထားပြီး သူတို့ကနေပြီးတော့ အင်အား အလွန်အကျွံသုံးပြီးတော့ ရခိုင်ဒေသဘက်မှာ တိုက်ခိုက်နေတယ်။ လက်နက်နဲ့ ဖြေရှင်းနေတာ။ အဲဒါကြောင့် ဘယ်လို ဆိုမလဲ။ စစ်ပွဲတွေက နေ့တိုင်းဖြစ်လာပြီးတော့ ရေရှည်ဖြစ်လာကြတာ။

DMG - နိုင်ငံတော်က ထုတ်ပြန်ထားတဲ့ တည်ဆဲဥပဒေတွေကို လိုက်နာရမယ်။ နိုင်ငံတော်အစိုးရရဲ့ အုပ်ချုပ်မှုယန္တရားအဆင့်ဆင့်၊ လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေးအတွက်လည်းကောင်း စတာတွေကို ထိခိုက်မှုမဖြစ်စေရေး တာဝန်ယူရမယ်ရမယ်လို့ တပ်မတော်ရဲ့ ထုတ်ပြန်ချက်မှာပါတယ်။ တကယ်လို့ အဲဒီလို ဖြစ်စဉ်တွေပေါ်ပေါက်ရင်တော့ တပ်မတော်က တားဆီးမယ်လို့ သတိပေးထားတာရှိပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုပြောချင်လဲ။

ခိုင်သုခ - သူတို့ထုတ်ပြန်ချက်ထဲမှာကတော့ ပြောဖို့ဆိုရင် မေးခွန်းထုတ်စရာတွေ အများကြီးပါတယ်။ တည်ဆဲဥပဒေတွေကိုနေပြီးတော့ လိုက်နာရမယ်ဆိုတာက သိပ်ကျယ်ပြန့်တယ်။ တည်ဆဲဥပဒေတွေကို လိုက်နာရမယ် တစ်လုံးတည်းနဲ့ကို တခြားလုပ်ငန်းတွေမှာ အားလုံးထိပ်တိုက်တိုးလာဖို့ ကိစ္စတွေ အများကြီးဖြစ်လာမယ်။ အဲဒါကြောင့် သူတို့ထုတ်ပြန်ချက်ဟာ နှောင်ကြိုးတွေ ၊ကန့်သတ်ချက်တွေ အများကြီးပါတယ်။ ရည်ရွယ်ချက်တွေ အများကြီးပါတယ်။ အဲဒါကြောင့် ကျနော်တို့က သတိထားပြီး စောင့်ကြည့်နေတယ်။

DMG - ရခိုင်မှာဖြစ်တဲ့တိုက်ပွဲမှာ တပ်မတော်ဘက်က ရဟတ်ယာဉ်အသုံးပြု တိုက်ခိုက်တာမရှိဘူးလို့ သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ပြောပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ဘယ်လိုပြောချင်လဲ။

ခိုင်သုခ - ရဟတ်ယာဉ်သုံးတာကတော့ ပြည်သူတစ်ခုလုံးသိတဲ့ကိစ္စ။ ဦးဇော်ဌေးက ရန်ကုန်ကနေပြီးတော့ ရဟတ်ယာဉ်မသုံးပါလို့ မျက်စိမှိတ်ပြီးတော့ ငြင်းနေရင်တော့ အဲဒါက သူတို့ရဲ့ ဂုဏ်သိက္ခပဲလေ။

DMG - တပ်မတော်က ရဟတ်ယာဉ်သုံးတယ်ဆိုတော့ ရက္ခိုင့်တပ်မတော်အနေနဲ့ ရှေ့ဆက်ပြီး ဘယ်လိုလုပ်ဖို့ စီစဉ်ထားလဲ။

ခိုင်သုခ - ဒီကိစ္စကတော့ ဒီလို။ ကျနော်တို့ကတော့ ဗမာ့စစ်တပ်(မြန်မာ့တပ်မတော်)ဘက်က ကျူးလွန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုဟူသမျှ အားလုံးကို မှတ်တမ်းတင်ထားပြီးတော့ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ ရှိတယ်။

DMG - လက်ရှိအချိန်မှာ ရခိုင်ပြည်နယ်အတွင်းမှာ စစ်ရေးအခြေအနေက ဘယ်လိုရှိနေလဲ။

ခိုင်သုခ - တိုက်ပွဲကတော့ သူတို့ ဗမာစစ်တပ်(မြန်မာ့တပ်မတော်)ဘက်က အပစ်ရပ်စဲဖို့လို့ ထုတ်ပြန်ထားပေမယ့် ဒီနေ့လည်း တိုက်ပွဲက ဖြစ်နေသေးတယ်။ ဒီနေ့လည်း ဗမာစစ်တပ်(မြန်မာ့တပ်မတော်)ဘက်က စပြီး လက်နက်ကြီးတွေနဲ့ ပစ်တယ်။ ဆိုတော့ သူတို့ထုတ်ပြန်ချက်ကို တကယ်လိုက်နာလား။မလိုက်နာလား ဆိုတာကတော့ ကျနော်တို့ ရှေ့ဆက်ပြီးတော့ စောင့်ကြည့်ရဖို့ အနေအထားမှာရှိပါတယ်။

DMG - ဒီတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်(AA)တို့ စစ်ပွဲကြောင့် ဒုက္ခသည်အရေလည်း များလာတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ဘယ်လိုပြောချင်လဲ။

ခိုင်သုခ - ဒီဒုက္ခသည်ကိစ္စနဲ့ ပတ်သက်ပြီး အခုတော့ အဖွဲ့အစည်းတွေ၊ လူမှုအဖွဲ့အစည်းတွေက အကူအညီ ပေးနေကြတာတွေကို တွေ့တယ်။ အဲဒီကိစ္စတွေနဲ့ ပတ်သက်လို့ကတော့ ကျနော်တို့က အများကြီးကျေးဇူးတင်တယ်။ ဒုက္ခရောက်နေတဲ့သူတွေကို ကျန်လူမှုအဖွဲ့အစည်းတွေက အကူအညီ ပေးနေကြတာတွေကို တွေ့လို့။ အမှန်ကတော့ ဒီကိစ္စဟာ ဒီလိုရှိတယ်။ ကိုယ့်နိုင်ငံသားတွေ အခက်အခဲတွေဖြစ်ရင် ကိုယ့်နိုင်ငံထဲမှာဖြစ်တဲ့ ပြဿနာကို အစိုးရကနေပြီးတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး လုံးလုံးဝဝ တာဝန်ယူပြီးတော့ နိုင်ငံသားအခွင့်အရေး ကို အမှန်တကယ် အာမခံတယ်ဆိုရင် လုံးလုံးဝဝကို တာဝန်ယူလို့ အမှန်တကယ် ကူညီထောက်ပံ့ရမယ့် ကိစ္စဖြစ်တယ်။

အခုတော့ အစိုးရကနေပြီးတော့ ဘေးထွက်ထိုင်နေပြီးတော့ CSO တွေကပဲ လိုက်ပြီး အကူအညီပေးနေကြတာပဲ တွေ့တယ်။ ဒီကိစ္စမှာ အစိုးရကပြောမယ်ဆိုရင် နည်းနည်း တာဝန်မဲ့တဲ့ပုံစံမျိုး ဖြစ်နေတယ်လို့ ကျနော်တို့ မြင်တယ်။ ဒါက အခြေခံဥပဒေတွေမှာလည်း ပါတယ်လေ။ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို အစိုးရကနေပြီးတော့ ကာကွယ်ရမယ်။ အခုက ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို အစိုးရကနေပြီးတော့ ဖျက်စီးနေတဲ့ ပုံစံမျိုးဖြစ်နေတယ်။

DMG - ရခိုင်ပြည်နယ်အတွင်းမှာ မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်(AA)ကြားထဲမှာ တိုက်ပွဲက ဘာကြောင့် ဖြစ်နေတာလဲ။

ခိုင်သုခ - ဒါက ဗမာ့တပ်မတော်(မြန်မာ့တပ်မတော်)ဘက်က နေပြီးတော့ ရက္ခိုင့်တပ်မတော် အခြေစိုက်ထားတဲ့ ဒေသတွေကို သူတို့အင်အားအလုံးအရင်းနဲ့ကို ထိုးစစ်ဆင်လာတဲ့အတွက်နဲ့ တိုက်ပွဲတွေက ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာတာ။ နောက်ပြီးတော့ သူတို့ဘက်က အင်အား အလွန်အကျွံသုံးတယ်လေ။ အင်အား အလွန်အကျွံသုံးပြီးတော့ ဒီရက်ပိုင်းတွေမှာ လက်နက်အင်အား၊ လူအင်အားတွေ သုံးပြီးတော့ ကျနော်တို့ အခြေစိုက်ထားတဲ့ နေရာတွေကို အင်အားအလုံးအရင်းနဲ့ကို ထိုးစစ်ဆင်လာတယ်။ အဲဒါကြောင့် တိုက်ပွဲတွေက ဖြစ်လာတယ်။

DMG - ဒီတိုက်ပွဲကြောင့် ရက္ခိုင့်တပ်မတော်(AA)ဘက်က ထိခိုက်၊ ကျဆုံးမှု ဘယ်လောက်ရှိလဲ။

ခိုင်သုခ - ထိုးစစ်သဘာဝကတော့ အထိအခိုက်ကျဆုံးမှုကတော့ ထိုးစစ်ဆင်လူဘက်ကတော့ အများအပြားတော့ ရှိတယ်။ ကျနော်တို့ဘက်ကတော့ အသေးစားဒဏ်ရာရတဲ့ အဆင့်လောက်တော့ရှိတယ်။

DMG - ရက္ခိုင့်တပ်မတော်(AA)အနေနဲ့ကတော့ တပ်မတော်နဲ့ ကိုးကန့်တို့၊ ပလောင်တို့နဲ့ တိုက်ပွဲဖြစ်ပွားတဲ့အခါ သူတို့ဘက်က ဝင်တိုက်ပေးတာတွေရှိတယ်လို့ သိရတယ်။ အခု ရခိုင်တိုက်ပွဲမှာ ကိုးကန့်တို့၊ ပလောင်လက်နက်ကိုင် တပ်ဖွဲ့တွေက ဝင်တိုက်ပေးတာတွေရှိလား။

ခိုင်သုခ - ကျနော်တို့ ဒီဖက် ရခိုင်စစ်မျက်နှာမှာတော့ ကျနော်တို့ အေအေတပ်ဖွဲ့တွေပဲ ရှိတယ်။

DMG - လက်ရှိအချိန်မှာ ရက္ခိုင့်တပ်မတော်ရဲ့ ရည်မှန်းချက်က ဘယ်လောက်အထိ ပြီးမြောက်နေပြီလဲ။

ခိုင်သုခ - ကျနော်တို့ ရည်မှန်းချက်ကတော့ ကျနော်တို့ကံကြမ္မာကို ကျနော်တို့ ရခိုင့်ကံကြမ္မာကို ရခိုင်ကပဲ အဆုံးအဖြတ်ပေးရဖို့။ ရခိုင့်ကံကြမ္မာကို မည်သည့်လူမျိုးကမှ အဆုံးအဖြတ်ပေးတာကိုလည်း နာခံဖို့မဟုတ်။

DMG - ရက္ခိုင့်တပ်မတော်ရဲ့ ရည်မှန်းချက်က လက်ရှိအချိန်ထိ ရာခိုင်နှုန်း ဘယ်လောက်အထိ  ပြီးမြောက်နေပြီလဲ။

ခိုင်သုခ - ကျနော်တို့ကတော့ ဂကနဏပြောနိုင်ကတော့ ကျနော်တို့ ရခိုင်သားတွေ အားလုံးသိတဲ့အတိုင်း ကျနော်တို့ကတော့ ရက္ခိတလမ်းစဉ်ကို တစ်စိုက်မတ်မတ် အကောင်အထည်ဖော်နေတယ်။ ရခိုင့်ကံကြမ္မာကို ရခိုင်ကပဲ ဖန်တီးရဖို့။ ဆိုတော့ အဲဒါကိုပဲ ကျနော်တို့ တစ်စိုက်မတ်မတ် ချီတက်နေတာ။ ရခိုင်ကံကြမ္မာကို မည်သည့်လူမျိုးကမှ အဆုံးအဖြတ်ပေးတာကို လက်ခံဖို့မဟုတ်။ ကျနော့်တို့ရဲ့ အရေးကိစ္စဟူသမျှ ၊ ရခိုင့်အရေးကို ရခိုင်ကပဲ အဆုံးအဖြတ်ပေးရဖို့။ ရခိုင်ကပဲ ဆောင်ရွက်ရဖို့။ အဲဒါဟာ ကျနော်တို့ရဲ့ အဓိက ပြောချင်တဲ့စကား ဖြစ်တယ်။ ရက္ခိုင့်ကံကြမ္မာကို ဗမာက အဆုံးအဖြတ်ပေးနေတာမျိုး အဲဒါကို လက်ခံလို့မရ။ အဲဒါကြောင့် ရက္ခိုင့်ကံကြမ္မာကို ရခိုင်တွေ အဆုံးအဖြတ်ပေးနိုင်အောင် အနေအထားထိ ရောက်အောင် ကျနော်တို့ ဆက်ပြီး ကြိုးပမ်းသွားမယ်။

DMG - လက်ရှိအချိန်မှာ ရက္ခိုင့်တပ်မတော်ဟာ နေရာတော်တော်များများမှာ ခြေကုပ်ယူနိုင်ထားပြီလို့ သိရပါတယ်။ ဘယ်လိုနေရာတွေမှာ ခြေကုပ်ယူနိုင်ထားတာလဲ။

ခိုင်သုခ - ဒါကတော့ စစ်ရေးကိစ္စဖြစ်တဲ့အတွက် ပြောဖို့ကတော့ ခက်တယ်။ ဒီအခု ထိပ်တိုက်တွေ့နေတဲ့ နေရာတွေကိုတော့ အားလုံးသူ မြင်တဲ့အတိုင်းပဲ။ အဲဒီတော့ ကျနော်တို့က ရခိုင်တစ်ပြည်လုံးကို ကျနော်တို့ ရခိုင်ပြည်ဆိုတာကတော့ သိတဲ့အတိုင်းပဲ။ ရခိုင်ဒေသဟာ ရခိုင်တွေရဲ့နေရာ။ ရခိုင်တွေရဲ့ နေရာက ရက္ခိုင့်တပ်မတော်ရဲ့ နေရာပဲ။ ရက္ခိုင့်တပ်မတော်ဟာ ပြည်သူကြားထဲက ပေါက်ဖွားလာတာဖြစ်တဲ့အတွက် ရခိုင်တွေရဲ့နေရာဟာ ရက္ခိုင့်တပ်မတော်ရဲ့ နေရာပဲ။

ကျေးဇူးတင်ပါတယ်။

ယခုအင်တာဗျူးကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ထုတ် Development News Journal အမှတ်(၁၀၀) တွင်လည်း ဖတ်ရှုနိုင်သည်။

ဗီဒီယိုများ