“နစကကို ဆန့်ကျင်တဲ့ပါတီတွေရော၊ မဆန့်ကျင်တဲ့ပါတီတွေပါ တော်တော်များများ ဖျက်သိမ်းခံရမှာ”

စစ်ကောင်စီက အသစ်ပြဌာန်းလိုက်တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေ နဲ့ပတ်သက်လို့ မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူလည်းဖြစ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(SNDP)မှ အမတ်ဟောင်းလည်းဖြစ်သူ ဦးရဲထွန်းနဲ့ ဆက်သွယ်မေးမြန်းခြင်း

By Admin 30 Jan 2023

“နစကကို ဆန့်ကျင်တဲ့ပါတီတွေရော၊ မဆန့်ကျင်တဲ့ပါတီတွေပါ တော်တော်များများ ဖျက်သိမ်းခံရမှာ”

(အင်တာဗျူး)

စစ်ကောင်စီက အသစ်ပြဌာန်းလိုက်တဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေနဲ့ပတ်သက်လို့ မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူလည်းဖြစ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(SNDP)မှ အမတ်ဟောင်းလည်းဖြစ်သူ ဦးရဲထွန်းနဲ့ ဆက်သွယ်မေးမြန်းခြင်း။

DMG ၊ ဇန်နဝါရီ ၃၀

၂၀၂၀ ရွေးကောက်ပွဲမှာ မဲသမာမှုရှိတယ်လို့အကြောင်းပြပြီး နိုင်ငံတော်အာဏာကို သိမ်းယူခဲ့တဲ့ စစ်ကောင်စီဟာ အခုဇန်နဝါရီလ ၂၆ ရက်နေ့မှာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေသစ်ကို ပြဌာန်းခဲ့ပါတယ်။

ဒီဥပဒေသစ်မှာ တစ်နိုင်ငံလုံးအဆင့်ပါတီတွေအနေနဲ့ ပါတီဝင်အင်အား တစ်သိန်းနဲ့ တိုင်း/ပြည်နယ်အဆင့် ပါတီတွေမှာ ပါတီဝင်အင်အား တစ်သောင်း ရှိရမှာဖြစ်ပြီး တစ်နိုင်ငံလုံးအဆင့် ပါတီတွေအနေဖြင့် ရန်ပုံငွေ သိန်းတစ်ထောင်နဲ့ တိုင်းနဲ့ ပြည်နယ်အဆင့် ပါတီတွေအနေဖြင့် သိန်းတစ်ရာထားရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် တစ်နိုင်ငံလုံးအဆင့် ပါတီတွေအနေနဲ့ တစ်နိုင်ငံလုံးရဲ့ ထက်ဝက်ကျော်မှာ ပါတီရုံးတွေ ဖွင့်လှစ်ထားရမှာဖြစ်ပြီး တိုင်းနဲ့ပြည်နယ်အဆင့် ပါတီတွေအနေနဲ့ မြို့နယ် ၅ မြို့နယ်မှာ ပါတီရုံးတွေ ဖွင့်ထားရမှာဖြစ်ပါတယ်။

ဥပဒေသစ်ထုတ်ပြန်တဲ့နေ့ကနေ ရက်ပေါင်း ၆၀ အတွင်းမှာ ရွေးကောက်ပွဲကော်မရှင်ကို နိုင်ငံရေးပါတီတွေ ပြန်လည်မှတ်ပုံမတင်ရင် ပါတီအဖြစ်ကနေ အလိုအလျောက်ပျက်ပြယ်သွားမှာဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီက ပြဌာန်းလိုက်တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေသစ်ဟာ အင်အားကြီး ပါတီတွေအတွက် အားသာသွားနိုင်ပြီး အင်အားနည်းတဲ့ တိုင်းရင်းသားနိုင်ငံရေးပါတီတွေအတွက် အကျပ်အတည်း ဖြစ်စေတယ်လို့ နိုင်ငံရေးအသိုင်းအဝိုင်းက သုံးသပ်နေကြပါတယ်။

ဒီအကြောင်းအရာတွေနဲ့ပတ်သက်လို့ မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူလည်းဖြစ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(SNDP)မှ အမတ်ဟောင်းလည်းဖြစ်သူ ဦးရဲထွန်းကို DMG က ဆက်သွယ်မေးမြန်းထားပါတယ်။

DMG - စစ်ကောင်စီ ပြဌာန်းလိုက်တဲ့ နိုင်ငံရေးပါတီဥပဒေသစ်နဲ့ပတ်သက်လို့ ဘာတွေထူးခြားတာ တွေ့ရပါသလဲ။

UYT - ထူးခြားချက်ကတော့ ပါတီတည်ထောင်မယ်ဆိုရင် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ထောင်တဲ့ ပါတီတွေက ပါတီဝင် ၁ သိန်းကို ၃ လအတွင်း စုဆောင်းစည်ရုံးနိုင်တယ်ဆိုတဲ့ အာမခံချက်ပေးရမယ်။ နောက်ပြီးတော့ သိန်း ၁,၀၀၀ ရှိရမယ်ပေါ့။ ဒီသတ်မှတ်ချက်က အရင်ဥပဒေနဲ့ယှဉ်လို့ရှိရင် မြင့်သွားတာပေါ့။ စည်းရုံးရမယ့် အင်အားတွေ၊ ငွေရေးကြေးရေးတွေက မြင့်သွားတယ်။

တစ်ခါ ပြည်နယ်၊ တိုင်းဒေသကြီး တစ်ခုချင်းစီမှာဆိုရင်လည်း သိန်း ၁၀၀ ပြရမယ်၊ အင်အား ၁,၀၀၀ စည်းရုံးရမယ်ဆိုတော့ ထူးခြားချက်က ကျနော်တို့ လက်ရှိမြေပြင်မှာဖြစ်နေတာက နိုင်ငံရေးပါတီတွေက တစ်ပြည်နယ်လုံး ပြိုင်နိုင်တဲ့ ပါတီတွေရှိတယ်။ နောက် တစ်ပြည်လုံးမပြိုင်နိုင်ဘဲ ဥပမာ- တိုင်းဒေသကြီး ၃၊ ၄ ခုလောက်မှာ ပြည်နယ်တစ်ခု၊ နှစ်ခုလောက်မှာရှိတယ်။ ရှမ်းပါတီတွေဆိုရင် ကချင်ပြည်နယ်မှာလည်း ပြိုင်ကြတာတွေရှိတယ်။ ဒီလို ပြည်နယ်၊ တိုင်းဒေသကြီး တစ်ခုချင်းစီမဟုတ်ဘဲနဲ့ နှစ်ခု၊ သုံးခုလောက် ပြိုင်နိုင်တဲ့ ဟာမျိုးပေါ့နော်။ လေးငါးခုလောက် ပြိုင်နိုင်တာ။ ဆိုတော့ အကြီးဆုံး တစ်ပြည်လုံးပြိုင်တဲ့ပါတီနဲ့ အနည်းဆုံး ပြည်နယ်တစ်ခု ဒါမှမဟုတ် တိုင်းဒေသကြီး တစ်ခုအတွက်ပဲ မှတ်ပုံတင်လို့ရတဲ့သဘော ဖြစ်နေတယ်။

လက်တွေ့မှာက တချို့နိုင်ငံရေးပါတီတွေက တစ်ပြည်လုံးမပြိုင်နိုင်ပေမဲ့ ပြည်နယ်နှစ်ခု ပြိုင်တာတို့၊ တိုင်းဒေသကြီး တစ်ခု၊ နှစ်ခုပြိုင်တာတို့ တွေ့ရတယ်။ အဲဒီလို ပြဌာန်းထားတာမရှိဘူးဆိုတော့ နိုင်ငံရေးပါတီ တော်တော်များများကတော့ အခက်အခဲတွေ့လိမ့်မယ်။

DMG - နိုင်ငံရေးပါတီတွေအနေနဲ့ ဘယ်လို အခက်အခဲမျိုး ရှိလာနိုင်မယ်လို့ ရှုမြင်ပါသလဲ။

UYT - သူတို့(စကစ)ပေးထားတဲ့ အချိန် ၃ လအတွင်းမှာ ပါတီဝင်တစ်သိန်းပြည့်အောင် စည်းရုံးရမယ်ဆိုတာက ဒီနေ့လို နိုင်ငံရေးအခြေအနေ၊ ဒီနေ့လို ကာလနဲ့ကတော့ တော်တော်အခက်အခဲ ရှိတာပေါ့။ ကျနော်တို့ ပါတီဝင် စည်းရုံးရေးပဲဖြစ်စေ၊ နောက်တစ်ခါ ရွေးကောက်ပွဲယှဉ်ပြိုင်ဖို့အတွက် စည်းရုံးရေးဆင်းတာပဲဖြစ်စေ နိုင်ငံရေးလှုပ်ရှားမှုတွေက တော်တော်အန္တရာယ်ရှိတယ်လို့ ပြောရမယ်။ ဘာကြောင့်လဲဆိုတော့ ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ အင်အားစုတွေက မပျက်ပျက်အောင် ဖျက်မယ်ဆိုတဲ့ ကြွေးကြော်ချက်တွေ၊ လှုံ့ဆော်မှုတွေရှိနေတော့ ပါတီဝင်စည်းရုံးရေး ကိစ္စတွေမှာလည်း နည်းနည်းအန္တရာယ်ရှိတာပေါ့။ ဒါကြောင့် ဒီကာလမှာ ပါတီဝင် တစ်သိန်းပြည့်အောင် ဖြည့်ဖို့ဆိုတာကတော့ တစ်ချို့ပါတီတွေအနေနဲ့က သိပ်အခက်အခဲ မရှိနိုင်ပေမဲ့ အများစုကတော့ အခက်အခဲရှိမှာ။

DMG - တိုင်းနဲ့ ပြည်နယ်တွေမှာ ဝင်ပြိုင်မယ့်ပါတီတွေအနေနဲ့ရော ဘယ်လို ရိုက်ခတ်မှုတွေ ရှိလာနိုင်မလဲ။

UYT - အဲဒီမှာက ပါတီကြီးတွေအတွက်ကတော့ သိပ်ပြီးအခက်အခဲမရှိဘူး။ ရှမ်းပြည်နယ်မှာဆိုရင် SNLD၊ SNDP တို့ ပါတီတွေအတွက်ကတော့ ဒီငွေပမာဏနဲ့၊ ပါတီဝင်အရေအတွက်က သိပ်ပြီး ပြဿနာမရှိလောက်ဘူး။ ဒါပေမဲ့ ပြည်နယ်ထဲမှာ ဒေသဆိုင်ရာအလိုက်ပဲ ဝင်ပြိုင်နိုင်တဲ့ လူဦးရေနည်းတဲ့ တိုင်းရင်းသားလူမျိုးပါတီတွေ ရှိတယ်။ ဥပမာ - ကိုးကန့်ပါတီ၊ လားဟူပါတီ ဒီလိုပါတီလေးတွေကျတော့ နည်းနည်းအခက်အခဲရှိနိုင်တာ။ ဆိုလိုတာက ရွေးကောက်ပွဲမှာတော့ သူက ၁ နေရာပဲပြိုင်ရင်ရပြီဆိုပြီး သူတို့အတွက် နည်းနည်းဖြေလျှော့ ထားတာပေါ့။ ဒါပေမယ့် ရုံးကတော့ ၅ မြို့နယ် ဖွင့်ရမယ်ဆိုတာကတော့ ပါတီငယ်တွေ အခက်အခဲရှိနိုင်တာပေါ့။

DMG - နိုင်ငံရေးပါတီဥပဒေသစ်ဟာ နိုင်ငံရေးပါတီတွေ ဖျက်သိမ်းခံရမယ့်အတိုင်းအတာကရော ဘယ်လောက်ထိ ဖြစ်သွားနိုင်မလဲ။

UYT - မှန်ပါတယ်။ ဒီလို ပြန်ပြီးတော့ မှတ်ပုံတင်ရမယ်ဆိုတဲ့အခါကျတော့ နိုင်ငံရေးပါတီတွေကို တမင်တကာ ရွေးကောက်ပွဲကော်မရှင်ဘက်က ဘယ်ဥပဒေချိုးဖောက်လို့ စသဖြင့် ဖျက်သိမ်းတယ်ဆိုတာမျိုး လုပ်စရာမလိုဘဲနဲ့ ဥပဒေသစ်နဲ့အညီ မှတ်ပုံတင်ရေးမလုပ်တဲ့အခါ သူ့ဟာသူ ဖျက်သိမ်းခံရတယ်ဆိုတဲ့ အနေအထားဖြစ်သွားမှာ။ နိုင်ငံရေးလှုပ်ရှားမှုတွေလည်း လုပ်လို့မရတော့ဘူး။ အဲဒီလို အခြေအနေမျိုး ရောက်သွားမှာပေါ့။

နစကကို ဆန့်ကျင်တဲ့ ပါတီတွေကတော့ နဂိုကတည်းက ရွေးကောက်ပွဲမဝင်ဘူးဆိုပြီးတော့ ကြေညာထားတာရှိတယ်။ ဒီလို ကြေညာထားတဲ့အခါကျတော့ မူလစည်းကမ်းချက်အရကိုပဲ ၃ နေရာ ဝင်မပြိုင်ရင် ဖျက်သိမ်းရမှာ။ အဲတော့ ဒီဟာက နဂိုရှိပြီးသားဆိုတော့ မကြေငြာဘူးလို့ ဆန့်ကျင်တဲ့ပါတီတွေက ဝင်ရောက်ယှဉ်ပြိုင်မှု မလုပ်ဘူးလို့ ကြေငြာထားတဲ့ပါတီတွေကတော့ သေချာပေါက် ပထမဥပဒေအရ ဖျက်သိမ်းခံရမယ်ဆိုတာ သူတို့သိပြီးသားပေါ့။ ဒါလည်း သူတို့ ဂရုမစိုက်ပါဘူး။ အခုက အဲဒီလို့ ဆန့်ကျင်တဲ့ပါတီတွေ မဟုတ်တဲ့ ပါတီတွေပါ ဖျက်သိမ်းခံရနိုင်တဲ့ သဘောရှိတယ်။

ဘယ်လိုပါတီတွေလည်းဆိုတော့ တစ်ပြည်လုံးယှဉ်ပြိုင်မယ်ဆိုပြီးတော့ နောက်စည်းကမ်းချက်နဲ့အညီ ပါတီဝင် ၁ သိန်းကို ၃ လအတွင်းမှာ မစည်းရုံးနိုင်တာတို့၊ နောက်တစ်ခါ ပါတီကရှိရမယ့် သိန်း ၁ ထောင် မရှိတာတို့။ ဒီလိုပါတီတွေကတော့ အချင်းချင်းပူးပေါင်းပြီးတော့ ဆောင်ရွက်ချင်ဆောင်ရွက်၊ မဆောင်ရွက်ဘူးဆိုရင်တော့ ဖျက်သိမ်းခံရမှာ။ ပြောရမယ်ဆိုရင် နစကကို ဆန့်ကျင်တဲ့ ပါတီတွေရော၊ မဆန့်ကျင်တဲ့ ပါတီတွေပါ တော်တော်များများ ဖျက်သိမ်းခံရမှာဖြစ်တော့ နိုင်ငံရေးပါတီတွေ ကျုံ့သွားမှာပေါ့။ သူတို့ (စစ်ကောင်စီ)ရဲ့ ရည်ရွယ်ချက်က နိုင်ငံရေးပါတီတွေ ဖောင်းပွနေတယ်လို့ ယူဆထားတယ်။

DMG - ဒီဥပဒေသစ်က ဘယ်ပါတီတွေကို အားသာသွားနိုင်မယ်လို့ မြင်ပါလဲ။

UYT - တပြည်လုံးပြိုင်တဲ့ နိုင်ငံရေးပါတီတွေအနေနဲ့တော့ ပြည်ခိုင်ဖြိုးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး (တစည)ပါတီ၊ နောက်သတ်မှတ်ထားတဲ့ ဘဏ္ဍာရေးကိုလိုက်နိုင်တဲ့ ဒေါ်သက်သက်ခိုင်ရဲ့ PPP ပါတီတို့ကတော့ တစ်ပြည်နယ်လုံး ပြိုင်မယ်ဆိုတဲ့အနေအထားမှာ သူတို့ဆက်လက်ပြီးတော့ ပါတီမှတ်ပုံတင်နိုင်လိမ့်မယ်။ တော်တော်များများ ပါတီတွေကတော့ ငွေကြေးတွေလည်း မတောင့်တင်းတာ၊ ၃ လအတွင်းမှာ ပါတီဝင် တစ်သိန်းလည်း မဖွဲ့နိုင်တာ။ နောက်မဲဆန္ဒနယ် မြို့နယ် ၃၃၀ တစ်ဝက်ကိုလည်း မပြိုင်နိုင်တဲ့ပါတီတွေကတော့ ဖျက်သိမ်းတာမလုပ်ရင်တောင်မှ တိုင်းဒေသကြီး တစ်ခုတည်းမှာပဲ နိုင်ငံရေးလှုပ်ရှားမှု လုပ်ပါမယ်ဆိုတဲ့ သတ်မှတ်ချက်နဲ့ တိုင်းဒေသကြီးတစ်ခုတည်းမှာပဲ ပြိုင်ဖို့ မှတ်ပုံတင်တာမျိုး ဖြစ်သွားနိုင်တယ်။

DMG - တိုင်းရင်းသားပါတီတွေအတွက်ရော ဘယ်လိုမျိုး အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်မလဲ။

UYT - တိုင်းရင်းသားပါတီတွေထဲမှာလည်း ပြည်နယ်တစ်ခုလုံးကို လွှမ်းခြုံပြီးတော့ စည်းရုံးထားနိုင်တဲ့ ပါတီတွေကတော့ ပြဿနာမရှိဘူး။ တိုင်းရင်းသား လူမျိုးစုငယ်တွေရဲ့ ပါတီအတွက်ကတော့ နည်းနည်းတော့ ခက်ခဲမယ်။ ဒါပေမဲ့ ပြည်ထောင်စုတစ်ခုလုံးမှာ ယှဉ်ပြိုင်မယ့်ပါတီတွေ၊ ဗမာလူမျိုးနေထိုင်တဲ့ ဒေသကိုအာရုံစိုက်ပြီး စည်းရုံးမယ့်ပါတီတွေရဲ့ အခက်အခဲလောက်တော့ မကြီးဘူးပေါ့နော်။ သူတို့လည်း အခက်အခဲ ရှိသင့်သလောက် ရှိမယ်။ ဒါပေမဲ့ သူတို့ကတော့ တပြည်လုံးပြိုင်ဖို့ သတ်မှတ်ထားတဲ့ သတ်မှတ်ချက်လောက်တော့ မပြင်းထန်ဘူးလို့ ယူဆပါတယ်။

DMG - အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

#R007

ဗီဒီယိုများ