- ၃၄၄ အမြောက်တပ် တိုက်ခိုက်ခံရပြီးနောက် ရေကြည်တွင် စစ်ကောင်စီ အထိုင်ချခံစစ်ပြင်ထား
- ကျောက်ဖြူ၊ ရဲတပ်ရင်းတိုက်ပွဲ ပြင်းထန်နေဆဲ၊ စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား လက်နက်ချ
- AA နှင့် ဒေသခံများ ကြိုးပမ်းနေသည့် တောင်ကုတ်မြို့ ပြန်လည်ထူထောင်ရေး
- ရေကြည်တွင် AA ပူးပေါင်းတပ်များ အမတ ၃၄၄ စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲနေ
- ကျောက်ဖြူမြို့အနီး တိုက်ပွဲကပ်လာ၍ မြို့ပေါ်လုံခြုံရေး စစ်ကောင်စီ ပိုတင်းကျပ်
AA နှင့် ဒေသခံများ ကြိုးပမ်းနေသည့် တောင်ကုတ်မြို့ ပြန်လည်ထူထောင်ရေး
လက်ရှိတွင် ULA/ AA က အုပ်ချုပ်ရေးယန္တယား တည်ဆောက်၍ တောင်ကုတ်မြို့ ပြန်လည်ထူထောင်ရေးကို အကောင်အထည်ဖော်ရန် ဒေသခံများနှင့်အတူ ဆောင်ရွက်လျက်ရှိသည်။
13 Jun 2025

DMG ၊ အင်တာဗျုး
ရခိုင်ပြည်သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီ၏ စကခ (၅) ဌာနချုပ်ရှိရာ တောင်ကုတ်မြို့ကို အာရက္ခတပ်တော် (AA) က ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၄ ရက်တွင် အပြီးသတ်သိမ်းပိုက်ခဲ့သည်။
လက်ရှိတွင် ULA/ AA က အုပ်ချုပ်ရေးယန္တယား တည်ဆောက်၍ တောင်ကုတ်မြို့ ပြန်လည်ထူထောင်ရေးကို အကောင်အထည်ဖော်ရန် ဒေသခံများနှင့်အတူ ဆောင်ရွက်လျက်ရှိသည်။
တောင်ကုတ်မြို့တွင် ULA/ AA ၏ အုပ်ချုပ်ရေးနှင့် ပြန်လည်ထူထောင်ရေးကဏ္ဍများအပြင် လက်ရှိ ဒေသခံများ အခြေအနေများနှင့် ပက်သက်၍ တောင်ကုတ်မြို့ခံ ပရဟိတ စေတနာ့ဝန်ထမ်း ကိုညီလင်းဇော်ကို DMG က ဆက်သွယ်မေးမြန်းထားခြင်းအား တင်ဆက်ပေးလိုက်သည်။
DMG - တိုက်ပွဲကာလအတွင်း တောင်ကုတ်မှာ ပျက်စီးထိခိုက်မှုအခြေအနေတွေနဲ့ ပတ်သက်ပြီး ဦးစွာ ပြောပြပေးပါ။
၂၀၂၄ နိုဝင်ဘာ ၃ ရက်ကစပြီးတော့ ဒီဇင်ဘာ ၁၃ ရက်အထိ စစ်ကောင်စီက လေကြောင်းအသုံးပြု၊ တိုက်ခိုက်မှု အကြိမ်အရေအတွက်က ၂၁၃ ကြိမ်အထိ ရှိခဲ့ပါတယ်။ အဲတစ်ချက်တည်းနဲ့ကို မြို့ပျက်စီးမှု ပမာဏကို ခန့်မှန်းလို့ရမယ် ထင်ပါတယ်။ ဆုံးရှုံးသွားတဲ့ တန်ဖိုးပမာဏကိုကျတော့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရကနေ စာရင်းထုတ်ပြန်မှ သိရနိုင်ပါမယ်။
မြေပြင်အနေအထားက တိုက်ပွဲကာလထဲမှာ တပ်တော်(AA) ကနေပြီး မြို့ပြင်ထွက်ဖို့ပြောတာကို ပေါ့လျော့ပြီး တွယ်ကပ်၊ နေထိုင်တဲ့ ပြည်သူတွေရှိတဲ့အတွက် လေကြောင်းအန္တရာယ်ကြောင့် အရပ်သားထိခိုက်မှုတွေတော့ ရှိခဲ့ပါတယ်။ ပိတ်မိနေတဲ့လူတွေကိုကျတော့ ကျနော်တို့ မြေပြင်က လူတွေနဲ့ အုပ်ချုပ်ရေးပိုင်းက လူတွေပေါင်းပြီး ကယ်တင်ဆွဲထုတ်လို့ ကုသပေးခဲ့ရတာလည်း ရှိပါတယ်။ ဒဏ်ရာရတဲ့လူတွေကိုကျတော့ နေရာဒေသ ဖော်ပြလို့မရတဲ့နေရာတွေမှာ တပ်တော်က ဆေးကုသပေးခဲ့တာရှိပါတယ်။ စစ်ဘေးရှောင်တွေကိုတော့ အစိုးရ (ULA/AA) က ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတွေနဲ့ အရပ်ဘက်အဖွဲ့တွေပေါင်းပြီး ထောက်ပံ့ခဲ့တာတွေ ရှိပါတယ်။
DMG - လက်ရှိ တောင်ကုတ်မြို့ခံတွေရဲ့ အခြေအနေကိုလည်း သိပါရစေ။
တောင်ကုတ်မြို့ခံ တချို့တဝက်ကတော့ ဝင်ပြီး နေထိုင်တာတွေရှိပါတယ်။ အခြေအနေတွေက ပြန်လည်ထူထောင်ရေးကာလဖြစ်တာကြောင့် အခက်အခဲတွေ ရှိတာပေါ့။ တချို့လူတွေကျတော့ လေကြောင်းအန္တရာယ်ကိုကြောက်တဲ့အတွက် မနေဝံ့ဘဲ အခြေအနေကို စောင့်ကြည့်တဲ့လူတွေ ရှိသလို ပြည်မနဲ့ အဝေးတနေရာကို ရောက်နေတဲ့လူတွေလည်း ရှိတယ်။ အဲဒီလူတွေကတော့ ရခိုင်ပြည် အေးချမ်းတည်ငြိမ်ချိန်မှ ပြန်လာမယ်ဆိုပြီး စောင့်နေကြတာပေါ့။
DMG - တောင်ကုတ်မြို့ ပြန်လည်ထူထောင်ရေးက ဘယ်လိုအခြေအနေမှာ ရှိနေပြီလဲ။
အခု ပြန်လည်ထူထောင်ရေးကာလမှာတော့ အခက်အခဲတွေက အများကြီးရှိတယ်။ ဒီစိန်ခေါ်မှုတွေကို ကောင်းကောင်းမွန်မွန်နဲ့ တောင့်ခံနိုင်မယ်ဆိုရင်တော့ မကြာတဲ့ အချိန်တစ်ခုမှာ ပြန်ပြီး လည်ပတ်သွားနိုင်မယ်လို့ ယုံကြည်ရပါတယ်။ ဒီမှာရှိတဲ့ ပုဂ္ဂိုလ်တွေလည်း တစိုက်မက်မက် လုပ်နေကြတာကို မျက်မြင်ထင်ရှားတွေ့နေ ရတာရှိပါတယ်။
အခု ခြောက်လပိုင်း (ဇွန်လ) မတိုင်ခင်မှာတော့ အမှိုက်ခွန်ကို စပြီးတော့ ဆောင်ရတယ်ပေါ့နော်။ အမှိုက်ကားကလည်း မြို့ သန့်ရှင်းရေးကို အဓိကထားပြီး စည်ပင်က လုပ်ပေးနေတာဖြစ်တဲ့အတွက် တစ်နေ့ကို နှစ်ကြိမ်လောက်တော့ ကားထွက်ပြီး လုပ်ပေးနေတာရှိတယ်။ လုံခြုံရေးနဲ့ ပတ်သက်လို့ ရှိရင်တော့ တောင်ကုတ်မြို့အနေနဲ့ ဒီလပ် (Dleps) တွေ ပြည့်ပြည့်စုံစုံ မရောက်သေးတာ ဖြစ်တဲ့အတွက် သူခိုးအန္တရယ်တစ်ခုတော့ရှိတယ်။ ရပ်ကွက်ရုံးတွေကလည်း ညနေ ၅ နာရီလောက်ဆိုပိတ်တော့ အမှုအခင်း တစုံတရာဖြစ်ရင် ဆက်သွယ်ရေးလိုင်းတွေလည်း မရှိတဲ့အတွက် တိုင်တန်းရတာတွေအခက်အခဲတော့ရှိတယ်။
DMG - တောင်ကုတ်မြို့ ပြန်လည်တည်ဆောက်ရေးနဲ့ ပတ်သက်လို့ ဘာများပြောချင်လဲ။
ပွင့်ပွင့်လင်းလင်း ပြောစရာတစ်ချက်ပဲ ရှိတယ်။ အဲဒါ ဘာလဲဆိုတော့ ပြည်တွင်း၊ ပြည်ပ ရောက်ရှိနေတဲ့ အာရက္ခပြည်သူတွေအနေနဲ့ ဗိုလ်ချုပ်နဲ့တကွ ခေါင်းဆောင်တွေကို အကုန်လုံးကို ပြည့်ပြည့်ဝဝ ယုံကြည်ဖို့ လိုအပ်တယ်ဆိုတဲ့ တစ်ချက်ပါပဲ။ အဲဒီအချက်ကို ခိုင်ခိုင်မာမာနဲ့ ထားရှိမယ်ဆိုရင်တော့ အချိန်တိုအတွင်းမှာ အကုန်လုံး အဆင်ပြေသွားနိုင်မယ်လို့ ယုံကြည်ပါတယ်။
DMG - တောင်ကုတ်ဒေသခံတွေရဲ့ စားဝတ်နေရေးအခြေအနေကော ဘယ်လိုရှိလဲ။
အဲဒါကိုဖြေမယ်ဆိုရင် အဓိကအကျဆုံး တစ်ချက်ပဲ ရှိတယ်။ ဘာလဲဆိုတော့ ဒီကနေ နိုင်ငံရပ်ခြားကို ရောက်နေတဲ့ ညီကိုမောင်နှမတွေ ရှိတယ်။ ပြီးတော့ သားသမီးတွေ ရှိတယ်။ လင်ယောင်္ကျားတွေ ရှိတယ်။ အဲလိုလူတွေကို မှီခိုအားထားနေရတဲ့ မိသားစုတွေအနေနဲ့ ပထမဦးဆုံး ကြုံရတဲ့ အခက်အခဲက တစ်ဘက်နိုင်ငံကလွှဲတဲ့ ငွေကြေးကို သွားရောက်ထုတ်ယူရတဲ့အခါ အခက်အခဲကြုံနေရတာ ရှိတယ်။
ဥပမာ- ဒီဘက် ရခိုင်တောင်ပိုင်းဒေသလို့ပဲ ပြောလိုက်ပါမယ်။ အဲဘက်က လူတွေကျတော့ လိုင်းရတဲ့နေရာသို့ တော်တော်အဝေးကြီးကို သွားပြီးထုတ် ယူရတယ်။ လမ်းခရီးစရိတ်ကိုက တစ်ခါသွားရင် တစ်သိန်းခွဲ၊ နှစ်သိန်းလောက်မှာ ရှိတယ်။ အဲတော့ ဟိုက လွှဲလိုက်တဲ့ ငွေက သုံးသိန်းလောက်ရှိမယ်။ ဒီမှာ သွားစရိတ်၊ လာစိရိတ်က နှစ်သိန်းလောက်ရှိတဲ့ အခြေအနေဆိုတော့ အဲလိုမျိုး အင်တာနက်လိုင်း အသုံးပြုမှုမရလို့ နစ်နာနေရတဲ့လူတွေက တော်တော်များများရှိတယ်။ အဲဒါကြောင့် ဖုန်းလိုင်းမရသေးတဲ့၊ အင်တာနက်မရသေးတဲ့ နေရာမျိုးမှာ အစိုးရက ငွေလွှဲငွေထုတ် အဆင်ပြေအောင်လုပ်ပေးမယ်ဆိုရင်တော့ ပိုပြီးတော့ ကောင်းမယ်လို့ အကြံပြုချင်တယ်။
DMG - တောင်ကုတ် စစ်ဘေးရှောင်တွေရဲ့ အခြေအနေကိုလည်း ပြောပြပေးပါ။
စစ်ဘေးရှောင်တွေကတော့ ရှိတာတော့ရှိတယ်။ ဒါပေမဲ့ အနည်းအကျဉ်းလောက်ပဲ ကျန်တော့တယ်။ ဘာလို့လဲဆိုတော့ အာရက္ခတပ်တော်ကနေပြီး ကန့်သတ်ပိတ်ပင်ထားတဲ့ အချိန်ထိကို မြို့ကိုပြန်ပြီး ဝင်ခွင့်ရမလား မေးမြန်းတာတွေလည်း အများကြီး ရှိပါတယ်။ လက်ရှိ စစ်ဘေးရှောင်အရေးကို ထည့်ပြီးတော့ ပြောရမယ်ဆိုရင် မြို့တစ်ဝက်ကျော်လောက် ရှိတယ်။ ပြီးတော့ အိမ်တွေ ပါသွားတဲ့လူတွေကျတော့ တပ်တော်ကနေ ယာယီကဏ္ဍသဘောပုံစံမျိုးနဲ့ ခေတ္တစီစဉ်ပေးထားတာတွေလည်း ရှိတယ်။
DMG - မိုးတွင်းကာလနဲ့ တောင်ကုတ်ဒေသခံတွေရဲ့ အခြေအနေကိုလည်း သိပါရစေ။
အတတ်နိုင်ဆုံးတော့ ဒီက မြို့ကလူတွေ ပြုစုစောင့်ရှောက်ထားတာတော့ ရှိတယ်။ ပြီးတော့ ကျန်းမာရေးကိစ္စနဲ့ဆိုရင် အစိုးရက ဖွင့်ပေးထားတဲ့ ကျန်းမာရေးဌာနတွေ ရှိတယ်။ ပြည်သူတွေ ဈေးနှုန်းသက်သက်သာသာနဲ့ ဝယ်လို့ရအောင်ဆိုပြီး သက်သာဈေးဆိုင်တွေ ဖွင့်ပေးထားတာ ရှိတယ်။ ကျန်းမာရေးကဏ္ဍမှာတော့ အဆင်ပြေပြေနဲ့ကို လည်ပတ်နေပါတယ်။
တခုက ART ဆွေးသောက်နေရတဲ့ လူတွေကျတော့ ဆေးပြတ်လပ်တဲ့ ဝေဒနာကို ခံစားနေရတာရှိလို့ ခုနောက်ပိုင်းမှာ ရောဂါရဲ့ ဆိုးကျိုးတွေပေါ့။ နောက်ဆုံးအဆင့်ရောက်တဲ့ ပုံစံမျိုးအခြေအနေမှာ ရောဂါဝေဒနာနဲ့ အလူးအလဲ ခံနေရတာရှိတယ်။ ပြီးတော့ TV ဆေး ပြတ်လပ်တာမျိုးတွေ ရှိတယ်။ ဒီမိုးတွင်းက မူလကတည်းက ကုန်စည်ပြတ်လပ်တာတွေ ရှိတယ်။ ဒါပေမဲ့ ဒီ ၂၀၂၃ နဲ့ ၂၀၂၅ ကြားကာလမှာ အဆင်ပြေတဲ့ နေရာကနေ သယ်ယူပို့ဆောင်တာတွေ ရှိပေမယ့် လိုအပ်ချက် နည်းနည်းရှိလို့ ကုန်းဈေးနှုန်းကတော့ တက်လာမယ်လို့ ထင်တယ်။
DMG - ဖြည့်စွက်ပြီးတော့ ဘာများပြောချင်တာတွေရှိလဲ။
အစိုးရနဲ့ ပြည်သူနားလည်မှု လွဲမှားတာတွေ ပြီးတော့ အဲလို တိမ်းစောင်းမှုတွေ မရှိရအောင် အရပ်ဘက်ဆိုင်ရာ ဟောပြောပွဲတွေ လုပ်ပေးသင့်တယ်လို့ မြင်တယ်။ ဆက်သွယ်ရေးတွေ မရှိသေးတဲ့ ဒီအချိန်ကာလမှာ ဗိုလ်ချုပ်ပြောထားခဲ့သလို အာဏာအလွဲသုံးစား လုပ်တဲ့လူတွေ၊ အာဏာပြတဲ့လူ တွေရှိလာရင် ဒါမှမဟုတ် မကျေနပ်ချက် တစုံတရာ ရှိလာရင်ပဲဖြစ်ဖြစ် အသိပေးတိုင်တန်းလို့ရမယ့် စနစ်မျိုးတွေ၊ ဥပမာ အကြံပြု စာပို့လို့ရတဲ့ စနစ်တွေ အဲလိုမျိုး ပြည်သူအတွက် ဖော်ဆောင်ပေးမယ်ဆိုရင်တော့ အစိုးရနဲ့ ပြည်သူ အခုလိုမျိုး အချေအတင်မေးခွန်းတွေ ထုတ်နေတဲ့ကိစ္စမျိုးတွေ လျော့ကျသွားမယ်လို့ မြင်ပါတယ်။
DMG - အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။