သေဒဏ်ပေးနိုင်သည့် ရွေးကောက်ပွဲ ဥပဒေပြဋ္ဌာန်းချက် ပြည်သူအသံကို နှုတ်ပိတ်ခြင်းဟု ဆို

ပုဒ်မပေါင်း ၃၂ ခုပါဝင်သည့် အဆိုပါ ဥပဒေသည် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များနှင့် ရွေးကောက်ပွဲတွင် ပါဝင်သူများအား ကာကွယ်ပေးရန်ဖြစ်ပြီး ဥပဒေပါ ပြဋ္ဌာန်းချက်များကို ကျူးလွန်ပါက ထောင်ဒဏ် ၃ နှစ်မှ သေဒဏ်ထိချမှတ်နိုင်ကြောင်း ဖော်ပြထားသည်။

By Admin 30 Jul 2025

ဓာတ်ပုံ - UEC
ဓာတ်ပုံ - UEC

DMG ၊ ဇူလိုင် ၃၀

လာမည့် ၂၀၂၅ နှစ်ကုန် (သို့မဟုတ်) ၂၀၂၆ ခုနှစ်အစောပိုင်းတွင် ရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုးပမ်းနေသော စစ်ကောင်စီသည် သေဒဏ်အထိ ချမှတ်နိုင်သည့် ရွေးကောက်ပွဲ ဆန့်ကျင်နှောင့်ယှက်ခြင်းမှ ကာကွယ်နိုင်မည့် ဥပဒေတစ်ရပ်ကို ဇူလိုင် ၂၉ ရက်တွင် ပြဋ္ဌာန်းလိုက်သည်။

ပုဒ်မပေါင်း ၃၂ ခုပါဝင်သည့် အဆိုပါ ဥပဒေသည် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များနှင့် ရွေးကောက်ပွဲတွင် ပါဝင်သူများအား ကာကွယ်ပေးရန်ဖြစ်ပြီး ဥပဒေပါ ပြဋ္ဌာန်းချက်များကို ကျူးလွန်ပါက ထောင်ဒဏ် ၃ နှစ်မှ သေဒဏ်ထိချမှတ်နိုင်ကြောင်း ဖော်ပြထားသည်။

ဥပဒေအရ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးလုပ်ငန်းများတွင် ကိုယ်စားလှယ်လောင်းများအား မဲဆွယ်စည်းရုံးရေး မပြုလုပ်နိုင်စေရန်၊ မဲဆန္ဒရှင် တစ်ဦးဦးအား မဲမပေးနိုင်ရန်နှင့် မဲရုံအဖွဲ့ဝင်များနှင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များကို တာဝန်မထမ်းဆောင်နိုင်စေရန် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ ခြိမ်းခြောက်၊ နှောင့်ယှက်၊ ဟန့်တားခြင်းနှင့် မိမိသဘောဆန္ဒအလျောက် အပြင်းအထန်နာကျင်စေမှု ကျူးလွန်ပါက ထောင်ဒဏ် ၃ နှစ်မှ တစ်သက်အထိ ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

ပုဒ်မ ၂၇ တွင် ရွေးကောက်ပွဲနှင့် ဆက်စပ်၍ တစ်ဦးတစ်ယောက်ကို သေဆုံးမှုဖြစ်စေလျှင် ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သူအသီးသီးကို သေဒဏ်ချမှရမည်ဟု ဖော်ပြထားသည်။

ယင်းအပြင် မဲလက်မှတ်၊ စက်ပစ္စည်း၊ မဲရုံ၊ ကော်မရှင်ရုံး စသည့် ရွေးကောက်ပွဲနှင့် သက်ဆိုင်သောပစ္စည်းများ ပျက်စီးအောင် ပြုလုပ်သူကိုလည်း အနည်းဆုံးထောင် ၅ နှစ်မှ အများဆုံး ၁၀ နှစ်အထိ ချမှတ်နိုင်ကြောင်းလည်း ပြဋ္ဌာန်းထားသည်။

" အတိုက်အခံလုပ်မယ့်သူတွေ၊ ဝေဖန်မယ့်သူတွေကို နှုတ်ပိတ်ထားတဲ့ သဘောပေါ့။ တစ်နည်းအားဖြင့် ပါးစပ်ကို အဝတ်နဲ့ စည်းပြီး တက်နင်းတဲ့ သဘောပေါ့။ အော်လည်း မအော်ရဲအောင်၊ သူတို့ပြုသမျှ နုရမယ်ဆိုပြီးတော့ ဥပဒေနဲ့ ခြိမ်းခြောက်ထားတဲ့ သဘောပါပဲ။ ကိုယ့်ရဲ့ မကောင်းတဲ့လုပ်ရပ်ကို အပြောအဆိုမခံရအောင် အများဝေဖန်မခံရအောင် သူတို့မှာ ရှိတဲ့ အာဏာပါဝါတွေနဲ့ ပြည်သူကို ခြိမ်းခြောက်ပြီးတော့ သူတို့လုပ်ရပ် အောင်မြင်အောင် လုပ်မယ့်သဘောဆိုတာ မြင်နေရပါတယ်" ဟု ရခိုင့်ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက ပြောသည်။

ရွေးကောက်ပွဲကာလတွင် အဖွဲ့ဝင် ၁၄ ဦး ပါဝင်သည့် လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှုဗဟိုကော်မတီ' တစ်ရပ်ကို ဖွဲ့စည်းထားမည်ဖြစ်ပြီး၊ ထိုကော်မတီတွင် ပြည်ထဲရေးဝန်ကြီးက ဥက္ကဋ္ဌ၊ ကာကွယ်ရေး ဒုဝန်ကြီးက ဒုဥက္ကဋ္ဌ(၁)၊ ပြည်ထဲရေးဒုဝန်ကြီးက ဒုဥက္ကဋ္ဌ(၂)၊ ရဲချုပ်က အတွင်းရေးမှူးအဖြစ် တာဝန် ယူရမည်ဖြစ်ကြောင်း ဆိုထားသည်။

လက်ရှိ စစ်ကောင်စီရွေးကောက်ပွဲနှင့် ပတ်သက်၍ ပြည်သူများကလည်း စိတ်မဝင်စားကြသလို တော်လှန်ရေးအင်အားစုများ စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲ မဖြစ်မြောက်ရေး စည်းရုံးလှုံ့ဆော်မှု၊ ကန့်ကွက်မှုများပြုလုပ်နေချိန် ယခုကဲ့သို့ အမြင့်ဆုံးပြစ်ဒဏ်ချမှတ်နိုင်သည့် ဥပဒေကိုပြဌာန်းလာခြင်း ဖြစ်သည်။

မြန်မာနိုင်ငံအတွင်း လုံခြုံရေးအခြေအနေများကြောင့် ရွေးကောက်ပွဲကို ၁၆၁ မြို့နယ်တွင်သာ ကျင်းပနိုင်မည်ဖြစ်ကြောင်းလည်း စစ်ကောင်စီက ထုတ်ပြောထားသည်။

နိုင်ငံတဝန်းတွင် မြို့နယ်ပေါင်း ၃၃၀ ရှိသည့်အနက် မြို့နယ် ၂၄၀ တွင် တိုက်ပွဲများဖြစ်ပွားနေ၍ ရွေးကောက်ပွဲ ကျင်းပနိုင်ခြေရှိသည့် မြို့နယ်မှာ ၁၀၀ ထက်ပင် လျော့နည်းနိုင်ကြောင်း BNI ၏ ဖေဖော်ဝါရီလထုတ် အစီရင်ခံစာတွင် ဖော်ပြသည်။ ရွေးကောက်ပွဲကျင်းပနိုင်မည့် နယ်မြေ ၂၇ ရာခိုင်နှုန်းသာရှိကြောင်း BNI က သုံးသပ်ထားသည်။

"နယ်မြေမတည်ငြိမ်တော့ အကြောက်တရားသွင်းပြီး ရွေးကောက်ပွဲကို အတင်းအားဓမ္မ လက်ခံလာအောင် လုပ်တယ်လို့မြင်တယ်။ ဥပဒေ ဘယ်လောက်ပဲ ထုတ်ထုတ် ပြည်သူကတော့ ဆန့်ကျင်ကြမှာပါပဲ။ တိုင်းရင်းသား နယ်မြေတွေမှာ ရွေးကောက်ပွဲလုပ်နိုင်မယ့် အခြေအနေက လုံးဝမရှိသလောက်ဖြစ်တယ်။ သူတို့ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာတော့ တစ်စုံတစ်ရာ လုပ်နိုင်မယ်။ ဒါပေမယ့်‌ အောင်မြင်မှာ မဟုတ်တဲ့ အခြေအနေမှာရှိနေတယ်" ဟု မြန်မာနိုင်ငံရေး လေ့လာစောင့်ကြည့်နေသူ တစ်ဦးက ရှုမြင်သည်။

တစ်ဖက်တွင်လည်း စစ်ကောင်စီသည် လက်လွှတ်ဆုံးရှုံးထားရသော နယ်မြေများကို သိမ်းပိုက်နိုင်ရေး အပြင်းအထန်ကြိုးပမ်းနေပြီး နယ်မြေအချို့သိမ်းပိုက်ရရှိမှုရှိနေသည်။

ထိုသို့ စစ်ကောင်စီ ထိုးစစ်ဆင်မှုများလုပ်လာနေခြင်းမှာ ရွေးကောက်ပွဲကျင်းပနိုင်ရန်အတွက် ထိန်းချုပ်နယ်မြေကျယ်ပြန့်လိုမှုကြောင်းဖြစ်သည်ဟု စစ်ရေး၊ နိုင်ငံရေးအကဲခတ်တို့က ရှုမြင်ထားကြသည်။

စစ်ကောင်စီသည် တစ်ခုတည်းသော နိုင်ငံရေးတွက်ပေါက်ဖြစ်သော ရွေးကောက်ပွဲအခင်းအကျင်းကို မဖြစ်မနေပြုလုပ်မည့် အနေအထားရှိနေပြီး ထိုသို့ဖြစ်လာပါကလည်း လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲ မဟုတ်ကြောင်း နိုင်ငံရေးသမားများက ဝေဖန်ထားကြသည်။

"အဓိကတော့ ၂၀၀၈ ဖွဲ့စည်းပုံကို မပြင်သေးတဲ့အတွက် စစ်တပ်က ရွေးကောက်ပွဲမှာ ၂၅ ရာခိုင်နှုန်း အလိုလိုနိုင်ပြီးသားဖြစ်တယ်။ အဓိက အနိုင်ရတဲ့သူဟာ စစ်တပ်နဲ့ ကြံ့ဖွတ်ပါတီပဲ ဖြစ်မှာပါ။ အဲဒါကြောင့် သူတို့ပဲ အစိုးရဖြစ်မယ်ဆိုတာ သေချာတယ်။ တစ်နည်းအားဖြင့် စစ်အစိုးရတစ်ဖြစ်လည်း အရပ်သား ဟန်ဆောင် အစိုးရပဲ ဖြစ်ပါလိမ့်မယ်။ ဒီရွေးကောက်ပွဲဟာ လုံးဝတရားမျှတတဲ့ ရွေးကောက်ပွဲ မဟုတ်ကြောင်း ပြည်သူပြည်သားအားလုံး ခံစားလို့ရတယ်။ ရွေးကောက်ပွဲကို ဟန်ပြလုပ်ပြီးတော့ အာဏာကို ပြန်ယူမယ့် အစီအစဉ်ဖြစ်ပါတယ်" ဟု ဦးဖေသန်းက ပြောသည်။