ပုဏ္ဏားကျွန်းကို ပြန်လည်ထိုးစစ်ဆင်ရန် စစ်ကောင်စီ စီစဉ်နေ

စစ်ကောင်စီသည် စစ်တွေ - ပုဏ္ဏားကျွန်းနယ်စပ်တစ်လျှောက်တွင် ဇူလိုင် ၂၀ ရက်မှ စ၍ စစ်အင်အားဖြည့်တင်းပြီး တပ်အရွှေ့အပြောင်းများကို လုပ်ဆောင်ကာ နယ်စပ်တကြော ကျေးရွာများကို လက်နက်ကြီးပစ်ခတ်မှုများ ပြုလုပ်လျက်ရှိနေသည်။

By Admin 29 Jul 2025

စစ်ကောင်စီ၏ မြေပြင် စစ်ရေးလေ့ကျင့်မှုတစ်ခု။ ဓာတ်ပုံ - cincds
စစ်ကောင်စီ၏ မြေပြင် စစ်ရေးလေ့ကျင့်မှုတစ်ခု။ ဓာတ်ပုံ - cincds

DMG ၊ ဇူလိုင် ၂၉

ရခိုင်ပြည်၊ စစ်တွေမြို့အနီးရှိ အာရက္ခတပ်တော် (AA) သိမ်းပိုက်ထိန်းချုပ်ထားသော ပုဏ္ဏားကျွန်းမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရေး စစ်ကောင်စီ ထိုးစစ်ဆင်ရန် စီစဉ်နေကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

စစ်တွေ-ပုဏ္ဏားကျွန်းနယ်စပ်ရှိ အမြင့်ကျွန်း၊ ကျောက်တန်းချေ၊ ကံ့ကော်ကျွန်းနှင့် ဇော်မဒတ်စသည့် ကျေးရွာများရှိ အခြေစိုက်ဗျူဟာများနှင့် တပ်စခန်းများတွင် စစ်အင်အားဖြည့်ထားမှုများကို တောက်လျှောက်လုပ်ဆောင်နေကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

"အင်အားတွေ အဆမတန်ဖြည့်တင်းပြီးတော့ ပုဏ္ဏားကျွန်းမြို့နယ်ဖက်ကို ထိုးစစ်ဆင်ဖို့ အရိပ်အယောင်တွေ တွေ့နေရတယ်။ အဓိကတော့ ရှမ်းမြောက်တို့၊ မန္တလေးဖက်တို့မှာလို ရခိုင်မှာလည်း ဆုံးရှုံးနယ်မြေတွေကို ထိုးစစ်ဆင်လာမယ့် သဘောနဲ့ အင်အားတွေ ဖြည့်တင်းနေတာ" ဟု ၎င်းက ပြောသည်။

စစ်ကောင်စီသည် စစ်တွေ - ပုဏ္ဏားကျွန်းနယ်စပ်တစ်လျှောက်တွင် ဇူလိုင် ၂၀ ရက်မှ စ၍ စစ်အင်အားဖြည့်တင်းပြီး တပ်အရွှေ့အပြောင်းများကို လုပ်ဆောင်ကာ နယ်စပ်တကြော ကျေးရွာများကို လက်နက်ကြီးပစ်ခတ်မှုများ ပြုလုပ်လျက်ရှိနေသည်။

လက်ရှိ ပုဏ္ဏားကျွန်းမြို့နယ်က အိုင်ဒင်၊ ကျွဲထိုး၊ ကွမ်းတောင်၊ ပဒေသာ၊ ဆင်အင်ကြီးစသည့် ကျေးရွာများတွင် ပြန်လည်နေထိုင်နေကြသည့် ဒေသခံများမှာ ဘေးလွတ်ရာနေရာများသို့ တိမ်းရှောင်နေရပြီဖြစ်ကြောင်း သိရသည်။

ပုဏ္ဏားကျွန်းမြို့ခံ အမျိုးသားတစ်ဦးက "စစ်တွေနဲ့ ပုဏ္ဏားကျွန်းအစပ်ဖက်မှာ စစ်ရေးတင်းမာနေကြတယ်လို့ သိရတယ်။ အထူးသဖြင့် စစ်ကောင်စီက အင်းအားဖြည့်မှုတွေ လုပ်နေပြီးတော့ ထိုးစစ်ဆင်မှုတွေ လုပ်လာနိုင်တယ်လို့ သတင်းတွေ ထွက်နေတယ်။ မြို့နယ်အစပ်မှာရှိတဲ့ ကျေးရွာတချို့က ဒေသခံတချို့လည်း ရွေ့ပြောင်းမှုတွေ လုပ်နေကြရတယ်" ဟု ပြောသည်။

စစ်တွေမြို့နယ်တွင် ယခုနှစ်ဆန်းပိုင်းက နှစ်ဖက်လက်နက်ကြီး အပြန်အလှန်ပစ်ခတ်မှုများမှ လွဲ၍ တိုက်ပွဲကြီးကြီးမားမား ဖြစ်ပွားခြင်းမရှိသေးပေ။

စစ်ကောင်စီသည် ဇူလိုင်လလယ်ပိုင်းမှ စကာ စစ်တွေမြို့နယ်အတွင်း စစ်အင်အားဖြည့်တင်းကာ စစ်ရေးပြင်ဆင်မှုများ လုပ်လာနေသည်။

စစ်ကောင်စီသည် နိုင်ငံတဝန်း လက်လွှတ်ဆုံးရှုံးထားရသော နယ်မြေများကို ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်မှုများကို လုပ်လာနေပြီး အောင်မြင်မှု အချို့လည်း တွေ့နေရသည်။

ရှမ်းမြောက်၊ ကချင်၊ မန္တလေး၊ စစ်ကိုင်းတို့တွင် စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် ထိုးစစ်များဖော်ဆောင်လာနေပြီး ရခိုင်ဒေသအစပ် ဧရာဝတီမှာလည်း ရေကြောင်းက တစ်ဆင့် စစ်အင်အားဖြည့်ကာ ထိုးစစ်ဖော်ရန် ကြိုးပမ်းနေသည်။

CDM ဗိုလ်ကြီး ဇင်ယော်က "ရခိုင်မှာက သူ(စစ်ကောင်စီ)က ရှမ်းတောင်တို့၊ ရှမ်းမြောက်တို့လို လုပ်ပြချင်နေတယ်။ စစ်ကောင်စီက ပုဏ္ဏားကျွန်းမြို့နယ်အစပ်က တပ်စခန်းတွေမှာ လူအင်အားတွေ စုပြနေတာတွေဟာ ရွေးကောက်ပွဲအမှီ သူတို့ဆုံးရှုံးထားတဲ့ မြို့နယ်တွေအထဲက ပုဏ္ဏားကျွန်းမြို့နယ်တစ်ခုလောက် သူတို့ ပြန်ထိန်းချုပ်နိုင်မလားဆိုပြီး ပြင်ဆင်နိုင်တာ ဖြစ်နိုင်တယ်" ဟု ပြောသည်။

ရခိုင်ပြည် အနေအထားမှာ ရှမ်းမြောက်၊ မန္တလေးတို့ကဲ့သို့ အနေအထားနှင့် မတူသဖြင့် စစ်ကောင်စီ ထိုးစစ်ဆင်လာခဲ့သော်လည်း ရှေ့တိုးနိုင်မည်မဟုတ်ဘဲ လက်နက်ကြီးများဖြင့်သာ တိုက်ခိုက်နိုင်မည်ဟုလည်း CDM ဗိုလ်ကြီး ဇင်ယော်က ဆက်ပြောသည်။

ရခိုင်တွင် စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့တို့သာ အာရက္ခတပ်တော် (AA)က သိမ်းပိုက်ရန် ကျန်တော့ပြီး ထိုနယ်မြေများကို သိမ်းပိုက်နိုင်ရေး AA က တိုက်ခိုက်နေသော်လည်း အရှိန်မြှင့်ထိုးစစ်များ လုပ်ဆောင်ခြင်းမရှိသေးပေ။