တူရကီထံမှ KAAN တိုက်လေယာဉ် ၄၈ စင်း အင်ဒိုနီးရှား ဝယ်မည်

အင်ဒိုနီးရှားသည် တူရကီနိုင်ငံထုတ် KAAN အမျိုးအစား တိုက်လေယာဉ်များ ၄၈ စင်းအထိ ဝယ်ယူရန် သဘောတူစာချုပ် ချုပ်ဆိုလိုက်ပြီဖြစ်ကြောင်း အင်ဒိုနီးရှား ကာကွယ်ရေးဝန်ကြီးဌာနက ဇူလိုင်လ ၂၉ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

By Admin 30 Jul 2025

တူရကီနိုင်ငံက ထုတ်လုပ်သည့် KAAN အမျိုးအစား ဂျက်တိုက်လေယာဉ်။ ဓာတ်ပုံ - Turkish Aerospace

ပြီးခဲ့သည့် စနေနေ့က အစ္စတန်ဘူမြို့တွင် ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ ကာကွယ်ရေးပစ္စည်းများ ထုတ်လုပ်မှုပြပွဲတွင် တူရကီနှင့် စာချုပ် ချုပ်ဆိုခဲ့ခြင်း ဖြစ်ကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးဌာနပြောခွင့်ရ ဖရီဂါဝီနာအင်ရီဝန်က ပြောကြားသည်။ ကုန်ကျငွေပမာဏနှင့် ကြာမြင့်မည့်အချိန်ကိုမူ သူက ပြောကြားခြင်းမရှိပေ။

KAAN သည် တူရကီက ထုတ်လုပ်သည့် ပထမဆုံး ဂျက်တိုက်လေယာဉ်ဖြစ်ကာ ပြီးခဲ့သောနှစ် ဖေဖော်ဝါရီတွင် ပထမဆုံးလေယာဉ်ကို ထုတ်လုပ်ခဲ့သည်။ အစင်းရေ အမြောက်အများ ထုတ်လုပ်ရေးကိုမူ ၂၀၂၈ ခုနှစ်အထိ စတင်နိုင်ဦးမည် မဟုတ်ဟု ယူဆရသည်။

KAAN သည် တတိယမျိုးဆက် တိုက်လေယာဉ်အမျိုးအစားဖြစ်ကာ အမေရိကန်ထုတ် F-16 တိုက်လေယာဉ်သုံး အင်ဂျင်အမျိုးအစားကို အသုံးပြုထုတ်လုပ်မည်ဟု တူရကီကာကွယ်ရေး ဝန်ကြီးဌာနက ပြောကြားထားသည်။

နိုင်ငံ၏ စစ်တပ်ကို အဆင့်မြှင့်တင်ရန် အားသွန်ခွန်စိုက် ကြိုးပမ်းနေသည့် အင်ဒိုနီးရှားသည် ၂၀၂၂ ခုနှစ်ကလည်း အမေရိကန်ဒေါ်လာ ၈.၁ ဘီလျံအထိ အသုံးပြုကာ ပြင်သစ်လုပ် ရာဖယ်တိုက်လေယာဉ် ၄၂ စင်း ဝယ်ယူခဲ့သည်။

လက်ရှိ၌လည်း တရုတ်ထံမှ J-10 တိုက်လေယာဉ်များ မှာယူရန် အခြေအနေကြည့်နေသလို အမေရိကန်ထံမှလည်း F-15EX ဂျက်လေယာဉ်များ ဝယ်ယူရန် ဆွေးနွေးလျက်ရှိသည်။