AA ကို အကြမ်းဖက်အဖွဲ့မှ ပယ်ဖျက်ရေးအဆိုကို ရခိုင်လွှတ်တော်က အတည်ပြု

ထာဝရငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ရန်အတွက် ရက္ခိုင့်တပ်တော်(AA)အား အကြမ်းဖက်အဖွဲ့အစည်း အဖြစ် သတ်မှတ်ထားခြင်းမှ ပယ်ဖျက်ရေးအဆိုကို ရခိုင်ပြည်နယ်လွှတ်တော် ယနေ့အစည်းအဝေးတွင် အတည်ပြုခဲ့သည်။

By မင်းထွန်း 14 Jan 2021

မင်းထွန်း | DMG
ဇန်နဝါရီ ၁၄ ၊ စစ်တွေ

ထာဝရငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ရန်အတွက် ရက္ခိုင့်တပ်တော်(AA)အား အကြမ်းဖက်အဖွဲ့အစည်း အဖြစ် သတ်မှတ်ထားခြင်းမှ ပယ်ဖျက်ရေးအဆိုကို ရခိုင်ပြည်နယ်လွှတ်တော် ယနေ့အစည်းအဝေးတွင် အတည်ပြုခဲ့သည်။

ပြည်ထောင်စုအစိုးရ၏ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့မှ သတ်မှတ်ကြေငြာထားသော ULA/AA အား အကြမ်းဖက်အဖွဲ့အစည်းမှ ပယ်ဖျက်ပေးရန် ပြည်နယ်အစိုးမှတစ်ဆင့် ပြည်ထောင်စုအစိုးရအား တိုက်တွန်း သည့်အဆိုကို ဇန်နဝါရီလ ၁၁ ရက်နေ့က ရခိုင်ပြည်နယ်လွှတ်တော်တွင် တင်သွင်းခဲ့ခြင်းဖြစ်သည်။

အေအေကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားခြင်းသည် ထာဝရငြိမ်းချမ်းရေးစားပွဲဝိုင်းတွင် တန်းတူရည်တူ ပါဝင်ဆွေးနွေးရန်နှင့် ဖက်ဒရယ်ပြည်ထောင်စုကြီးကို တည်ဆောက်ရန်အတွက် အဟန့်အတား ဖြစ်နေကြောင်း အဆိုရှင် မြောက်ဦးမြို့နယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောသည်။

ဦးထွန်းသာစိန် တင်သွင်းသည့်အဆိုအား ယနေ့လွှတ်တော်အစည်းအဝေးတွင် ကိုယ်စားလှယ် (၇)ဦးမှ ထောက်ခံဆွေးနွေးခဲ့ပြီး အဆိုကိုကန့်ကွက်သူမရှိသဖြင့် လွှတ်တော်မှအတည်ပြုခဲ့ခြင်းဖြစ်သည်။

တပ်မတော်နှင့် AA တို့ လက်ရှိတိုက်ပွဲများ ရပ်တန့်နေသည့်အနေအထားထက် တိုးတက်မှုရှိစေရန် တွေ့ဆုံ ဆွေးနွေးခြင်းများ လုပ်ရန်လိုအပ်သည့်အတွက် AA ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားခြင်းမှ ပယ်ဖျက်ရန်လိုအပ်ကြောင်း မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က ဆိုသည်။

“တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဖို့အတွက်လည်း အကြမ်းဖက်ဆိုတဲ့ သတ်မှတ်ထားတာကို မပယ်ဖျက်နိုင်ရင် ရှေ့ကိုသွားဖို့ ထင်သလောက် ခရီးမရောက်နိုင်ဘူးလို့မြင်တယ်။ ဥပဒေထက်မှာ တစ်ယောက်မှမရှိစေရလို့ဆိုရင် ဒီနေ့အွန်လိုင်းက ဆွေးနွေးတာက ပွင့်ပွင့်လင်းလင်းပြောမယ်ဆိုရင် ဥပဒေနဲ့ငြိစွမ်းနေတဲ့ အနေအထားမျိုး ဖြစ်တယ်။ ဒါကြောင့် ရှေ့ဆက်ဆွေးနွေးမယ့် ပုဂ္ဂိုလ်တွေကလည်း ဥပဒေအောက်မှာ ဥပဒေနဲ့အညီ တရားဝင် အလုပ်လုပ်နိုင်အောင် အကြမ်းဖက်အဖြစ်သတ်မှတ်ထားတာက ပယ်ဖျက်ဖို့လိုအပ်တယ်” ဟု ၎င်းကပြောသည်။

ဘူးသီးတောင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်မြင့်ကမူ အကြမ်းဖက်အဖွဲ့အစည်း ဟူသည့် ကြေငြာချက်ကို အစိုးရသာလုပ်ဆောင်၍ရသည့်အတွက် AA ကို အကြမ်းဖက်အဖွဲ့အစည်းမှ ပြန်လည် ရုပ်သိမ်းရန်မှာလည်း အစိုးရမှလုပ်ဆောင်ပေးရမည်ဖြစ်ကြောင်း ပြောသည်။

“မိဘဖြစ်နေတဲ့နိုင်ငံတော်အစိုးရဟာ ဆက်လက်ပြီးငြိမ်းချမ်းရေးစားပွဲဝိုင်းကို သွားဖို့အနေအထားမှာ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေငြာထုတ်ပြန်ချက်ဟာ အစိုးရကပဲထုတ်ပြန်လို့ရတဲ့အတွက် မိဘဖြစ်တဲ့ အစိုးရက ပြန်လည်ရုပ်သိမ်းပေးမှ ရမှာဖြစ်တယ်” ဟု ၎င်းကဆိုသည်။

လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က AA ကို အကြမ်းဖက်အဖွဲ့မှ ပယ်ဖျက်ပေးရေးအဆို ပြည်နယ်လွှတ်တော်၌တင်သွင်းခြင်းသည် သင့်လျော်သည့် လုပ်ဆောင်ချက်ဖြစ်သော်လည်း အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားခြင်းမှပြန်လည်ရုပ်သိမ်းရန်မှာ တပ်မတော်၏ တင်ပြချက်အပေါ်မူတည်ကြောင်း မကြာသေးမီက DMG သို့ ပြောဆိုထားသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် မတ်လ ၂၃ ရက်နေ့က ရက္ခိုင့်တပ်တော်(AA)ကို မတရားအသင်းနှင့် အကြမ်းဖက်အုပ်စု အဖြစ် အစိုးရက သတ်မှတ်ကြေငြာခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံသည် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို ဦးတည်ပြီးလျှောက်လှမ်းနေသည့် နိုင်ငံဖြစ်သည့် အတွက် ပြည်တွင်းစစ်ရပ်စဲပြီး ငြိမ်ချမ်းရေးဆွေးနွေးပွဲများ လျင်မြန်စွာပေါ်ထွန်းရန် အရေးကြီးကြောင်း မြေပုံမြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းက ဆိုသည်။

“ပြည်တွင်းစစ်ရပ်စဲဖို့အတွက် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ အလျင်အမြန်ပေါ်ထွန်းလာဖို့ အင်မတန်အရေးကြီး ပါတယ်။ အဲဒါကြောင့် ULA/AA ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေငြာထားတာကို ပယ်ဖျက်ဖို့ အလွန်တရာ အရေးကြီးနေပါတယ်။ ဒါမှသာ လွတ်လပ်သောဆွေးနွေးမှုနဲ့ ငြိမ်းချမ်းရေးစားပွဲဝိုင်းမှ ကျော်တက် နိုင်မှာဖြစ်တယ်” ဟု ၎င်းကဆိုသည်။

၂၀၁၈ ခုနှစ် ဒီဇင်ဘာလအတွင်းမှ စတင်ဖြစ်ပွားခဲ့သည့် တပ်မတော်နှင့် AA တို့၏ တိုက်ပွဲများမှာ ၂ နှစ်နီးပါး အထိ စစ်ရေးအခြေအနေတင်းမာခဲ့သော်လည်း ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ရက်ပိုင်းမှစ၍ သေနတ်သံများတိတ်ဆိတ်ခဲ့သည်မှာ နှစ်လကျော်အထိ ရှိခဲ့ပြီဖြစ်သည်။

ရွေးကောက်ပွဲမကျင်းပခဲ့ရသော မြို့နယ်များတွင် ရွေးကောင်ပွဲပြန်လည်ကျင်းပရန် AA ၏ တောင်းဆိုချက်အပေါ် တပ်မတော်မှကြိုဆိုကြောင်း ထုတ်ပြန်ခဲ့ပြီးနောက် နှစ်ဖက်ခေါင်းဆောင်များ ဆွေးနွေးမှုမှာ သုံးကြိမ်တိုင်တိုင် ရှိလာခဲ့သည်။

ဗီဒီယိုများ