မောင်တောတွင် မွတ်ဆလင် ၅ ဦးသတ်ဖြတ်ခံရမှု AA နှင့် လုံးဝမသက်ဆိုင်ကြောင်း ဆို 

ရခိုင်ပြည်၊ မောင်တောမြို့နယ် မြောက်ပိုင်း၊ သရက်အုပ်ကျေးရွာအုပ်စု၊ အဘူဂျာ(မွတ်ဆလင်)ကျေးရွာမှ ရွာသား ၅ ဦး သတ်ဖြတ်ခံရသည်ဖြစ်စဉ်မှာ အာရက္ခတပ်တော်နှင့် လုံးဝမသက်ဆိုင်ကြောင်း ပြောသည်။

By Admin 24 Apr 2024

ဓာတ်ပုံ - Khaing Thu Kha Telegram Channel
ဓာတ်ပုံ - Khaing Thu Kha Telegram Channel

DMG ၊ ဧပြီ ၂၄ 

ရခိုင်ပြည်၊ မောင်တောမြို့နယ် မြောက်ပိုင်း၊ သရက်အုပ်ကျေးရွာအုပ်စု၊ အဘူဂျာ(မွတ်ဆလင်)ကျေးရွာမှ ရွာသား ၅ ဦး သတ်ဖြတ်ခံရသည်ဖြစ်စဉ်မှာ အာရက္ခတပ်တော်နှင့် လုံးဝမသက်ဆိုင်ကြောင်း AA ပြောခွင့်ရသူ ဦးခိုင်သုခက ပြောသည်။ 

အဆိုပါကျေးရွာအနီးတွင် မွတ်ဆလင်လက်နက်ကိုင်အဖွဲ့နှင့် မူးယစ်ဆေးဝါးဂိုဏ်းများ လှုပ်ရှားမှုများရှိနေပြီး မကျေနပ်၍ လုပ်ကြံခြင်းသာဖြစ်နိုင်ကြောင်း ဦးခိုင်သုခက ပြောသည်။ 

“ကျနော်တို့အဖွဲ့နဲ့ လုံးဝပတ်သက်မှု မရှိပါဘူး။ အဲဒီနေရာမှာ မွတ်ဆလင် အကြမ်းဖက်အဖွဲ့တွေဖြစ်တဲ့ ARSA, ARA, RSO နဲ့ တခြားမွတ်ဆလင်မူးယစ်ဂိုဏ်းတွေ လှုပ်ရှားပြီးတော့ ရှုပ်ထွေးတဲ့နေရာဖြစ်ပါတယ်။ ရာဇဝတ်ဂိုဏ်းတွေ ကြားမှာ တစ်ဖက်နဲ့တစ်ဖက် မကျေနပ်လို့ လုပ်ကြံသတ်ဖြတ်တာပဲ ဖြစ်ပါလိမ့်မယ်” ဟု သူက ပြောသည်။ 

သေဆုံးသူများမှာ အဘူဂျာရွာ ကျေးရွာမှ အသက် ၅၀ ကျော်အရွယ် ဦးမာလဝီဆော်အိဒ် ၊ အသက် ၄၀ ကျော် အရွယ် ဦးအပ်ဒုလ်အာမိန်၊ အသက် ၅၀ အရွယ် ဦးအာဘုလ်ကာလာမ်၊ ဦးအီစာလာမ်နှင့် ဦးအာယာစ် တို့ဖြစ်သည်။ ၎င်းတို့ ၅ ဦးအား ဧပြီလ ၁၇ ရက်နေ့တွင် အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ခုက ဖမ်းဆီးသွားပြီးနောက် ဧပြီလ ၂၂ ရက်နေ့တွင် ၎င်း ၅ ဦး၏ ရုပ်အလောင်းများအား ကျေးရွာအနီးတွင် တွေ့ရကြောင်း ဒေသခံများက ပြောသည်။

ယင်းကိစ္စကို AA က လုပ်ဆောင်သည်ဟု လူမှုကွန်ယက်ပေါ်တွင် စွပ်စွဲမှုများရှိနေပြီး “အာရက္ခတပ်တော်ကို မကျေနပ်တဲ့ အကြမ်းဖက်အဖွဲ့တွေက ဒေသခံတွေအထင်အမြင်လွဲမှားအောင် ဖန်တီးလုပ်ကြံတာမျိုးလည်း ဖြစ်နိုင်ပါတယ်” ဟု ဦးခိုင်သုခက ပြောသည်။ 

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော် (ULA/AA) အနေဖြင့် စစ်မြေပြင်မှ ဖမ်းဆီးရမိသည့် သုံ့ပန်းများကိုပင် ကောင်းမွန်စွာစောင့်ရှောက်ထားပြီး ယခုကဲ့သို့ ဥပဒေမဲ့ မတရားသတ်ဖြတ်ခြင်းကို လုံးဝ လုပ်မည်မဟုတ်ကြောင်း ဦးခိုင်သုခက ဆက်ပြောသည်။ 

သေဆုံးသွားသူများ၏ မိသားစုဝင်များနှင့်အဆက်အသွယ်ရရှိရန် DMG က ကြိုးစားခဲ့သော်လည်း မောင်တောဒေသတွင် ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ အဆင်မပြေဖြစ်နေသဖြင့် အဆက်အသွယ် မရရှိသေးပေ။ 

ရခိုင်ပြည်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ကြား တိုက်ပွဲနေ့စဉ်ရှိနေပြီး ဘူးသီးတောင်၊ မောင်တောရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို အပြီးသတ်သိမ်းပိုက်နိုင်ရေး AA က ထိုးစစ်အရှိန်မြှင့်တင် တိုက်ခိုက်နေသည်။ 

စစ်ကောင်စီကလည်း မောင်တောခရိုင်၌ မွတ်ဆလင်များအား အတင်းအဓမ္မခေါ်ယူကာ စစ်သင်တန်းပေးပြီးနောက် လူနေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ ဖောက်ထွင်းခြင်းများကို ဆက်တိုက်လုပ်ဆောင်နေသည်။

ရခိုင်ဒေသတွင် စစ်ရှုံးနေသော စစ်ကောင်စီသည် ရခိုင်နှင့် မွတ်ဆလင်အသိုင်းအဝိုင်းကြား လူမျိုးရေးပဋိပက္ခဖြစ်အောင် ကြိုးပမ်းနေကြောင်း AA အပါအဝင် နှစ်ဖက်အသိုင်းအဝိုင်းက DMG ကို ပြောဆိုထားကြသည်။

ဗီဒီယိုများ