COVID-19 သတင်းအချက်အလက်များပေးရာတွင် မသန်စွမ်းများအတွက် ထည့်သွင်းစဉ်းစားပေးဖို့ တောင်းဆို

ကူးစက်ပြန်နှံ့မှု မြန်ဆန်သည့် အသက်ရှူလမ်းကြောင်းဆိုင်ရာ COVID-19 ကပ်ရောဂါနှင့်ပတ်သက်ပြီး ပြည်သူ များအား သတင်းအချက်အလက်ပေးရာတွင် မသန်စွမ်းသူများအတွက်ပါ ထည့်သွင်းစဉ်စားပေးရန် မသန်စွမ်း အသင်းအဖွဲ့ ၉ ဖွဲ့က တိုက်တွန်းထားသည်။

05 Apr 2020

ဆွံ့နားမကြား ဝန်ထမ်းများဖြင့် လည်ပတ်လုပ်ကိုင်နေသော ရန်ကုန်မြို့၊ ဘိုကလေးဈေးလမ်း၊ အောက်ဘလောက်၊ အမှတ် (၅၈) ပထမထပ်တွင် ဖွင့်လှစ်ထားသည့် “The Able” Sign Language Book Cafe တွင် တွေ့ရသည့် လက်သင်္ကေတ ဘာသာစကား သရုပ်ပြပုံစံ။ (Photo – Nay Win San)

ခင်သရဖီဦး | DMG
ဧပြီ ၅ ၊ ရန်ကုန်

ကူးစက်ပြန်နှံ့မှု မြန်ဆန်သည့် အသက်ရှူလမ်းကြောင်းဆိုင်ရာ COVID-19 ကပ်ရောဂါနှင့်ပတ်သက်ပြီး ပြည်သူ များအား သတင်းအချက်အလက်ပေးရာတွင် မသန်စွမ်းသူများအတွက်ပါ ထည့်သွင်းစဉ်စားပေးရန် မသန်စွမ်း အသင်းအဖွဲ့ ၉ ဖွဲ့က တိုက်တွန်းထားသည်။

COVID-19 ကပ်ရောဂါနှင့်သက်ဆိုင်သည့် သတင်းအချက်အလက်များကိုပေးရာတွင် မသန်စွမ်းသူများအတွက်ပါ သတင်းရရှိနိုင်ရန် နိုင်ငံပိုင်၊ ပုဂ္ဂလိကပိုင်မီဒီယာများမှ လက်သင်္ကေတပြ ဘာသာစကားကိုပါ ထည့်သွင်းဖော်ပြပေးရန် ဧပြီလ ၃ ရက်နေ့က တိုက်တွန်းလိုက်ခြင်းဖြစ်သည်။

“ရုပ်သံကနေ ထုတ်ပြန်တဲ့အခါမှာ မသန်စွမ်းတဲ့သူတွေက အသံမကြားတဲ့အခါ စာတန်းထိုးတာမျိုး လုပ်ပေးလို့ရှိရင် သူတို့အတွက် အချိန်နဲ့တပြေးညီ သတင်းအချက်အလက်တွေ ရရှိပြီးတော့ မိမိကိုယ်ကို ကာကွယ်ဖို့ အပိုင်းတွေနဲ့ လိုက်နာရမယ့်အပိုင်းတွေနဲ့ ပါဝင်လုပ်ဆောင်နိုင်ဖို့အတွက် မသန့်စွမ်းသူတွေ သူတို့ရပိုင်ခွင့်ဖြစ်တဲ့ သတင်းအချက်အလက်ပိုင်းကိုရရှိဖို့ ထုတ်ပြန်တာဖြစ်ပါတယ်” မြန်မာနိုင်ငံ နားမကြားသူများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က တာဝန်ရှိသူ ကိုဆလိုင်းဒေးဗစ်က ပြောသည်။

မြန်မာနိုင်ငံရှိ ရုပ်သံမီဒီယာများထဲတွင် MRTV နှင့် DVB တို့တွင်သာ လက်သင်္ကေတပြ ဘာသာစကားဖြင့် သတင်းများကို ဖော်ပြပေးနေသည်ကိုတွေ့ရကြောင်းလည်း ဆိုသည်။

COVID-19 နှင့်ပတ်သက်သည့် ပြည်သူများအားလုံး သိသင့်သည့် အရေးကြီးသတင်းများကိုဖော်ပြရာတွင် လက်သင်္ကေတပြ ဘာသာစကားအပြင် စာတန်းထိုးခြင်းတို့ကိုပါ ထည့်သွင်းဖော်ပြနိုင်ခြင်း မရှိသေးသည်ကို တွေ့ရကြောင်း မသန်စွမ်းအသင်းအဖွဲ့များက ဆိုသည်။

ထိုသို့ ထည့်သွင်းဖော်ပြခြင်းမရှိသဖြင့် နားမကြားသူများအနေဖြင့် သတင်းအချက်အလက်ရရှိရန် လက်လှမ်းမမှီ ခြင်းများရှိကြောင်း ကိုစလိုင်းဒေးဗစ်က ပြောသည်။

“နားမကြားသူတွေအတွက်ဆိုရင် လက်သင်္ကေတနဲ့ စာတန်းထိုးပေးဖို့အတွက် အရမ်းကို အရေးကြီးပါတယ်။ သူတို့ အတွက်က စာတန်းထိုးပေးမယ်ဆိုရင် အတိုင်းတာတစ်ခုထိ အဆင်ပြေနိုင်မယ်။ လက်သင်္ကေတပါ ဖော်ပြပေးမယ်ဆိုရင် မွေးရာပါ နားမကြားသူတွေအတွက် ပိုပြီးတော့အဆင်ပြေစေမှာပေါ့ ” ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံတွင် နိုင်ငံ၏လူဦးရေ ၄ ဒသမ ၆ ရာခိုင်နှုန်းမှာ မသန်စွမ်းသူဖြစ်ကြသည်။ ၂၀၁၄ သန်းခေါင်စာရင်း အရ နားမကြားသူ ၆ သိန်း ၇ သောင်း ၃ ထောင်ကျော်ရှိကြောင်းလည်း သိရသည်။

ဗီဒီယိုများ