စစ်ဘေးရှောင်စခန်းများမှ မသန်စွမ်းသူများအတွက် ကူညီထောက်ပံ့မှုများ လိုအပ်နေ

ရခိုင်ပြည်အတွင်းရှိ စစ်ဘေးရှောင်စခန်းများတွင် နေထိုင်နေကြရသော မသန်စွမ်းသူများသည် စားဝတ်နေရေးအတွက် လုပ်ကိုင်စားသောက်ရန် အခက်အခဲများရှိနေပြီး အကူအညီအထောက်ပံ့များ လိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။ 

By Admin 23 Mar 2023

မြေမြုပ်မိုင်းနင်းမိမှုကြောင့် မသန်စွမ်းဖြစ်ခဲ့ရပြီး ပုဏ္ဏားကျွန်းမြို့နယ်က စစ်ရှောင်စခန်းတွင် နေထိုင်သူတစ်ဉီးအား တွေ့ရစဉ်။ 
မြေမြုပ်မိုင်းနင်းမိမှုကြောင့် မသန်စွမ်းဖြစ်ခဲ့ရပြီး ပုဏ္ဏားကျွန်းမြို့နယ်က စစ်ရှောင်စခန်းတွင် နေထိုင်သူတစ်ဉီးအား တွေ့ရစဉ်။ 

DMG ၊ မတ်လ ၂၃

ရခိုင်ပြည်အတွင်းရှိ စစ်ဘေးရှောင်စခန်းများတွင် နေထိုင်နေကြရသော မသန်စွမ်းသူများသည် စားဝတ်နေရေးအတွက် လုပ်ကိုင်စားသောက်ရန် အခက်အခဲများရှိနေပြီး အကူအညီအထောက်ပံ့များ လိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။ ငွေကြေးအခက်အခဲများကြောင့် ဆေးဝါးကုသခံယူမှုအပိုင်းတွင်လည်း လိုအပ်ချက်များရှိနေကြောင်း သိရသည်။

၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ ရခိုင်တွင် မသန်စွမ်းသူဦးရေ ၅ သိန်းကျော်ရှိပြီး ယင်းအထဲက မသန်စွမ်းသူ ၇၀ ရာခိုင်နှုန်းမှာ မိသားစု၏ ကူညီထောက်ပံ့မှုဖြင့် ရပ်တည်နေကြသူများဖြစ်ကြောင်း မသန်စွမ်းအရေး ဆောင်ရွက်နေသူများထံမှ သိရသည်။

“အခုက ခြေအကောင်း၊ လက်အကောင်းနဲ့ လုပ်နိုင်ကိုင်နိုင်တဲ့သူတွေမှာတောင် အလုပ်တစ်ခုရဖို့မလွယ် ဖြစ်နေတဲ့ကာလလေ။ ပြီးတော့ စစ်ဘေးရှောင်စခန်းမှာ နေထိုင်နေကြရသူတွေဖြစ်တဲ့အတွက် ပိုပြီးခက်ခဲကြတယ်။ လက်ရှိမှာက စားနပ်ရိက္ခာထောက်ပံ့မှုတွေ၊ ကျန်းမာရေးစောင့်ရှောက်မှုတွေလည်း မရပါဘူး။ ဒါကြောင့် အခု မသန်စွမ်းတွေအတွက် လိုအပ်နေတာဆိုရင်တော့ ဆေးကုသတာတွေအတွက် ငွေကြေးအကူအညီတွေ လိုအပ်နေပါတယ်။ နောက် စားနပ်ရိက္ခာ အကူအညီတွေလည်း လိုအပ်နေပါတယ်” ဟု ကမ်းထောင်းကြီး စစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးဝင်းလှအောင်က ပြောသည်။

ကမ်းထောင်းကြီးစစ်ဘေးရှောင်စခန်းအတွင်း  ခြေ၊ လက်မသန်စွမ်းသူ၊ အမြင်နှင့် အကြားအာရုံ မသန်စွမ်းသူဦးရေ ၃၅ ဦးရှိကြောင်း သိရသည်။ ယင်းအထဲတွင် မွေးရာပါ ခြေ၊ လက်မသန်စွမ်းခြင်း၊ အမြင်နှင့်အကြားအာရုံ ချို့တဲ့သူဦးရေ ၂၉ ဦး၊ ကျန်းမာရေးအခြေအနေအမျိုးမျိုးကြောင့် လတ်တလောတွင် မသန်စွမ်းဖြစ်ခဲ့ရသူ ၄ ဦးနှင့် စစ်ကျန်လက်နက် ပေါက်ကွဲမှုကြောင့် မသန်စွမ်းဖြစ်ခဲ့ရသူ ၂ ဦး ပါ၀င်ကြောင်း သိရသည်။ 

ပုဏ္ဏားကျွန်းမြို့နယ်မှ ကဏန်းတောင်စစ်ဘေးရှောင်စခန်းတွင်လည်း မြေမြုပ်မိုင်းနင်းမိမှုကြောင့် မသန်စွမ်းဖြစ်ခဲ့ရသူ ၁ ဦးနှင့် မွေးရာပါမသန်စွမ်းသူ ၅ ဦးရှိကြောင်း သိရသည်။ မြေမြုပ်မိုင်းနင်းမိမှုကြောင့် မသန်စွမ်းဖြစ်ခဲ့ရသည့် အမျိုးသားမှာ မိသားစုစားဝတ်နေရေးအတွက် တောတောင်အတွင်း ထင်းခုတ်၊ ဟင်းရှာသွားစဉ် မိုင်းနင်းမိခဲ့ခြင်းဖြစ်သည်။

မြေမြုပ်မိုင်းနင်းမိ၍ ဘယ်ခြေထောက်ဆုံးရှုံးခဲ့ရသည့် ဦးဘရွှေက “အိမ်ထောင်ဦးစီးတစ်ယောက်က အခုလို ထိခိုက်သွားတော့ မိသားစုစားဝတ်နေရေးအတွက် အကုန် အခက်အခဲဖြစ်တာပေါ့။ ကျနော်ကလည်း မိုင်းနင်းမိပြီး ဘယ်ခြေထောက်ပြတ်သွားတော့ အလုပ်မလုပ်နိုင်တော့ဘူးလေ။ ကျောင်းတက်အရွယ်ကလေးရှိပေမယ့် အဆင်မပြေတော့လို့ ကျောင်းနားလိုက်ရပါတယ်” ဟု ပြောသည်။

ရခိုင်ပြည်က ကျောက်တော်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်းနှင့် အမ်းမြို့များရှိ စစ်ဘေးရှောင်စခန်းများတွင် မွေးရာပါမသန်စွမ်းသူများနှင့် စစ်ကျန်လက်နက်ပေါက်ကွဲမှုကြောင့် မသန်စွမ်းဖြစ်ခဲ့ရသူများရှိနေပြီး စားနပ်ရိက္ခာနှင့် ငွေကြေးထောက်ပံ့မှု အကူအညီများရရှိရန် မျှော်လင့်နေကြသည်။ 

ပြီးခဲ့သည့်နှစ်များအတွင်း မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား ဖြစ်ပွားခဲ့သည့်တိုက်ပွဲများမှ ကျန်ခဲ့သော စစ်ကျန်လက်နက်များနှင့် မှိုင်းပေါက်ကွဲမှုများကြောင့် ရခိုင်တွင် မသန်စွမ်းသူဦးရေ ပိုမိုတိုးများလာနေကြောင်း သိရသည်။ 

“ရခိုင်မှာက အရင်ထဲက မွေးရာပါမသန်စွမ်းတွေ အများကြီးရှိတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ တိုက်ပွဲကာလအတွင်းနဲ့ တိုက်ပွဲအပြီး စစ်ကျန်လက်နက် ပေါက်ကွဲမှုတွေကြောင့် ခြေလက်အင်္ဂါဆုံးရှုံးခဲ့ရပြီး မသန်စွမ်းဖြစ်သွားခဲ့ရသူတွေလည်း ပိုတိုးလာနေပါတယ်။ ပြီးတော့ မသန်စွမ်းတွေမှာ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေရှိပေမယ့် မြန်မာနိုင်ငံအနေအထားအရ အခွင့်အရေးဆုံးရှုံးမှုတွေ ရှိနေသေးတယ်” ဟု မသန်စွမ်းအရေး ကူညီပေးနေသူတစ်ဦးက DMG ကို ပြောဆိုထားသည်။ 

မြန်မာနိုင်ငံအတွင်းရှိ မသန်စွမ်းသူများသည် ဥပဒေပါအခွင့်အရေးများ ဆုံးရှုံးနေကြရပြီး မသန်စွမ်းသူများအတွက် အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးမှုအပိုင်းမှာလည်း အားနည်းနေဆဲဖြစ်ကြောင်း လူမှုအဖွဲ့အစည်းများက ထောက်ပြပြောဆိုကြသည်။

၂၀၁၉ ခုနှစ်တွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ရခိုင်ပြည်တွင် မသန်စွမ်းသူ စုစုပေါင်း ၅၀၅,၅၀၃ ဦးရှိပြီး အမြင်အာရုံမသန်စွမ်းသူ ၂၀၇,၀၁၂ ဦးနှင့် အကြားအာရုံမသန်စွမ်းသူ ၁၁၀,၂၆၄ ဦး ရှိကြောင်း သိရသည်။

#I005

ဗီဒီယိုများ