ရခိုင်တွင် ဆန်ဈေး ဆက်လက်မြင့်တက်နေ

အာဏာသိမ်းပြီးနောက်တွင် ကုန်ဈေးနှုန်းများ တရိပ်ရိပ်မြင့်တက်လာရာ ရခိုင်ပြည်နယ်အတွင်းတွင်လည်း တခြားကုန်ပစ္စည်း၊ ဈေးနှုန်းများအပါအဝင် ဆန်ဈေးနှုန်းများလည်းမြင့်တက်လာနေသောကြောင့် ပြည်သူများ စားဝတ်နေရေးအခက်တွေ့နေကြသည်။

19 Mar 2022


DMG ၊ မတ် ၁၉

အာဏာသိမ်းပြီးနောက်တွင် ကုန်ဈေးနှုန်းများ တရိပ်ရိပ်မြင့်တက်လာရာ ရခိုင်ပြည်နယ်အတွင်းတွင်လည်း တခြားကုန်ပစ္စည်း၊ ဈေးနှုန်းများအပါအဝင် ဆန်ဈေးနှုန်းများလည်းမြင့်တက်လာနေသောကြောင့် ပြည်သူများ စားဝတ်နေရေးအခက်တွေ့နေကြသည်။

ပြီးခဲ့သည့်မတ်လ ၁ ရက်နေ့မှစတင်ကာ ပေါ်ဆန်းမွှေးဆန်တစ်အိတ်လျှင် ယခင်က လေးသောင်းကျပ်ခန့်ရှိခဲ့ရာမှ လက်ရှိတွင် ငွေကျပ်ငါးသောင်းခန့်အထိ ဈေးနှုန်းမြင့်တက်လာသည်ဟု စစ်တွေမြို့ "စံမီသစ်"ဆန်ပွဲရုံပိုင်ရှင် ကိုလှအောင်က DMG သို့ပြောသည်။

“ပွဲရုံဈေးကတော့ ပေါ်ဆန်မွှေးဆန်တစ်အိတ် ၅ သောင်းနီးပါးရှိတယ်။ လက်လီလက္ကားရောင်းတဲ့သူတွေကတော့ ၅ သောင်းကျော်လောက်ရောင်းတယ်။ ကျွန်တော်တို့က ပွဲရုံအလုပ်ဆိုတော့ နယ်ပေါင်းစုံကနေ လာပို့ကြတယ်။ အခုက ပေါ်ဆန်းမွှေးဆန်လို့ မဟုတ်ဘူး တခြားဆန်တွေလည်းဈေးတက်ပါတယ်”ဟု ၎င်းကဆိုသည်။

ထို့ပြင် ဒေသအခေါ် သီရိဒုံဟုခေါ်သည့် ဆန်အမျိုးအစားမှာလည်း ယခင်က ငွေကျပ်သုံးသောင်းခန့်ရှိခဲ့သော်လည်း လက်ရှိတွင် ငွေကျပ်သုံးသောင်းခြောက်ထောင်ကျော်အထိ ဈေးနှုန်းမြင့်တက်နေသည်ဟု ကိုလှအောင်ကပြောသည်။

ပြီးခဲ့သည့်နှစ်များက ယခုအချိန်မှာ ဆန်ဈေးတက်ခြင်းမရှိသော်လည်း ယခုနှစ်မှာ စပါးဝယ်ယူသူများလာသည့်အတွက် စပါးဈေးနှုန်းမြင့်တက်လာ၍ ဆန်ဈေးတက်ရခြင်းဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

စစ်တွေမြို့နာဇီရပ်ကွက်မှ ဒေါ်နုချေက “ဈေးကတော့ အကုန်လုံးနီးပါးတက်နေတာ။ အခုက ဆန်ဈေးပါတက်လာတော့ အခက်အခဲတွေရှိတာပေါ့။ အရင်ဆို ဆန်တစ်ခုဝယ်လိုက်ရင် ဟင်းတွေက ဖြစ်သလိုစားလို့ရတယ်။ အခုက ဆန်းဈေးပါတက်လာတော့ လက်လုပ်၊လက်စားသူတွေဆိုရင် အကုန်လုံးငတ်ပြီးတော့ သေနိုင်တယ်။ အခက်အခဲတွေရှိတာပေါ့။ ဖြစ်နိုင်ရင် ဆန်ဈေးကိုတော့ ပုံမှန်အတိုင်းဖြစ်စေချင်တာပေါ့”ဟု ဆိုသည်။

ထိုသို့ ဆန်ဈေးမြင့်တက်နေသောကြောင့် ထမင်းဆိုင်ရောင်းချရသူများမှာလည်းအခက်အခဲရှိနေပြီး အရင်းအနှီးပိုမိုစိုက်ရသောကြောင့် ငွေကြေးကုန်ကျမှုများလာကာ ထမင်းကိုလည်း ဈေးနှုန်းမြှင့်တင်ကာရောင်းချနေရသည်ဟု စစ်တွေမြို့မှ ထမင်းဆိုင်ပိုင်ရှင်တစ်ဦးဖြစ်သူ ဒေါ်အေးသန်းရွှေကပြောသည်။

“အရင်တလောက ပေါ်ဆန်းမွှေးဆန်တစ်အိတ်ကို လေးသောင်းပဲရှိသေးတယ်။ အခုက ၅ သောင်းကျော်တက်သွားပြီ။ ဆန်ဈေးတစ်ခုတည်းမဟုတ်ဘူး။ ဆီတွေ၊ မီးသွေတွေလည်း အကုန်လုံး ဈေးတက်တယ်။ ထမင်းဆိုင်ရောင်းဖို့တောင် မကောင်းတော့ဘူး”ဟု ၎င်းကပြောသည်။

လက်ရှိတွင် ဆန်ဈေးနှုန်းအပါအဝင် စားသုံးဆီ၊ ဓာတ်ဆီနှင့် တခြားလူသုံးကုန်ဈေးနှုန်းအမြောက်အများလည်း ဈေးနှုန်းမြင့်တက်နေသဖြင့် ပြည်သူများစားဝတ်နေရေး ပိုမိုခက်ခဲလာကြသည်။

ဗီဒီယိုများ