ရခိုင်ကို လစဉ် ဆန်အိတ်နှစ်သိန်း သက်သာဈေးနှုန်းဖြင့် ရောင်းချပေးမည်ဟု ဆန်စပါးအသင်းချုပ်ပြော

ပြည်သူများ စားသုံးနိုင်ရန်အတွက် ဆန်တစ်ပြည်ကို ငွေကျပ် ၂၅၀ ဖြင့် ရောင်းချပေးသွားမည်ဖြစ်ပြီး လက်ရှိတွင် ဆန်အိတ်နှစ်သိန်းကို ပထမဆုံးအနေဖြင့် ရခိုင်သို့ ပို့ဆောင်ထားပြီဖြစ်ကြောင်း ဆန်စပါးအသင်းချုပ် တာဝန်ရှိသူကပြောသည်။

By Admin 28 Aug 2023

ရခိုင်ကို လစဉ် ဆန်အိတ်နှစ်သိန်း သက်သာဈေးနှုန်းဖြင့် ရောင်းချပေးမည်ဟု ဆန်စပါးအသင်းချုပ်ပြော

DMG ၊ သြဂုတ် ၂၈

မုန်တိုင်းဒဏ်ကို ရင်ဆိုင်ခဲ့ရသော ရခိုင်ပြည်မြောက်ပိုင်းတွင် ဆန်ဈေးနှုန်း တည်ငြိမ်မှုရှိစေရန်အတွက် လစဉ် ဆန်အိတ်နှစ်သိန်းကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ပြောဆိုလိုက်သည်။

ပြည်သူများ စားသုံးနိုင်ရန်အတွက် ဆန်တစ်ပြည်ကို ငွေကျပ် ၂၅၀ ဖြင့် ရောင်းချပေးသွားမည်ဖြစ်ပြီး လက်ရှိတွင် ဆန်အိတ်နှစ်သိန်းကို ပထမဆုံးအနေဖြင့် ရခိုင်သို့ ပို့ဆောင်ထားပြီဖြစ်ကြောင်း ဆန်စပါးအသင်းချုပ် တာဝန်ရှိသူကပြောသည်။

“မိုးစပါး မပေါ်မီအထိ လစဉ် ဆန်အိတ်နှစ်သိန်းကို ရောင်းချပေးသွားမှာဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချူပ် ဥက္ကဌ ဦးရဲမင်းအောင်က ပြောသည်။

ရခိုင်တွင် ပေါ်ဆန်းမွှေးတစ်အိတ်လျှင် ငွေကျပ် တစ်သိန်းငါးထောင်၊ စားသုံးဆီ တစ်လီတာလျှင် ငွေကျပ် ခြောက်ထောင်နှင့် ကြက်သွန်နီ တစ်ပိဿာကို ငွေကျပ် လေးထောင်နီးပါးအထိ မြင့်တက်လျက်ရှိသည်။

ပြည်တွင်းဆန်ဈေးနှုန်း တည်ငြိမ်စေရေးအတွက် အရန်ဆန်များကို ရောင်းချပေးသော်လည်း ရခိုင်တွင် လိုအပ်ချက်များစွာ ရှိနေသဖြင့် ဆန်ဈေးနှုန်း လျော့ကျနိုင်မည်မဟုတ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက သုံးသပ်နေကြသည်။

ရခိုင်က ဝါရင့်စီးပွားရေးသမားတစ်ဦးက “ဆန်ရောင်းချပေးတာက အထောက်အပံ့ဖြစ်တယ် ဆိုပေမဲ့လည်း တစ်ပြည်နယ်လုံး အတွက်တော့ လုံလောက်တဲ့ပမာဏတော့ မဟုတ်သေးဘူးပေါ့။ ဒီလောက်နဲ့တော့ ဆန်ဈေးကျလိမ့်မယ်လို့ မထင်ဘူး” ဟု သုံးသပ်သည်။

မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် “မိုခါ” ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်တွင် နေအိမ်နှင့် အဆောက်အအုံ အများအပြား ပျက်စီးခဲ့ရပြီး ပြည်သူ ၁၁ သိန်းကျော် လေဘေးသင့်ခဲ့ကြရသည်။

လက်ရှိ မုန်တိုင်းတိုက်ခတ်မှု ၃ လကျော်အထိ ကြာမြင့်လာခဲ့ပြီဖြစ်သော်လည်း ဒေသခံများမှာ စားဝတ်နေရေး၊ ကျန်းမာရေးအပြင် ပြန်လည်ထူထောင်ရေးအတွက် စိန်ခေါ်မှုများစွာ ရှိနေသည်။

မုန်တိုင်းဒဏ်ကြားက ပြန်လည်နာလန်ထူရန် ကြိုးပမ်းနေချိန်တွင် စစ်ကောင်စီ၏ ကျပ်နှစ်သောင်းတန် ဂယက်ကြောင့် ကုန်ဈေးနှုန်း အဆမတန်မြင့်တက်လာ၍ ဒေသခံပြည်သူများမှာ နေ့စဉ် လူမှုဘဝ ရပ်တည်ရေးအတွက် ပိုခက်ခဲနေရသည်။

“ကုန်ဈေးနှုန်းက တစ်နေ့တခြား တက်တက်လာတယ်။ ဝင်ငွေကလည်း မရှိ။ အသားငါးမပြောနဲ့ ရိုးရိုး ငါးတစ်နပ်တောင် စားဖို့အနိုင်နိုင်ဖြစ်လာတယ်။ ကုန်ဈေးနှုန်းတွေက ပြန်ကျဖို့ မှန်းလို့မရတဲ့ အနေအထား။ ဘာတွေဆက်ဖြစ်လာဦးမှာလဲ မသိတော့ဘူး” ဟု စစ်တွေမြို့မှ ဒေါ်သိန်းရွှေက ပြောသည်။

ရခိုင်တွင် လယ်ဧက ၁၂ သိန်းကျော်ရှိသော်လည်း စိုက်ပျိုးစရိတ် မြင့်တက်မှု၊ သွင်းအင်းစုစရိတ် ကြီးမားမှု၊ သဘာဝဘေးအန္တရာယ်ကြောင့် စပါးပေါ်ချိန်တွင် အထွက်နှုန်းကျဆင်းကာ ဆန်လုံလောက်မှု မရှိ၍ ပြည်တွင်းလိုအပ်သော ဆန်ကို ပြည်မဘက်မှ နှစ်စဉ်တင်သွင်းနေရသည်။

#I004

ဗီဒီယိုများ