တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတသော လူ့ဘောင်သစ် ပေါ်ထွက်နိုင်ရန် ရက္ခိုင့်ရှေ့နေများကောင်စီကို ဖွဲ့စည်း

ရခိုင်ပြည်နယ်အတွင်း တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတသော လူ့ဘောင်သစ်ပေါ်ထွက်နိုင်ရန်အတွက် ရက္ခိုင့်ရှေ့နေများကောင်စီအား စက်တင်ဘာလ ၁၉ ရက်နေ့တွင် ဖွဲ့စည်းလိုက်ကြောင်း ယင်းကောင်စီမှ သိရသည်။

By အောင်ထိန် 22 Sep 2020

အောင်ထိန် | DMG
စက်တင်ဘာ ၂၂ ၊ စစ်တွေ

ရခိုင်ပြည်နယ်အတွင်း တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတသော လူ့ဘောင်သစ်ပေါ်ထွက်နိုင်ရန်အတွက် ရက္ခိုင့်ရှေ့နေများကောင်စီအား စက်တင်ဘာလ ၁၉ ရက်နေ့တွင် ဖွဲ့စည်းလိုက်ကြောင်း ယင်းကောင်စီမှ သိရသည်။

အဆိုပါကောင်စီကို ရှေ့နေ ၁၄ ဦးဖြင့် ဖွဲ့စည်းလိုက်ခြင်းဖြစ်ပြီး ရခိုင်ပြည်အတွင်း လူ့အခွင့်အရေးနှင့် ဥပဒေဆိုင်ရာ အခွင့်အရေးများတွင် ပြည်သူများအနေဖြင့် စိန်ခေါ်မှုများလာသည့်အတွက် ယခုကဲ့သို့ ဖွဲ့စည်းရခြင်းဖြစ်ကြောင်း ရက္ခိုင့်ရှေ့နေများကောင်စီ ဥက္ကဋ္ဌ ဦးငြိမ်းချမ်းက ပြောသည်။

“ဥပဒေပါ အခွင့်အရေးတွေကို ပြည်သူတွေက ဥပဒေနဲ့အညီ ရရှိဖို့အတွက် ကျွန်တော်တို့ ရှေ့နေတွေ ပူးပေါင်း ပါဝင်မှုလည်း အားကောင်းလာစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ဒီအဖွဲ့ကို ဖွဲ့စည်းရတာဖြစ်တယ်” ဟု ဦးငြိမ်းချမ်းက ဆိုသည်။

ရခိုင်ပြည်နယ်၌ တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတသည့် လုပ်ငန်းစဉ်များဖြစ်ပေါ်ရန်၊ ရခိုင်တစ်မျိုးသားလုံးနှင့် သက်ဆိုင်သည့် ကိစ္စရေးရာများတွင် စုပေါင်းလုပ်ဆောင်ရန်၊ မျိုးဆက်သစ်လူငယ်ရှေ့နေများ၏ စွမ်းရည်နှင့် အခန်းကဏ္ဍကို မြှင့်တင်ရန်နှင့် ရခိုင်ရှေ့နေများ၏ စည်းလုံးညီညွှတ်မှုကို ချစ်ကြည်ရင်းနှီးမှုဖြင့် ခိုင်မာစွာ တည်ဆောက်ရန် စသည့်အဓိကအချက် ၄ ချက်ပါဝင်သည်။

ရခိုင်ပြည်နယ်နှင့်ပတ်သက်သည့် ဥပဒေအခွင့်အရေးနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် Statement ထုတ်ပြန်ခြင်းနှင့် တခြားကိစ္စရပ်များကိုလည်း ဥပဒေအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကောင်စီဥက္ကဋ္ဌက ရှင်းပြသည်။

“ကျွန်တော်တို့ ရခိုင်ပြည်နယ်ရဲ့ တရားဥပဒေစိုးမိုးရေးက အလွန်နိမ့်ကျနေတာတွေရှိတယ်။ ဖမ်းဆီးခံရတာတွေ၊ နောက် ပျောက်ဆုံးသွားတာတွေရှိတယ်။ အဲဒါတွေနဲ့ပတ်သက်ရင် တရားဥပဒေဆိုင်ရာအားနည်းမှုနဲ့ လုံခြုံမှုဆိုင်ရာ အားနည်းမှုနှစ်ခုလုံးဟာ စိန်ခေါ်မှုတစ်ခုအနေနဲ့ ရှိနေတယ်” ဟု ၎င်းကဆိုသည်။

ရက္ခိုင့်ရှေ့နေများကောင်စီဖွဲ့စည်းခြင်းနှင့်ပတ်သက်၍ စစ်တွေမြို့နယ်မှ တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွှန့်မောင်က “လူငယ်ပိုင်း ရှေ့နေတွေက အခုလိုဖွဲ့စည်းတာကောင်းပါတယ်။ အခုလို လူငယ် ရှေ့နေတွေဦးဆောင်မယ့် အခန်းကဏ္ဍတွေမှာပါဝင်ပြီး စွမ်းစွမ်းတမံဆောင်ရွက်ပြီး အများအကျိုးအတွက် ဆောင်ရွက်မယ်ဆိုတော့ ကောင်းတာပေါ့” ဟု သုံးသပ်သည်။

ရက္ခိုင့်ရှေ့နေများကောင်စီအနေဖြင့် ရခိုင်ပြည်အတွင်း လူ့အခွင့်အရေးချိုးဖောက်ရေးနှင့် တရားမျှတမှုဆိုင်ရာ ကိစ္စရပ်များကို ဆောင်ရွက်သွားမည်ဖြစ်ပြီး အခြားအရပ်ဘက်အဖွဲ့အစည်း၊ နိုင်ငံတကာအဖွဲ့အစည်း၊ နိုင်ငံရေး ပါတီများ၊ ရခိုင်ပြည်နယ်လွှတ်တော် စသည်တို့နှင့်လည်း ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယင်းအဖွဲ့၏ လုပ်ငန်းစဉ်များတွင်ပါရှိသည်။

“ကျွန်တော်တို့ အရပ်သားတွေကတော့ မတရားတာတွေ၊ မဟုတ်တာလုပ်တာတွေကို အရပ်သားအနေနဲ့ပဲ ပြောနေကြတယ်။ သို့သော် ဥပဒေရှုထောင့်က ပြောရမယ့်ကိစ္စတွေ ရှိလာနိုင်တယ်။ အခုလိုရှေ့နေတွေကစုပြီး ဥပဒေ ကြောင်းအရ ဆောင်ရွက်နိုင်ရေး စုစည်းပေးတာကတော့ ရဲရင့်တဲ့လုပ်ရပ်တစ်ခုလို့ မြင်တယ်” ဟု ရခိုင် တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC) အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက ပြောသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေသည့်ကာလအတွင်း အေအေနှင့် ပတ်သက်ဆက်နွယ်သည်ဟုဆိုကာ သံသယဖြင့်ဖမ်းဆီးခံထားရသူ အများအပြားရှိနေသည့်အပြင် အရပ်သား ထိခိုက်သေဆုံးမှုမှာလည်း တိုးလာနေသည်။

ဗီဒီယိုများ